သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်သူလယ်သမားအရေး ကာကွယ်ရေး လွှတ်တော်မှာ ဆွေးနွေး


တောင်သူလယ်သမားအရေး ကာကွယ်ပေးရေး ဥပဒေတရပ် ပြဌာန်းနိုင်ဖို့ ဒီကနေ့ လွှတ်တော်မှာ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းအပါအဝင်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတွေပါ တက်ရောက်ပြီး ဆွေးနွေး ခဲ့ကြတာပါ။

လယ်သမားတွေအတွက် အခွင့်အရေးပေးနိုင်ဖို့ ရေးဆွဲမယ့် ဥပဒေဖြစ်တဲ့အတွက် လယ်သမားတွေနဲ့ လယ်သမားအရေး အဓိကထား ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေပါ ပါဝင်သင့်တယ်လို့လည်း တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ်က ခေါင်းဆောင်ပိုင်းတွေက ပြောပါတယ်။

ဒီသတင်းအပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

လယ်သမားတွေရဲ့ လက်ရှိ လယ်ယာကဏ္ဍမှာ ကြုံတွေနေရတဲ့ ကြွေးမှီ အခက်အခဲတွေ ကို ဖြေလည်ဖို့နဲ့ ရှေ့လာမယ့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အဓိက
ဆောင်ရွက်ကြမှာဖြစ်တဲ့ဲ့ လယ်သမားတွေရဲ့ ဘ၀ အာမခံချက် အတွက်ကိုပါ အထောက်အကူပြုတဲ့ ဥပဒေတရပ် ရေးဆွဲနိုင်ဖို့ကို လွှတ်တော်အတွင်းမှာ
ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင် က ပြောပါတယ်။

“တောင်သူလယ်သမားတွေကို ကာကွယ်ရေး ဥပဒေ ရေးဆွဲဖို့အတွက် ခေါ်ယူဆွေးနွေး အကြံပြုချက်တွေ တောင်းတာ၊ တင်ပြချက်တွေကို ခေါ်ပြီးတော့ ပဏာမ နားထောင်တာပေါ့နော်။”

လက်ရှိ ပြည်တွင်းမှာရှိတဲ့ လယ်သမား အများစုဟာ အစိုးရဆီက ချေးယူထားတဲ့
ငွေကြေးတွေကို ပြန်မဆပ်နိုင်တာကြောင့် ချေးငွေအသစ် ထပ်မရနိုင်တာတွေကို ကြုံတွေ့နေရတာအတွက် အစိုးရအနေနဲ့ လယ်သမားတွေရဲ့ ကြွေးမှီတွေကို နိုင်ငံတော်က ကူဆပ်ပေးတာမျိုးတွေ လုပ်သင့်တယ်လို့ ဒီကနေ့ပွဲမှာ ဆွေးနွေးခဲ့တဲ့ အကြောင်း ဦးချစ်ခိုင်က အခုလို ပြောပါတယ်။

“လယ်ယာကဏ္ဍရဲ့ ကြွေးမြီကိစ္စတွေကို အကြွေး လျှော်ပစ်တဲ့နည်း ဒါမှမဟုတ် အကြွေး ဆိုင်းငံ့ပြီးတော့ အကြွေးကို ကာလကို နည်းနည်းလေး ဆန့်ပေးဖို့ပေါ့နော် အတိုးရပ်ဆိုင်း ကာလဆန့်ပေးဖို့ကိစ္စ၊ ဒီနှစ်ခုကိုပဲ ဆွေးနွေးခဲ့တာပေါ့။”

အခုလို တောင်သူလယ်သမားတွေဟာ ကြွေးမှီ ပြဿနာတွေကို အဓိက ရင်ဆိုင်နေရသလို ရာသီဥတုကြောင့် သီးနှံပျက်စီးတာတွေကိုလည်း မြန်မာပြည် အရပ်ရပ်က လယ်သမားတွေက ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ရှေ့လာမယ့် လွှတ်တော်မှာ လယ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကို ပြေလည်နိုင်ဖို့အတွက် အကူအညီ ပေးနိုင်တဲ့ ဥပဒေတခု ရေးဆွဲ ပြဌာန်းနိုင်ဖို့ လွှတ်တော်က ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း က ပြောခဲ့သလို၊ ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကလည်း လယ်သမား ပြဿနာကို မူဝါဒတရပ် ထားပြီး ဖြေရှင်းဖို့နဲ့ လယ်သမားတွေ ဆင်းရဲမှု လျှော့ချနိုင်ရေးအတွက်တွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဦးချစ်ခိုင် က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ဒီလယ်ယာကဏ္ဍနဲ့ပတ်သက်တဲ့ မူဝါဒပိုင်းဆိုင်ရာတွေ ပြော ပါတယ်။ လယ်သမားတွေရဲ့ ကြွေးမြီကိစ္စ၊ လယ်ယာကိုင်းမျိုးကိစ္စတွေ၊ ကျေးလက် လယ်သမားတွေရဲ့ ဆင်းရဲမှု လျှော့ချရေးကိစ္စတွေ၊ နောက်တခါ လမ်းပန်းဆက်သွယ်ရေး နဲ့ တခြားကိစ္စတွေ ပြောပါတယ်။ ဥက္ကဌကြီးကလည်း ဒီကိစ္စ ဥပဒေတွေကို အမြန်ဆုံး
ရေတိုလုပ်ရမယ့် လုပ်ငန်းနဲ့ ရေရှည်လုပ်ရမယ့် လုပ်ငန်းတွေ ဥပဒေ ပေါ်ပေါက်လာရေး အတွက်ကို အသေးစိတ်ပြောပါတယ်။”

