သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေး


ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ပတ်သက်တဲ့ လတ်တလော ပြင်ဆင်သင့်တဲ့ ပုဒ်မတွေကို မနေ့က ဆက်လက် ဆွေးနွေးရာမှာ ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်နိုင်ရင် လာမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တဦးက တင်ပြ ဆွေးနွေးခဲ့ပါတယ်။

မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတယ်လို့ သတ်မှတ်ထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲအပေါ် ဖွဲ့စည်းပုံပြင်ဆင်ရေးက ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာကို ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေကြရာမှာ ပုဒ်မ ၅၉(ဃ)၊ ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၆၀ (ဂ)၊ ပုဒ်မ ၄၁၈ (ခ)၊ ပုဒ်မ ၄၃၆ (က) စတဲ့ ပုဒ်မတွေကို အဓိက ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

လက်ရှိ အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒီပုဒ်မတွေထဲက အချက်တချို့ကို ဖြေလျော့နိုင်ဖို့ တင်ပြဆွေးနွေးနေပြီး အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပုဒ်မတချို့ကို ပယ်ဖျက်ဖို့ တောင်းဆိုသလို ပြည်ခိုင်ဖြိုးပါတီရဲ့ တင်ပြချက်တွေဟာ မလုံလောက်ကြောင်း တင်ပြတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ တချိန်တည်းမှာတော့ တပ်မတော်သား ကိုယ်စားလှယ်တွေက လုံးဝမပြင်ဖို့ ဆွေးနွေးတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေနဲ့ နိုင်ငံရေးစနစ်ဟောင်းတခုမှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းဆဲ ကာလအတွင်း နိုင်ငံတော် တည်ငြိမ် အေးချမ်း လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားအတွက် ဒီမိုကရေစီ အလေ့အကျင့်များ မရင့်ကျက်သေးတဲ့အချိန် ဒီမိုကရေစီသက်တမ်း နုနယ်သေးတဲ့အချိန်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) အပါ ရာခိုင်နှုန်းများကို ပြင်ဆင်ရန်မသင့်ဘဲ မူလအတိုင်းသာ ထားရှိသင့်ကြောင်း ဆွေးနွေးတင်ပြအပ်ပါသည်။”

တပ်မတော်သား ဗိုလ်မှူးချုပ် တင်ဆန်းနိုင် က တင်ပြခဲ့တာဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ရင် လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘူးလို့ NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက လွှတ်တော်အတွင်း ဆွေးနွေးစဉ်မှာ တင်ပြခဲ့ပါတယ်။

“၄၃၆ လို ပုဒ်မမျိုးနဲ့ ၅၉ (စ) လို ပုဒ်မမျိုးတွေကို လုံလုံလောက်လောက် မပြင်ဘဲနဲ့တော့ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးဟာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ မပြိုင်ခင်ကတည်းက အသာစီးယူထားတယ်။ ပြီးတော့ ဒီမိုကရေစီခေါင်းဆောင်ကို သမ္မတမဖြစ်အောင် ကြိုတင် ပိတ်ထားတယ်။ ဒါ မျှတလား၊ ဒါ လွတ်လပ်လား၊ မေးနေဖို့တောင် မလိုတော့ပါဘူး။”

ဒီတင်ပြချက်အပေါ်မှာတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက သူ့အမြင်ကို အခုလို ပြောပါတယ်။

“ကျနော့်ရဲ့ အမြင်ကတော့ပေါ့လေ အဓိကကပေါ့လေ ပုဒ်မ ၄၃၆ ကို မပြင်ဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အကျပ်အတည်း ဆက်ပြီး ဖြစ်နေမယ်ပေါ့လေ။ အဲဒီအခါကျတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲဟာလည်းပဲ အကျပ်အတည်းမှာ ဆက်ပြီး ရှိနေမယ်လို့ မြင်တယ်။ အဲတော့ ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉ ကို မပြင်လို့ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့တော့ ယတိပြတ် ပြောဖို့တော့ ခက်တယ်လို့ ကျနော်က မြင်တယ်။ တကယ်တမ်းပြောမယ်ဆိုရင်တော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကတော့ ပိုပြီး အရေးကြီးတယ်လို့ မြင်တယ်။ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပြီးတော့ ရွေးကောက်ပွဲကို လုပ်နိုင်မယ်ဆိုရင်တော့ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို မြင်တွေ့ရမယ်လို့ မြင်တယ်ဗျ။”

