သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းခေါင်စာရင်းကောက်ယူမှု ခက်ခဲဒေသတချို့ ရက်ထပ်တိုး


ရန်ကုန်တိုင်း ဒလမြို့တွင်း သန်းခေါင်စာရင်းကောက်ယူ။
ရန်ကုန်တိုင်း ဒလမြို့တွင်း သန်းခေါင်စာရင်းကောက်ယူ။
မြန်မာနိုင်ငံမှာ လူဦးရေ သန်းခေါင်စာရင်းကောက်ခံမှု လုပ်ငန်းစဉ် မှာ မြန်မာ့သမိုင်းတလျှောက် တခါမှ လူစာရင်း မကောက်ခံခဲ့ရတဲ့နေရာတွေ မှာပါ ကောက်ခံရရှိခဲ့ပြီး ဒါဟာ ထင်ရှားတဲ့ အောင်မြင်မှုဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီးက သတင်းထောက်တွေ ကို ပြောပါတယ်။ ရိုဟင်ဂျာကိစ္စ မှာတော့ နိုင်ငံတကာ စံနှုန်းစံထား ထက် ပြည်တွင်း လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထည့်သွင်း စဉ်းစားခဲ့ရတယ်လို့ဆိုပါတယ်။ ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားတာပါ။

မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့အထိ လုပ်ခဲ့တဲ့ လူဦးရေ သန်းခေါင်စာရင်းကောက်ခံမှု လုပ်ငန်းစဉ်မှာ ကချင်နဲ့ ရခိုင်ပြည်နယ် တွင်း ဒေသတွေကလွဲလို့ ကျန်ဒေသ အားလုံးမှာ ချောချောမွေ့မွေ့ရှိခဲ့ပြီး၊ မြန်မာ့ သမိုင်းတလျှောက်မှာတော့ အခုလောက် ပြည်ပြည့်စုံစုံ လူဦးရေ စာရင်းကောက်ခံမှု မလုပ်နိုင်ခဲ့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရန်ကုန်တိုင်းလွှတ်တော်မှာ သတင်းထောက်အချို့ကို ပြောဆိုခဲ့တာပါ။

သန်းခေါင်းစာရင်းကောက်ခံမှုလုပ်ငန်းမှာ အဆင့်လေးဆင့်သတ်မှတ်ထားပြီး ကြိုတင်ပြင်ဆင်တဲ့အပိုင်းကို သုံးနှစ်နီးပါး အချိန်ယူခဲ့တယ်လို့ဆိုပါတယ်။ ဒုတိယအဆင့် မြေပြင်ကောက်ခံမှုကိုတော့ မနေ့က ပြီးဆုံးသွားပါပြီ၊ ဒီကနေ့ တတိယအဆင့် အချက်အလက်တွေ စီစစ်မှုနဲ့ နောက်ဆုံးအဆင့် တရားဝင် ထုတ်ပြန်မှုတွေ လုပ်သွားမှာဖြစ်ပါတယ်။ မြေပြင်ကောက်ခံမှုမှာ မနေ့က ပြီးပြတ်တယ်ဆိုပေမယ့် အချို့ဒေသတွေအတွက် နောက်ထပ် အချိန် သီတင်း ၈ ပတ်လောက် တိုးမြင့်ထားတယ်လို့ ဦးခင်ရီက ပြောပါတယ်။

"ဒါဟာ ပထမ အဆင့်ပြီးစီးတာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လုပ်ငန်းဟာ ဒီ ကောက်ခံနေဆဲ ဟာတွေရှိတယ်။ အချို့ပြန်လည်ပြီး ဆန်းစစ်ပေးရမယ့် ဟာတွေရှိတယ်။ အဲဒါတွေက ဒီကာလကနေစပြီး နောက်ထပ် ရက်သတ္တပါတ် ၆ ပါတ် ၈ပါတ်ပေါ့ မေလကုန်အထိ အကျုံးဝင်တာဖြစ်တဲ့အတွက်ကြောင့် အချို့ ကရင်ပြည်နယ် အချို့ နေရာလေးတွေ ကချင်ပြည်နယ် အချို့ နေရာလေးတွေမှာ ကောက်ခံနေဆဲဖြစ်ပါတယ်"

ရခိုင်ပြည်နယ်မှာ လူမျိုးနေရာမှာ ရိုဟင်ဂျာ ဆိုပြီး အမည်စာရင်းသွင်းမယ်ဆိုရင် သန်းခေါင်းစာရင်းကောက်ခံမှု မလုပ်ဖို့ အစိုးရ ညွှန်ကြားချက်ကြောင့် နိုင်ငံတကာ မှာ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဦးခင်ရီကတော့ ဒါဟာ ပြည်တွင်းလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထည့်တွက်ပြီး အခုလို ဆုံးဖြတ်ဆောင်ရွက်ရ တာဖြစ်ပြီး၊ နိုင်ငံတကာစံနှုန်းကို ဖောက်ဖျက်ခြင်းမရှိဘူးဆိုပြီး ငြင်းခဲ့ပါတယ်။