လယ်သမားတွေရဲ့ ကြွေးမှီပြဿနာနဲ့ သီးနှံတွေ အောင်အောင် ဘယ်လို ဆောင်ရွက်သင့် တာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့သလို အရင် စစ်အစိုးရလက်ထက်က လယ်မြေတွေကို သိမ်းတာကြောင့် လယ်သမားတွေ လယ်ယာမြေ ဆုံးရှုံးမှုတွေ ရှိခဲ့တာကြောင့် နောင်မှာ လယ်ယာမြေ မှတ်ပုံတင်တွေ ခိုင်ခိုင်မာမာ ရှိရေးတွေ ဖြစ်လာဖို့တွေကိုလည်း ဥပဒေကြမ်းမှာ ပါနိုင်ဖို့ ဆွေးနွေးတယ်လို့ ဦးချစ်ခိုင် က ပြေပါတယ်။

ဒီကနေ့ နေပြည်တော်မှာ လုပ်ခဲ့တဲ့ပွဲမှာ လယ်သမားအရေးနဲ့ လယ်ယာမြေအရေး ဆောင် ရွက်နေတဲ့ အဖွဲ့အစည်းတွေ ပါဝင်ခြင်းမရှိခဲ့ပါဘူး။ လယ်သမား အခွင့်အရေးနဲ့ ပတ်သက် ပြီး ဆွေးနွေးတဲ့ပွဲမှာ လယ်သမားအရေး လက်တွေ့ဆောင်ရွက်တဲ့ အဖွဲ့တွေ ပါသင့်တယ် လို့ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် က ဥက္ကဌ ဦးသန်းဆွေ က ပြောပါတယ်။

“သူတို့ လွှတ်တော်ထဲမှာ ဆွေးနွေးတာကတော့ တပိုင်းပေါ့။ တကယ်တမ်း အောက်ခြေ မှာ ဖြစ်တဲ့ဟာတွေက တခြားစီတွေပဲ။ ကျနော်တို့ ခံစားနေရတာတွေ အများကြီးပဲဗျ။
နိုင်ငံတော်က မူဝါဒတွေ အမျိုးမျိုး ပြောင်းလဲသော်လည်းဘဲ၊ အောက်ခြေမှာ လုံး၀ မပြောင်းလဲဘူး။ အဲ့ဒီအတွက် ကျနော်တို့က စိတ်မကောင်းဘူးခင်ဗျ။”

လယ်သမားချေးငွေနဲ့ပတ်သက်ပြီး အချိန်ကာလ ကြာရှည်စွာ ချေးငွေ ချထားပေးဖို့ ဥပဒေမှာ ထည့်သွင်းထားတယ်လို့ လယ်သမားအရေး ဆောင်ရွက်ပြီး ကိုယ်တိုင်လည်း လယ်သမားတဦးဖြစ်တဲ့ မစုမာ က အခုလို ပြောပါတယ်။

“သူတို့တကယ်ပဲ လယ်သမားတွေဘက်ကို ကြည့်ရှုထောက်ညှာမယ်ဆိုရင် အကြွေးတွေကိုလည်း ကျမ ထင်တယ်။ ကျမတို့ကိုတောင်မှ နိုင်ငံတကာက တိုင်းပြည်ကို လျှော်ပေးနေတယ်ဆိုရင် ကျမတို့ရဲ့ တိုင်းပြည်မှာရှိနေတဲ့ လယ်သမားတွေကိုလည်း တိုင်းပြည်က ပြန်ပြီး လျှော်ပေးသင့်တယ်လို့ ကျမတို့ ထင်ပါတယ်။ ကာလတို ကာလရှည်နဲ့ဆိုရင် ကျမ ထင်တယ်ပေါ့နော် ကျမတို့ ချေးတယ်ဆိုရင်တော့ သိပ်ပြီးတော့ အဆင်မပြေလောက်ဘူး။ ဖြစ်နိုင်ချေ အများဆုံးကတော့ ဖြစ်သင့်တာကတော့ ကာလရှည် ချေးပေးမယ်ဆိုရင် အတိုးနှုန်း သက်သာစွာနဲ့ ချေးပေးမယ်ဆိုရင် ကျမတို့ လယ်သမားတွေအတွက် အသက်ရှု အများကြီး ချောင်နိုင်ပါတယ်။”

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကလည်း လက်ရှိ လယ်ယာကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် ပြည်ပ က ချေးငွေတွေရအောင် ဆောင်ရွက်ပြီး လယ်သမားတွေအတွက် ချေးပေးနိုင်ဖို့တွေ
ဆောင်ရွက်ပေးမယ်လို့လည်း မတ်လ ၃၁ ရက် မနေ့က ပြည်သူကို ပြောကြားခဲ့တဲ့ အသံလွှင့် မိန့်ခွန်းမှာ ပြောခဲ့ပါသေးတယ်။
XS
SM
MD
LG