သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားသူကြီး Ginsburg ကွယ်လွန်တဲ့အပေါ် ကန်ထိပ်တန်းပုဂ္ဂိုလ်များ ဝမ်းနည်းစကားဆို


ကွယ်လွန်သူ အမေရိကန် တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg ဓာတ်ပုံရှေ့မှာ ပန်းများချနေသူတဦး။ (စက်တင်ဘာ ၁၈၊ ၂၀၂၀)
ကွယ်လွန်သူ အမေရိကန် တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg ဓာတ်ပုံရှေ့မှာ ပန်းများချနေသူတဦး။ (စက်တင်ဘာ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန် တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg သောကြာနေ့က ကွယ်လွန်သွားတဲ့အပေါ်မှာ သမ္မတ Trump အပါအဝင် အမေရိကန် ထိပ်တန်းတာဝန်ရှိသူတွေက ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ Trump ကတော့ သူ့အနေနဲ့ တရားသူကြီး Ginsburg ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကို ကြားရတဲ့အတွက် ဝမ်းနည်းမိကြောင်း၊ အမေရိကန်ပြည်ထောင်စုဟာ ဒီနေ့မှာ ဥပဒေလောကရဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်းကြေကွဲရတယ်လို့ ပြောလိုက်ပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden ကတော့ Ginsburg ဟာ လူတိုင်းအတွက် နိုင်ငံသားအခွင့်အရေးတွေကို တိုက်ပွဲဝင်တဲ့နေရာမှာ ရဲရဲရင့်ရင့် မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ သဘောထားအမြင်တွေ၊ မတူကွဲလွဲတဲ့ ဆန့်ကျင်ဘက် သဘောထားအမြင်တွေက မျိုးဆက်တခုရဲ့ ဥပဒေအခြေခံတွေကို ဆက်ပြီးတော့ ပုံဖော်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အမေရိကန်တရားရုံးချုပ် တရားသူကြီးချုပ် John Roberts ကတော့ “ကျနော်တို့နိုင်ငံဟာ သမိုင်းမှတ်တမ်းဝင် အဆင့်အတန်းရှိတဲ့ တရားသူကြီးတဦးကို ဆုံးရှုံးလိုက်ရသလို ကျနော်တို့ တရားရုံးချုပ်မှာလည်း ချစ်ခင်စရာကောင်းတဲ့ လုပ်ဖော်ကိုင်ဘက်တဦးကို ဆုံးရှုံးလိုက်ရတာဖြစ်ကြောင်း၊ ဒီနေ့မှာ ကျနော်တို့ သူ့ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်းပူဆွေးနေကြပေမယ့် အနာဂတ်မျိုးဆက်တွေအနေနဲ့ Ms. Ginsburg ဟာ တရားမျှတမှုအတွက် မဆုတ်မနစ် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ ရပ်တည်ကာကွယ်ခဲ့သူအဖြစ် ကျနော်တို့မြင်သလိုပဲ ရှုမြင်ကြလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း” ပြောပါတယ်။

အမေရိကန် အထက်လွှတ်တော်ဥက္ကဋ္ဌ Mitch McConnell ကတော့ Ginsburg ဟာ ဥပဒေပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုပြီး တရားရုံးချုပ် တရားသူကြီးအဖြစ် ၂၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ သူ့ရဲ့ဘဝကို မြှုပ်နှံခဲ့သူဖြစ်တယ်လို့ ပြောပါတယ်။

တရားသူကြီး Ginsburg အခုလို ကွယ်လွန်သွားတဲ့အတွက် သမ္မတ Trump အနေနဲ့ ရွေးကောက်ပွဲမတိုင်မီ နောက်ထပ် တရားသူကြီးတယောက်ကို အဆိုပြုလာနိုင်ဖွယ်ရှိပြီး ဒီအပေါ်မှာ ဒီမိုကရက် လွှတ်တော်အမတ်တွေဘက်က ကန့်ကွက်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)








XS
SM
MD
LG