သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံခုံရုံး ဥက္ကဌနဲ့အဖွဲ့ဝင်များ နုတ်ထွက်


နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ ဥက္ကဌနဲ့ ခုံရုံးအဖွဲ့ဝင်များရဲ့ မှတ်တမ်းဓာတ်ပုံများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဝက်ဘ်ဆိုက် http://www.myanmarconstitutionaltribunal.org.mm မှ ကူးယူဖော်ပြပါသည်။
နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ ဥက္ကဌနဲ့ ခုံရုံးအဖွဲ့ဝင်များရဲ့ မှတ်တမ်းဓာတ်ပုံများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဝက်ဘ်ဆိုက် http://www.myanmarconstitutionaltribunal.org.mm မှ ကူးယူဖော်ပြပါသည်။
အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ ဥက္ကဌနဲ့ ခုံရုံးအဖွဲ့ဝင်တွေကို တာဝန်တွေကနေ နူတ်ထွက်ခွင့်ပြုတယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့အမိန့်နဲ့ အခုညမှာပဲ သမ္မတရုံးကနေ ထုတ်ပြန်ကြေညာသွားပါတယ်။ ဖွဲ့စည်းပုံခုံရုံးဥက္ကဌနဲ့ ခုံရုံးအဖွဲ့ဝင်တွေကို ရာထူးကနေ ဖယ်ရှားဖို့ လွှတ်တော် နှစ်ရပ်ကနေ ဆုံးဖြတ်လိုက်တဲ့ ဒီကနေ့မှာပဲ အချိန်မဆိုင်းဘဲ သမ္မတရဲ့ ခွင့်ပြုမိန့် ကြေညာချက် ဒီညပိုင်းမှာ ထွက်လာတာဖြစ်ပါတယ်။ ဒီအကြောင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဖွဲ့စည်းပုံဆိုင်ရာခုံရုံး တာဝန်ရှိသူတွေကို ရာထူးကနေ အနားပေး ဖယ်ရှားဖို့ဆိုတဲ့ အဆိုကို လွှတ်တော်တွင်း သတ်မှတ်ထားတဲ့ မဲအရေအတွက် သုံးပုံနှစ်ပုံ ထောက်ခံမှုရပြီး ဆုံးဖြတ်လိုက်ပြီး၊ ညပိုင်းမှာပဲ ခုံရုံး တာဝန်ရှိသူအားလုံးကို ရာထူးကနေ အနားပေးလိုက်ပြီလို့ သမ္မတ ဦးသိန်းစိန် အမိန့်ထွက်လာတာပါ။ ခုံရုံးတာဝန်ရှိသူတွေက နုတ်ထွက်ခွင့်တင်တာကြောင့် သမတက ခွင့်ပြုလိုက်တာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှုး ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“နူတ်ထွက်ခွင့်ပြုလိုက်တာပါ။ နူတ်ထွက်ခွင့်တင်လို့ နူတ်ထွက်ခွင့်ပြုလိုက်တာပါ။ နေရာလစ်လပ် သွားတော့ ပြန်ပြီးတော့ ရွေးချယ်တင်မြှောက်ရမှာပေါ့။ ဟုတ်ကဲ့။ ပြည်သူ့လွှတ်တော်က သုံးယောက်၊ အမျိုးသားလွှတ်တော်က သုံးယောက်။ သမ္မတက သုံးယောက်၊ ကိုးယောက် ရွေးချယ် တင်မြှောက်ရမှာပါ။”

လွှတ်တော် ကော်မတီတွေနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့ ဖွဲ့စည်း့ုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်လိုက်ပြီးနောက်၊ ဒါဟာ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှု ရှိမရှိ စုံစမ်းဖို့ လွှတ်တော်ကနေ လွှတ်တော်ရဲ့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့ခဲ့ပါတယ်။

အဲဒီ့ ကော်မရှင်က ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေ အနေနဲ့ ကော်မရှင်ရှေ့မှောက် လာရောက် အစစ်ဆေးခံ ရှင်းလင်းဖို့ ၃ သုံးကြိမ်တိတိ အသိပေး အကြောင်းကြားခဲ့ပေမယ့် လာရောက်ဖြေရှင်းမှုမရှိတာကြောင့်၊ ကော်မရှင်အနေနဲ့ သူတို့ရထားတဲ့ အချက်အလက်တွေနဲ့ပဲ အစီရင်ခံစာရေးပြီး လွှတ်တော်အတွင်း ဒီကနေ့ တင်ပြခဲ့တယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

“အဲ့ဒီ့အစီရင်ခံစာကတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါ်တာကို ခုံရုံးက မလာတဲ့အတွက်ကြောင့်မို့လို့ သူတို့မျက်ကွယ်မှာပဲ အစီရင်ခံစာကို ရေးပြီးတော့ လွှတ်တော်ကို တင်ပြတာပေါ့။ တင်ပြတဲ့အခါမှာ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးတာ မလုပ်တော့ဘဲနဲ့ ကျနော်တို့ မဲဆန္ဒရယူတာပေါ့။ မဲဆန္ဒရယူတဲ့အခါမှာလည်း နဂိုက လက်မှတ်ထိုးပြီးတော့ တောင်းဆိုထားတဲ့ မဲဆန္ဒလက်မှတ် ၃၀၇မဲ ရှိတယ်။ နောက်ခွင့်တင်လို့ မတက်တဲ့သူတွေလည်းရှိတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေကတော့ အရင်ဆန္ဒပြုတုန်းကလည်း မပါတဲ့အတွက် သူတို့ကို ဖယ်လိုက်ရင်တောင်မှ ၃၀၇ ကျနော်တို့ ဥက္ကဌ နူတ်လိုက်လို့ရှိရင် ၃၀၆မဲပေါ့။ ၃၀၆မဲရှိတဲ့ အတွက်ကြောင့် လိုအပ်တဲ့ ၂၈၆မဲကျော်တဲ့အတွက် သုံးပုံနှစ်ပုံကျော်တဲ့အတွက် အဲ့ဒီ့စုံစမ်းစစ်ဆေးရေး အစီရင်ခံစာဟာ အတည်ဖြစ်တယ်ဆိုပြီးတော့ ခုံရုံးကို အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တယ်။”

