မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်တွေကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သွားရောက်စစ်ဆေးပြီးတဲ့နောက် အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPPB တို့က ပြောဆိုလိုက်ပါတယ်။ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေ၊ အကျဉ်းထောင်နဲ့ အကျဉ်းသားဦးရေ မမျှမတဖြစ်နေတာနဲ့ အကျဉ်းသားဦးရေ များပြားနေတာတွေကို လျှော့ချနိုင်မယ့် အစီအစဉ်တွေ အပါအဝင် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြံပြုချက်တွေကို အစိုးရ ဝန်ကြီးဌာနတာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကေ်ာမရှင်တာဝန်ရှိသူတွေနဲ့ အကျဉ်းသားအရေး လှုပ်ရှား ဆောင်ရွက်နေသူတွေ ပူးပေါင်းပြီး ဆွေးနွေးခဲ့ကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။
မြန်မာနိုင်ငံတဝှမ်းမှာ ရှိတဲ့ အကျဉ်းထောင်တွေအသီးသီးမှာ အကျဉ်းသားဦးရေက တနေ့ထက်တနေ့ ပိုတိုးလာနေပြီး အခုဆိုရင် အကျဉ်းသားဦးရေကိုးသောင်းကျော်လို့ တစ်သိန်းနားအထိ ရှိလာနေတဲ့အတွက် အကျဉ်းထောင် အကျဉ်းစခန်းအရေအတွက်နဲ့ လက်ရှိအကျဉ်းသားဦးရေ မမျှမတဖြစ်လာနေတဲ့ အနေအထားဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPPBကပြောပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တာဝန်ရှိသူတွေနဲ့ အကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPPB အဖွဲ့တို့ ပူးပေါင်းပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ အားကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနဲ့ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံကြပြီး မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်တွေမှာ အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲနိုင်ရေး ဆွေးနွေးခဲ့ကြတဲ့အကြောင်း ဆွေးနွေးပွဲကိုဦးဆောင်သူတဦးဖြစ်တဲ့ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
"ကျနော်တို့က မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ပေါ့ဗျာ။ ဒီအမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီးတော့ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတော့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အကျဉ်းထောင်စနစ်တခုလုံးနဲ့ပတ်သက်ပြီးတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလလည်း ဖြစ်နေတဲ့အခါကျတော့ ဒီနေ့ကာလမှာ မဖြစ်မနေ ပြုပြင်ပြောင်းလဲဖို့ လိုနေတယ်ဆိုတဲ့ကိစ္စအပေါ်မှာ ကျနော်တို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒါကလည်း လွှတ်တော်တွေဘက်က အစိုးရတွေဘက်ကလည်း ဒီနေ့ကာလမှာ အကျဉ်းထောင်ဥပဒေနဲ့ပတ်သက်ပြီးတော့ ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ကာလလည်းဖြစ်နေတဲ့အခါကျတော့ ကျနော်တို့က အကျဉ်းထောင်ဥပဒေအပါအဝင်ပေါ့လေ အကျဉ်းထောင်စနစ်ကြီးတခုလုံး ပြုပြင်ပြောင်းလဲဖို့အတွက် ဘာတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်သလဲဆိုတဲ့အချက်တွေပေါ့။ အဓိကကတော့ ကျနော်တို့က အကျဉ်းထောင်ထဲမှာ ရှိနေတဲ့သူတွေ အကျဉ်းသားတွေကို အကျင့်စာရိတ္တပြုပြင်မြှင့်တင်ရေးဆိုတဲ့ကိစ္စ အကျဉ်းသားတွေရဲ့ အခွင့်အရေးပေါ့ တကယ့်မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ တကယ့်လက်တွေ့အခက်အခဲဖြစ်နေတဲ့ အကျဉ်းထောင်ရဲ့ ထားနိုင်တဲ့ ဝင်ဆံ့မှုအတွက် နှစ်ဆ လောက်များပြားနေတဲ့ကိစ္စတွေ ဘယ်လိုလျှော့ရမလဲဆိုတဲ့ကိစ္စတွေကို ဝိုင်းဝန်းပြီးတော့ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။"
မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲဖို့ အရေးတကြီးလိုအပ်နေတဲ့အခြေအနေတွေကတော့ အကျဉ်းထောင်တွင်း နေရာထိုင်ခင်း မလုံလောက်မှုတွေကြောင့် အကျဉ်းသားတွေနေ့စဉ် အကျဉ်းစံဘဝ ကျပ်တည်းမှုတွေနဲ့ ပုံမှန် အိပ်စက်ချိန်မလုံလောက်တာ၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုလိုအပ်ချက်တွေနဲ့အတူ တကိုယ်ရေသန့်ရှင်းမှု၊ သောက်သုံးရေမသန့်ရှင်းမှုအပါအဝင် ရာသီဥတုဒဏ်ကိုလည်း ဆိုးဆိုးရွားရွားခံ နေရတာတွေရှိနေတယ်လို့လည်း အကျဉ်းထောင်တွေရဲ့ အခြေအနေကို လေ့လာသူတွေက ထောက်ပြပါတယ်။
အကျဉ်းထောင်တွေကို ကိုယ်တိုင် သွားရောက်လေ့လာခဲ့ကြတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တာဝန်ရှိသူတွေဘက်ကလည်း ပြုပြင်ပြောင်းလဲသင့်တာတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ ဦးတိတ်နိုင်ကပြောပြပါတယ်။
" အဓိကကလည်း သူတို့က အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလမှာ တတပ်တအား သူတို့အနေနဲ့ ပြုပြင်ပြောင်းလဲဖို့ လိုတယ်ဆိုတဲ့အကြောင်း သူတို့အနေနဲ့ အကြံပြုဆွေးနွေးခဲ့တာတွေ အများကြီးရှိပါတယ်။သူတို့အနေနဲ့ အကျဉ်းထောင်ပေါင်း ၂၆ထောင်နဲ့အကျဉ်းစခန်းတွေ အားလုံးပေါင်းရင် ၄၆ ကြိမ် သွားရောက်ပြီးတော့ စစ်ဆေးခဲ့တာတွေ လေ့လာခဲ့တာတွေရှိပါတယ်။ အဲ့ဒီ့အပေါ် သူတို့ရဲ့ တွေ့ရှိချက်တွေအပေါ်မှာ အကြံပြုချက်တွေ တိုက်တွန်းချက်တွေ အဲ့တာတွေကို အဓိက ဆွေးနွေးခဲ့ကြတာပါ။"
နှစ်ရက်ဆက်တိုက်ကျင်းပခဲ့တဲ့ အကျဉ်းထောင်စနစ်ပြုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးမှုတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေရော သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူတွေပါ ပူးပေါင်းပါဝင်ဆွေးနွေးခဲ့တဲ့အတွက် အနာဂတ်မှာ လူ့အခွင့်အရေးနဲ့အညီ ထောင်စနစ်တွေကို စနစ်တကျဆောင်ရွက်ထားတဲ့ အကျဉ်းထောင်စနစ်ပေါ်ပေါက်လာမယ်လို့ ယုံကြည်မျှော်လင့်ကြောင်းလည်း ဦးတိတ်နိုင်ကပြောပါတယ်။ အခုလို အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားဦးရေ အဆမတန်များပြားလာနေတဲ့အခြေအနေမှာ အကျင့်စာရိတ္တပြုပြင်ပြောင်းလဲရေးအပါအဝင် လွတ်ငြိမ်းချမ်းသာခွင့်လိုမျိုး ဥပဒေနဲ့အညီ အကျဉ်းသားဦးရေလျော့ချနိုင်မယ့်အစီအစဉ်တွေကိုလည်း စနစ်တကျဆောင်ရွက်ဖို့ အကြံပြုဆွေးနွေးခဲ့တာတွေရှိပါတယ်။
"အခုလက်ရှိက အကျဉ်းသားဦးရေက ကိုးသောင်းကျော်ရှိနေတဲ့အခါကျတော့ နှစ်ဆနီးနီးလောက် များပြားနေတာဖြစ်ပါတယ်။ အချုပ်သားဦးရေကလည်း နှစ်သောင်းနီးနီးလောက်ကို ဖြစ်နေတဲ့အခြေအနေမျိုးပါ။ ဆိုတော့ အဲ့ဒီ့အပေါ်မှာ အကျဉ်းထောင်တွေထဲ အကျဉ်းသားဦးရေက တော်တော်လေး များနေတဲ့အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုလက်ရှိရင်ဆိုင်နေရတဲ့အခြေအနေတွေကို ကျနော်တို့လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတဲ့ကိစ္စမျိုး အချုပ်တွေကို အချုပ်သားတွေကို ဘယ်လိုပုံစံမျိုးနဲ့ လျှော့ချနိုင်မလဲကိစ္စမျိုးကို ဝိုင်းဝန်းပြီးတော့ အဖြေရှာကြတဲ့သဘောပါ။"
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေ ထောင်ကပြန်လွတ်မြောက်လာတဲ့အခါမှာလည်း ဆိုးဝါးတဲ့ ကျန်းမာရေးထိခိုက်မှုတွေနဲ့ အသက်သေဆုံးမှုတွေဖြစ်ရတာ အပါအဝင် အသက်မွေးဝမ်းကျောင်းအတွက် လုပ်ငန်းခွင်တွင်း ဝင်ရောက်ရေး ပညာဆက်လက်သင်ကြားနိုင်ရေးအပါအဝင် လူ့ဘောင်အသိုင်းအဝိုင်းကို ပြန်လည်ဝင်ဆံ့နိုင်ရေးတွေမှာ သက်ဆိုင်တဲ့အစိုးရတာဝန်ရှိသူတွေဘက်က အထူးအာရုံစိုက် အလေးထားဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းလိုတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီဆောင်ရွက်ပေးနသူတွေကပြောပါတယ်။