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဟာ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ရဲ့ ဥပဒေ၊ နည်းဥပဒေတွေအပေါ် အဓိက မူတည်လိမ့်မယ်လို့ ယူဆကြောင်းလည်း ဆက်ပြောပါတယ်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြအေးကတော့ လက်ရှိ လွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးနေတဲ့အပေါ် အခုလို သုံးသပ်ပါတယ်။

“အမှန်တော့ ဒီဖွဲ့စည်းပုံဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အစရှိတဲ့ ဖော်ဆောင်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တိုင်းပြည်တကယ်လိုအပ်တာတွေ ဖော်ဆောင်ဖို့အတွက် ဘယ်လိုမှ သုံးလို့ရတဲ့ ဖွဲ့စည်းပုံ မဟုတ်ပါဘူး။ အဲတော့ ကျနော်တို့ ဒီဘက်ကလည်း ပြောနေတာက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီးတော့မှ စိတ်ရှည်လက်ရှည်နဲ့ တဆင့်ချင်း တဆင့်ချင်း ပြင်ဖို့ ပြောနေတာပါ။ တဆင့်ချင်း တဆင့်ချင်း ပြင်ဖို့ပြောနေတဲ့ အတိုင်းအတာတောင်မှ လိုရာမရောက်နိုင်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်မှုမျိုးကိုတောင် ကန့်ကွက်တယ်ဆိုတော့ ကျနော်တို့ဟာ အခြေအနေ အရပ်ရပ်ကို အများကြီး ပြန်လည် သုံးသပ်ရမယ့် အခြေအနေတွေ ဖြစ်လာပါလိမ့်မယ်။ မကောင်းပါဘူး ဒါတွေက။”

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆောင်ရွက်နိုင်တာ မရှိဘူးဆိုရင် လွှတ်တော်အပေါ်မှာ လူထုက အယုံအကြည် ကင်းမဲ့လာမယ်လို့လည်း ဦမြအေးက ဆက်ပြောပါတယ်။

“အဲဒါကတော့ဗျာ လွှတ်တော် နိုင်ငံရေးအပေါ်မှာ သံသယဖြစ်စရာတွေ ဖြစ်လာမှာပေါ့ဗျာ။ ဆိုလိုချင်တာက လွှတ်တော်သည် လွှတ်တော်အလုပ်ကို စစ်တပ်ရဲ့ လွှမ်းမိုးမှု မရှိဘဲနဲ့ လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့ အခြေအနေ မရှိဘူးဆိုတာ ထင်သာမြင်သာရှိတယ်၊ ထင်းကတည်း လင်းကတည်း ရှိတဲ့ အခြေအနေ ဖြစ်သွားမှာပေါ့လေ။ ဒါကတော့လေ။ ဒါ မသိတာ မဟုတ်ပါဘူး။ သိပါတယ်။ ပြောချင်တာကဗျာ လွှတ်တော်လမ်းကြောင်းဟာ လိုအပ်တဲ့ ကိုယ်လုပ်ချင်တဲ့ လုပ်ကိုင် ဆောင်ရွက်မှုအတွက်ကို ဖြစ်နိုင်ဖွယ်ရာ ရှိ မရှိ ဆိုတဲ့ဟာကို ပြန်ပြီး သုံးသပ်ရမယ့် အခြေအနေတော့ ရောက်သွားမှာပါ။”

ပြည်ထောင်စုလွှတ်တော်မှာ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ပတ်သက်တဲ့ ပုဒ်မတွေကို ပြင်ဆင်ဖို့အတွက် ဒီလ ၂၃ ရက်နေ့က ကိုယ်စားလှယ် ၁၅ ဦး ပါဝင်ဆွေးနွေးခဲ့ပြီး၊ ဒီကနေ့မှာတော့ ၁၈ ဦး ဆွေးနွေးခဲ့ပါတယ်။ မနက်ဖြန်မှာ ၄၃၆ (ခ) နဲ့ ပတ်သက်တဲ့ ပုဒ်မတွေကို ဆက်လက်ဆွေးနွေးပြီး ဆွေးနွေးတာတွေ ပြီးဆုံးချိန်မှာ ဥပဒေမူကြမ်း တပိုဒ်ချင်းစီကို လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူမှာ ဖြစ်ပါတယ်။

XS
SM
MD
LG