အလားတူလိုပဲ ဖွဲ့စည်းပုံခုံရုံးပြဿနာကို အမျိုးသားလွှတ်တော်ထဲမှာလည်း ဒီနေ့ ဆွေးနွေး မဲခွဲ ဆုံးဖြတ်ခဲ့တယ်လို့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“ဦးဇော်မြင့်ဖေက စွတ်စွဲချက်နှစ်ခု တင်ပြပါတယ်။ သူက ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်တာပေါ့နော်။ စွတ်စွဲချက် ဖွဲ့စည်းပုံအခြေခံဥပဒေ အချက်နှစ်ချက်နဲ့ ညီတဲ့အတွက် ခုံရုံးအဖွဲ့ကို စွတ်စွဲပြစ်တင်ပါတယ်ဆိုပြီး သူက အဆိုတင်ပါတယ်။ ဒီအဆိုကို တပ်မတော်သားကိုယ်စားလှယ် ခြောက်ယောက်နဲ့ ကျနော်တို့အရပ်ဖက်က လွှတ်တော်ကိုယ်စားလှယ် ဆယ်ယောက် စုစုပေါင်း ၁၆ယောက် ဆွေးနွေးပြီးတော့ ဆုံးဖြတ်တာပါ။ ကျနော်တို့ ဒီစွတ်စွဲပြစ်တင်တာ အဆိုအောင်မြင်တယ်ဆိုရင်သူက ထွက်ရတာပါ။

လုပ်ထုံးအရတော့ လွှတ်တော်နှစ်ရပ်စလုံးက အခု ဆုံးဖြတ်ချက်ကို ပြည်ထောင်စု လွှတ်တော်ဥက္ကဌ အနေနဲ့ နိုင်ငံတော်သမ္မတထံကို တရားဝင် အသိပေး အကြောင်းကြားရမှာဖြစ်ပေမယ့်၊ နေ့တွင်းချင်းမှာပဲ ခုံရုံးအဖွဲ့ဝင်တွေရဲ့ နုတ်ထွက်လွှာကို လက်ခံပြီးတော့ နုတ်ထွက်ခွင့်ပေးလိုက်တယ်ဆိုပြီး သမ္မတဦးသိန်းစိန်က ကြေညာသွားတာပါ။

လွှတ်တော်နဲ့ ခုံရုံးအကြား လအတန်ကြာ တင်းမာမှုကိစ္စဟာ လွှတ်တော်နဲ့ အစိုးရအကြား အာဏာပြိုင်မှုဖြစ်တယ်လို့လည်း အတော်များများက တွက်ဆကြသလို၊ အချို့ကတော့ ဒါဟာ ဖွဲ့စည်းပုံဆိုင်ရာ အကြပ်အတည်းဖြစ်တယ်လို့ ယူဆကြပါတယ်။

လွှတ်တော်ဖက်က ကော်မတီတွေက ခေါ်ယူကြားနာစစ်ဆေးတာမျိုး အစိုးရအဖွဲ့ဖက်က မလုပ်လိုတာ ကြောင့်၊ လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးဆိုပြီး အစိုးရဖက်က စွဲဆိုခဲ့တာလို့ ဆိုကြပါတယ်။ ခုံရုံးနဲ့ လွှတ်တော်အကြား တင်းမာမှုဖြစ်လာတော့ ဒီကိစ္စနဲ့ ဆက်နွယ်လို့ ဖွဲ့စည်းပုံပြင်ဖို့ သမ္မတဖက်က အဆိုပြုခဲ့ပါတယ်။

ဒါပေမယ့် အရင် စစ်အစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ တည်ဆဲဥပဒေအရ လွှတ်တော်ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်ဖြစ်တာမို့လို့ ဖွဲ့စည်းပုံပြင်စရာမလိုဘူးလို့ လွှတ်တော် အမတ်တွေဘက်ကလည်း ယူဆပါတယ်။

အခုတော့ သမ္မတရုံး ကြေညာချက်ထွက်လာတာကြောင့် ခုံရုံးကိစ္စနဲ့ပတ်သက်လို့ အငြင်းပွားမှုဟာ ပြီးဆုံးသွားပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အခု ခုံရုံးအဖွဲ့ဝင်သစ်တွေကို ရွေးချယ်ရဦးမှာဖြစ်ပြီး၊ အဓိက အငြင်းပွားမှုအကြောင်းရင်းဖြစ်တဲ့ လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ဟုတ်မဟုတ်ဆိုတာကတော့ ယတိပြတ် အဖြေမရှိသေးဘူး။
XS
SM
MD
LG