သုံးရလွယ်ကူစေသည့် Link များ

ဖွဲ့စည်းပုံ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး လွှတ်တော်ကော်မီတီ ပယ်ချ


နေပြည်တော်၊ လွှတ်တော်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ (စ)ကို မပြင်ဆင်ဖို့ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှု ကော်မတီတွင်း အဖွဲ့အတွင်း အများ ဆန္ဒအရ လျှို့ဝှက်ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး မဲခွဲဆုံးဖြတ်နိုင်ဖို့ ဒီနှစ်ကုန်ပိုင်းလောက် ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းဖို့ရှိပါတယ်။ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

ပုဒ်မ ၅၉ (စ)နဲ့ပတ်သက်လို့ ဒီရက်ပိုင်းအတွင်း ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှု ကော်မတီဝင်တွေကြား သဘောထား ကောက်ယူရာမှာ အဖွဲ့ဝင်(၃၁)ဦးရှိတဲ့အနက် (၂၀)ကျော်က မပြင်ဆင်လိုဘူးဆိုပြီး ဆန္ဒပေးခဲ့ကြတာပါ။ ကော်မတီတွင်းအခုလို ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပီး ကော်မတီဝင်တွေမှာ ထုတ်ပြောပိုင်ခွင့်မရှိပေမယ့် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက သူကြားသိတဲ့ အချက်တွေကို ပြောပြပါတယ်။

" ၃၁ဦးထဲမှာ ၂၀ကျော်က မပြင်ရေးကို ဆုံးဖြတ်တယ်ပေါ့။ ၅၉ (စ) ကို မူရင်းအတိုင်း ထားချင်တယ်ပေါ့။ ၅ယောက်ကတော့ ပြင်ချင်တယ်ကို တင်တယ်ပေါ့ဗျာ။ ကျန်တဲ့ ၆ယောက်ကတော့ ကြားနေလို့ပဲ ယူဆရပါတယ်။ ကျနော်တို့ပါတီက ၅၉ (စ) ကို အောက်ပိုင်းတွေကို အကုန်ပြင်ထားတယ်ခင်ဗျ။ အဲ့တာတွေတော့ ကျနော်တို့ လွှတ်တော်က တင်ပြီးသားပါ။ ကျနော်တို့ကိုယ်စားလှယ်တွေလည်း ပြောပြီးသားပါ။"

ဖွဲ့စည်းပုံဥပဒေ သုံးသပ်ရေးကော်မတီ ရဲ့ ဒီဆုံးဖြတ်ချက်ကို ၂၀၁၄ ခု အကုန် ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းသွားနိုင်ဖို့ မျှော်လင့် ထားပီး လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ဆုံးဖြတ်ချက်ကို ခံယူသွားမှာဖြစ်ပါတယ်။ ဒီ ကော်မတီထဲမှာ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ် ၁၃ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၇ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၂ဦး၊ အခြားပါတီနဲ့ တိုင်းရင်းသားကိုယ်စားလှယ် ၉ ဦး စုစုပေါင်း(၃၁)ဦးပါဝင် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အမျိုးသားရေးစိတ်ပြင်းထန်တဲ့ သူတွေဖက်ကတော့ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်လို တဲ့ သဘော မရှိဘူးလို့ ဖွဲ့စည်းပုံဥပဒေ သုံးသပ်ရေး ကော်မတီ အဖွဲ့ဝင် ရခိုင်တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါက်တာအေးမောင် က ပြောပါတယ်။

"ဥပမာ ဆိုပါတော့ဗျာ။ အမျိုးသားရေးစိတ်ဓာတ် အင်မတန် ပြင်းထန်တဲ့ ပတ်ဝန်းကျင်မျိုးမှာ ဆိုရင် ၅၉ (စ) ကို ပြင်ဖို့ ခက်ခဲပါတယ်။ အဲဒီတော့ ၅၉ (စ) မှာ ကန့်သတ်ချက် တချို့ က နိုင်ငံခြားသားကို အိမ်ထောင်ပြုခြင်း၊ အထူးသဖြင့် အိမ်ထောင်ဖက် ကွယ်လွန်သွားပြီးလျင် ဆိုတာမျိုးကို ကျနော်တို့ပါတီဖက်ကတော့ သုံးသပ်ပါတယ်။ တကယ်လို့များ သားသမီးအထိ ယူသွားခဲ့ရင်လည်းပဲ၊ သားသမီးတွေရဲ့ အိမ်ထောင်ဖက်အထိလို့ ဒီပုဒ်မကို မဆွဲဆန့်သင့်သေးဘူးလို့
ကျနော်တို့ သုံးသပ်ပါတယ်။"