"အဲဒီ ရိုဟင်ဂျာ ဆိုတဲ့ ပြ ဿ နာကြောင့် တိုင်းပြည်မှာ လူပေါင်း ၁၉၂ ယောက်သေခဲ့ရတယ်။ အကုန်လုံး ဒဏ်ရာပေါင်းများစွာရခဲ့တယ်။ အိမ်ပေါင်း ၈ထောင်ကျော်လောက် မီးလောင်ပျက်စီးခဲ့တယ်။ လူပေါင်း ၁သိန်းကျော်လောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ရတယ်။ ဟုတ်လား။ အဲ့တော့ ဒီဟာ နိုင်ငံတကာစံနှုန်းအရ ဒီဥစ္စာကို ပြောတဲ့ဥစ္စာဟာကို ရေးရမယ်။ အဲဒါကို ရေးလိုက်ရင် အမျိုးသား အကျိုးစီးပွါးဘာဖြစ်သွားမလဲ။ လူတွေထပ်ပြီး သေကြေကုန်မယ်။ မီးတွေ ထပ်ပြီးတော့ လောင်ကုန်မယ်။ အဲဒီအခါမှာ ဘယ်ဟာကို ရွေးရမလဲ။

တစ်ဖတ်ကလည်း နိုင်ငံတကာ စံချိန်စံညွန်းဆိုတဲ့ အပိုင်းနဲ့ တစ်ဖက်ကလည်း တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွါးကို ရွေးရတဲ့အပိုင်းလေးတွေရှိတယ်။ အဲဒီတော့ ကျနော်တို့က နိုင်ငံတကာ စံချိန်စံညွန်းကို ချိုးဖောက်ခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံတကာ စံချိန်စံညွန်း ကို တိုင်းပြည်ရဲ့ ဆုံးရှုံးသွားတော့မယ့် အသက်အိုးအိမ် နှစ်ဖက်လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်လို့ ပျက်စီးဖြစ်သွား ရတော့မယ့် ကိစ္စတွေ အချုပ်အခြာအာဏာ လွတ်ကင်းသွားရတော့မယ့် ကိစ္စတွေ ဒီအချိန်အတွင်းမှာ နှိုင်းယှဉ်ပြီးတော့ မျှတစွာဆောင်ရွက်နေရတာဖြစ်ပါတယ်။"

အခု လူဦးရေစာရင်းကောက်ယူမှု အချိန်တိုးထားတဲ့ သီတင်း၈ပတ်အတွင်းမှာ အခုလိုအတိုင်းပဲ ရိုဟင်ဂျာလို့ စာရင်းပေးနေဦးမယ်ဆိုရင်တော့၊ ချန်/ကျန် ဆိုတဲ့ စာရင်းထဲမှာ ထည့်သွင်းမှာဖြစ်တယ်လို့ ဦးခင်ရီက ပြောပါတယ်။ အခု သန်းခေါင်စာရင်းကောက်ခံမှုဟာလည်း အခြားနိုင်ငံကြီးတွေနဲ့ ယှဉ်ရင်တောင်မှ အောင်မြင်မှုရခဲ့တယ်လို့ ပြောပါတယ်။

"၂၀၀၇မှာ အင်္ဂလန်မှာကောက်သွားတာ ၈၇ ရာခိုင်နှုန်းပဲရတယ်။ အမေရိကားမှာ ၉၇ ရာခိုင်နှုန်းပဲ ရတယ်။ ၁၀၀ ရာခိုင်နှုန်းရတာ ဘယ်နိုင်ငံမှ မရှိဘူး။ ဒါကြောင့်ကျနော်တို့က စာရင်းဇယား မရသေးဘူးလို့ ပြောတာလေ။ ကျနော်တို့ ဘယ်နှစ်ရာခိုင်နှုန်းပဲရတယ်ဆိုတာ သူတို့ထက်တောင် များနေတဲ့ သဘောရှိပါတယ်။ အဲဒီကျရင် အားရပါးရ ပျော်ပျော်ပါးပါး ခင်ဗျားတို့ကို ကျနော် ကြေညာပေးပါ့မယ်။ ခင်ဗျားတို့လည်း ဝမ်းသာကြမှာ နိုင်ငံသူ နိုင်ငံသားတွေ။ တစ်ချို့ နိုင်ငံတွေကပြောနေတာ ကျနော်တို့ပဲ မရတော့သလို မအောင်မြင်တော့သလို။ အဲလို အင်္ဂလန်လို နိုင်ငံမျိုးကြီးတောင်မှာ ဒီမိုကရေစီနိုင်ငံမှာတောင် ၂၀၁၀ ထင်တယ်နော်။ အဲဒီမှာ ၈၇ ရာခိုင်နှုန်းပဲရတယ်"

ကချင်ပြည်နယ်တွင်းမှာတော့ KIO ကချင်လက်နက်ကိုင်အဖွဲ့အစည်းက အချို့ဒေသတွေမှာ သန်ခေါင်းစာရင်းကောက်ခံဖို့ လက်မခံတာကြောင့်၊ အခက်အခဲကြုံနေတာပါ။ ဒါကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းနေသလို တဖက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း ထိခိုက်မှာ စိုးရိမ်ရတယ်လို့ ဦးခင်ရီက ပြောပါတယ်။

ကောက်ခံထားတဲ့စာရင်းတွေကို တရားဝင် ထုတ်ပြန်ရမယ့် အပိုင်းမှာတော့ နှစ်အတန်ကြာ အချိန်ယူရနိုင်တယ်လို့ ဆိုပါတယ်။ အခု သန်းခေါင်စာရင်းကောက်ခံမှုကို နိုင်ငံခြားက လေ့လာသူ ကိုယ်စားလှယ် ၂၀ ကျော်လာရောက်လေ့လာခဲ့ပါတယ်။ ဒီလေ့လာရေးအဖွဲ့တွေဟာ ဒီကနေ့မှာပဲ UNFPA ကုလသမဂ္ဂလူဦးရေ ရံပုံငွေအဖွဲ့ ရန်ကုန်ရုံး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။
XS
SM
MD
LG