သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုလိုနီခေတ် အဆောက်အအုံတွေ မွမ်းမံမည်


လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီး ဌာနရုံး တည်ရှိရာ အဆောင်အအုံပုံ၊ ၂၀၀၈ ခုနှစ်။
လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီး ဌာနရုံး တည်ရှိရာ အဆောင်အအုံပုံ၊ ၂၀၀၈ ခုနှစ်။

ရန်ကုန်မြို့မှာ ကိုလိုနီခေတ် ကတည်းက တည်ရှိခဲ့တဲ့ အဆောက်အဦး တစ်ချို့ကို ပြုပြင်မွမ်းမံ ပြီးတော့ ဆက်လက် ထိန်းသိမ်းသွားတော့ စီစဉ်နေပါတယ်။ ၁၉ ရာစု နှစ် အတွင်း ဗြိတိသျှ ကိုလိုနီ ဘဝ ကျရောက် ခဲ့တဲ့ မြန်မာ နိုင်ငံမှာ ထိုစဉ်တုန်းက ဆောက်လုပ်ခဲ့တဲ့ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး အဆောက်အဦး တွေ သာမက လူနေအိမ်တွေ ပါ အမြောက်အမြား ကျန်ရှိနေပေမဲ့လည်း ဒါတွေကို တခုတ်တရ ပြုပြင်မွမ်းမံတာကတော့ မရှိခဲ့ဖူးပါဘူး။

မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်း ရန်ကုန်မြို့မှာ ၁၈၈၀ ခုနှစ် ဝန်းကျင် ကတည်း က တည်ဆောက် ခဲ့တဲ့ ကိုလိုနီ ခေတ် ရှေးဟောင်း အဆောက်အဦးဟောင်း ၂၀၀ နီးပါးလောက်ရှိ ပါတယ်။ အခုအခါမှာ ဒီ အဆောက်အဦး တွေကို ပြန်ပြီးပြုပြင် မွမ်းမံတော့မယ်လို့ သိရပါတယ်။ အဲဒီ ရှေးဟောင်း အဆောက်အဦး ၂၀၀ ထဲက တချို့ဟာ လက်တလော အခြေအနေမှာ ပြန်ပြီးပြုပြင်ဖို့ လိုအပ်နေချိန်မှာပဲ၊ အဆောက်အဦး တော်တော် များများ ကိုတော့ အစိုးရရုံးတွေ၊ နိုင်ငံခြား သံရုံးတွေ၊ ကျောင်းတွေ နဲ့ ဘုရားကျောင်းတွေအဖြစ် အသုံးပြု နေကြဆဲဖြစ်ပါတယ်။

အာရှ နဲ့ ဥရောပ နိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေကို ကိုလိုနီခေတ် အဆောက်အဦး ဟောင်းတွေ ဝယ်ယူ၊ ပြုပြင်ရေးမှာ ဝန်ဆောင်မှုပေးနေတဲ့ Barton Hill ကုမ္ပဏီရဲ့ ကိုယ် စားလှယ် Jon Park ကတော့ အခုလို ပြောပါတယ်။

“ကျနော့်စိတ်ကူးအရတော့ ဒီအဆောက်အဦးတွေက ဟိုတယ်အရောင်းဆိုင်ခန်းတွေ၊ သီးသန့် နားနေခန်း တွေ၊ ဒါမှမဟုတ်၊ အဆင့်မြင့် လူနေအိမ်ခန်းတွေ လုပ်ဖို့ သင့်လျော်မယ်လို့ ထင်တယ်။ အများကြီးသုံး လို့ ရပါသေးတယ်။”

ဒီ ကိုလိုနီခေတ်အဆောက်အဦးတချို့ဟာ ဖျက်စီး ပစ်ခံရမယ့် အခြေအနေတွေ နဲ့ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် အများက ဝိုင်းပြီး ကန့်ကွက်ကြတဲ့အတွက် ဖြိုချပစ်တဲ့အဆင့် အထိ မရောက်ခဲ့ဘူးလို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တခုဖြစ်တဲ့ Yangon Heritage Trust က ပြောပါတယ်။

ဒီကိုလိုနီခေတ် အဆောက်အဦးတွေကို ဆက်ပြီးထိန်းသိမ်းထားဖို့ ရန်ကုန်မြို့တော်က သက်ဆိုင်ရာ လူကြီးတွေ နဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ Yangon Heritage Trust အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးဆန်နီညွန့်သိန်း က ပြောပါတယ်။

“အင်္ဂလန်က ဗိသုကာ ပညာရှင်တယောက်ကို ဖိတ်ပြီး ကျနော်တို့ ဒီအဆောက်အဦးတွေကို တိုင်းတာ တာတွေ လုပ်ခဲ့ပါတယ်။ သူ ဒီမှာ နှစ်ပတ်နေပြီးတော့ အဆောက် အဦး တွေကို လျှောက်ကြည့်ခဲ့ ပါသေးတယ်။ လတ်တလောအထိ ရှေးဟောင်း အဆောက်အဦး ၁၈၇ လုံးကို ပြုပြင်နေပါတယ်။ အဲဒီအထဲမှာ ဗလီကျောင်းတွေ၊ တရုတ်ဘုံ ကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ လူနေအိမ်တွေ နဲ့ အစိုးရ အဆောက်အဦးတွေ ပါပါတယ်။”

ဒီအဆောက်အဦး တွေပြုပြင်ဖို့ ဘဏ္ဍာငွေ ရှာဖွေရေးကိစ္စကို သမ္မတ ဦးသိန်းစိန်က သဘောတူပြီး သားဖြစ်တယ်လို့ ဦးညွှန့်သိန်းက ပြောပါတယ်။

“အဆောက်အဦးအများစု ပြုပြင်ဖို့ကတော့ အဆင်ပြေပါတယ်။ ဖျက်စီးပစ်စရာမလိုပါဘူး”

အခုအခါမှာတော့ အမေရိကန်နိုင်ငံ နဲ့ တခြား ဥရောပနိုင်ငံ တွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှု တချို့ ရုပ်သိမ်းပေးဖို့ စဉ်းစားလာ တာတွေ နဲ့အတူ မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံလိုသူ တွေကလည်း အခုလို သမိုင်းဝင် ရှေးဟောင်း အဆောက်အဦး တွေ ပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ မျက်စိကျ နေကြတာပါ။ လတ်တလော အခြေအနေမှာ တော့ ဖျက်စီးပစ်ရမယ့် အဆောက်အဦး နဲ့ ပြန်ပြီး မွမ်းမံရမယ့် အဆောက်အဦး အရေအတွက်ကို အတိအကျ မသိရသေးပေမယ့် ဒီအဆောက်အဦး တော်တော်များများ ပြန်ပြီး မွမ်းမံဖို့ဆိုရင်တော့ အမေရိကန် ဒေါ်လာ ဘီလီယံ နဲ့ ချီပြီး ကုန်ကျမှာဖြစ်ကြောင်း သိရပါတယ်။

XS
SM
MD
LG