တကယ်တော့ ပုဒ်မ ၅၉ (စ)ဟာ NLDပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ရေး အတွက် အတားအဆီး တခုဖြစ်နေတယ်လို့ သုံးသပ်ကြ ပါတယ်။ ဖွဲ့စည်းပုံဥပဒေ သုံးသပ်ရေးကော်မတီမှာပါတဲ့ NLDပါတီ ကိုယ်စားလှယ် ဦးဝင်းမြင့်ကတော့ ဒါဟာ လူပုဂ္ဂိုလ် တဦးတယောက်တွက် ရည်ရွယ်ပြင်ဆင်နေ တာ မဟုတ်ဘူးလို့ သူတို့ပါတီ သဘောထားကို ရှင်းလာပါတယ်။

" ၅၉ (စ)က ဗျာ။ ဒီမိုကရေစီကျင့်စဉ်နဲ့ မညီလို့ ပြင်ခိုင်းတာဗျ။ ၄၇ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ဒါမျိုး မပါခဲ့ဘူး။ ၇၄ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ဖွဲ့စည်းပုံမှာလည်း ဒါမျိုး မပါခဲ့ဘူး။ နိုင်ငံတကာ ဖွဲ့စည်းပုံ မှာလည်း ဘယ်ဖွဲ့စည်းပုံမှာမှ ဒါမျိုး မပါခဲ့ဘူး။ အခုက ၅၉ (စ) က လူတစ်ဦး တစ်ယောက် ကို သပ်သပ်ကြီး ရည်ရွယ်ပြီး ထည့်ထား သလိုဖြစ်နေတယ်။ အဲ့ဒီ့တော့ ကျနော်တို့က ဆွေးနွေးတဲ့အခါကျတော့ လူတစ်ဦး တစ်ယောက်ကို ရည်ရွယ်ပြီး ဖြုတ်စေချင်လို့ လူတွေက ဆွေးနွေးကြတယ်။ အမှန်တော့ လူတစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး ဖြုတ်စေချင်လို့ ဆွေးနွေးတာမဟုတ်ဘူးဗျ။ ဒါ သူ့ရဲ့ သားသမီး၊ သားသမီးက ယူတဲ့ ဇနီး၊ မိန်းမ ကာယကံရှင်ရဲ့ ချွေးမ၊ သားမက်တွေအထိ လိုက်ပြီးတော့ဗျာ ဒါကြီးက လျှောက်ပြီး ထည့်ထားတာကတော့ ဘယ်မှာမှ မဟုတ်တာချည်း ဒါကြောင့် ကျနော်တို့က ဒီမိုကရေစီကျင့်စဉ်နဲ့မညီလို့ ကျနော်တို့က ကျနော်တို့အဖွဲ့ချုပ်က ရပ်တည်ထားတာဗျ။ "

ဖွဲ့စည်းပုံဥပဒေသုံးသပ်ရေးကော်မတီမှာပါတဲ့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးခင်မောင်ရီ ကတော့ ပုဒ်မ ၅၉(စ)ကို တချိန်ချိန်မှာ ပြင်ရမယ်လို့ သူတို့ပါတီက ခံယူထားပေမယ့် လတ်တလောအခြေအနေအရ မဟုတ်ဘူးလို့ ဆိုပါတယ်။

"ပြည်ခိုင်ဖြိုးပါတီိရဲ့ Stand ကတော့ တချိန်ချိန်မှာတော့ ဒါပြင်ရမှာပဲ။ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး မပြောင်းမဖြစ် ပြောင်းရမယ်ဆိုတဲ့ အထဲမှာ ဒါပါပါတယ်။ ဒီPlan ပါပါတယ်။"

အခြား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ တခုဖြစ်တဲ့ ၄၃၆ ပြင်ဆင်သင့်တယ် မပြင်ဆင်သင့်ဘူးဆိုတာနဲ့ ပတ်သက်လို့လည်း ဖွဲ့စည်းပုံဥပဒေ သုံးသပ် ရေးကော်မတီက လာမယ့်လပိုင်းတွေ အတွင်း ဆွေးနွေး ဆုံးဖြတ်သွားမယ်လို့ ကော်မတီဝင်တွေက ဗွီအိုအေကို ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG