သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအကြမ်းဖက်မှု အထောက်အထား ကော်မရှင်မတွေ့


မောင်တောမြို့နယ် ဒူးချီးရားတန်းရွာ အကြမ်းဖက်မှု ကော်မရှင်သွားရောက်စစ်ဆေးစဉ် (ဓာတ်ပုံ - MOI Webportal Myanmar)
မောင်တောမြို့နယ် ဒူးချီးရားတန်းရွာ အကြမ်းဖက်မှု ကော်မရှင်သွားရောက်စစ်ဆေးစဉ် (ဓာတ်ပုံ - MOI Webportal Myanmar)
ရခိုင်ပြည်နယ် မောင်တောမြို့ထဲက ကျေးရွာတခုမှာ မူဆလင် ရိုဟင်ဂျာ အများအပြား အသတ်ခံခဲ့ရတယ်ဆိုတာကို ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်က မဟုတ်မှန်ကြောင်း ငြင်းလိုက်ပါတယ်။ အခင်းဖြစ်ရပ်အတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး အသတ်ခံခဲ့ရတဲ့ အထောက်အထားတွေကိုပဲ တွေ့ရတယ်လို့ ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီး ဌာနရုံးမှာ အင်္ဂါနေ့ကလုပ်ခဲ့တဲ့ ရှင်းလင်းပွဲအတွင်း အဲဒီလို ပြောခဲ့ကြတာပါ။ ရိုက်တာသတင်းဌာနရဲ့ ရုပ်သံသတင်းကို ကိုကျော်ကျော်သိန်း က တင်ပြထားပါတယ်။

ပဋိပက္ခတွေရှိခဲ့တဲ့ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ထဲက ကန့်သတ်ဒေသတခုမှာ ဒီလလယ်ပိုင်းလောက်က ရိုဟင်ဂျာတွေနဲ့ ရခိုင်လူမျိုး အယောက် ၄၀ ထက်မနည်းဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောထားကြတာပါ။

အဲဒီလို သတ်ဖြတ်ခံရတာတွေ မရှိခဲ့ဘူးလို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တောက်လျှောက် အခိုင်အမာ ငြင်းလာခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတခုလုပ်ဖို့ နိုင်ငံတကာက ဖိအားပေးတာကို မြန်မာအစိုးရ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

မြန်မာအစိုးရက ဖွဲ့စည်းပေးထားတဲ့ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်ကတော့ အသတ်ခံခဲ့ရတဲ့ တဦးတည်းသောသူဟာ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းဖြစ်တယ်လို့ ရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

“ကျနော်တို့မှာရှိတဲ့ တခုတည်းသော ထင်ရှားတဲ့ အထောက်အထားကတော့ ရဲတပ်ကြပ်ကြီးတဦး အသတ်ခံခဲ့ရတယ်ဆိုတာပါပဲ။ အဲဒါဟာ ကျနော်တို့ရထားတဲ့ တခုတည်းသော ထင်ရှားတဲ့ အထောက်အထား ဖြစ်ပါတယ်။”

အထောက်အထား အစအနတွေကို နေရာသုံးခုမှာ ရှာတွေ့ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုကလည်း ရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

“ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းရဲ့ သွေးစွန်းနေတဲ့ ယူနီဖောင်း အပိုင်းအစများ၊ ချပ်ဝတ်တန်ဆာ အပိုင်းအစများ၊ တောစီးဖိနပ်နဲ့ M-22 ကျည်အိမ် အလွတ်တခုကို ဒုချီးရားတန်းကျေးရွာ ပတ်ဝန်းကျင်တဝိုက်၊ အာရဗီကျောင်း၊ အစ္စမိုင်ဗလီအနီးမှာ သိမ်းဆည်း ရရှိခဲ့ပါတယ်။”

ရခိုင်ပြည်နယ်တွင်း နေရာအတော်များများဆီ သတင်းထောက်တွေကို သွားခွင့်မပြုဘဲ နိုင်ငံတကာ အကူအညီပေးအဖွဲ့တွေ ဝင်ထွက်သွားလာတာကိုလည်း အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာကြောင့် မောင်တောမြို့နဲ့ တခြားနေရာတွေမှာ ဖြစ်ပျက်တာတွေကို သီးခြား လွတ်လပ်စွာ အတည်ပြုဖို့က ခက်ခဲပါတယ်။

လေးစားသမှုရှိဖို့နဲ့ စိတ်ရှည်သည်းခံမှုတို့ရဲ့ အရေးကြီးပုံကို လူသိရှင်ကြား ပြောဆိုကြဖို့နဲ့ ဘာဖြစ်ခဲ့တယ်ဆိုတဲ့အပေါ် ခန့်မှန်း ပြောဆိုတာမျိုးတွေကို ရှောင်ရှားကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မြန်မာအကြီးတန်း တာဝန်ရှိသူတွေကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

မောင်တောဖြစ်ရပ်အပေါ် ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတခု လုပ်ဖို့ကိုလည်း အမေရိကန်သံရုံးက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG