သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သံရုံးရှေ့ ဆန္ဒပြခေါင်းဆောင် ၃ ဦး ဖမ်းဆီးခံရ

Copper Mine Protest
1/7 Copper Mine Protest
Copper Mine Protest
2/7 Copper Mine Protest
Copper Mine Protest
3/7 Copper Mine Protest
Copper Mine Protest
4/7 Copper Mine Protest
Copper Mine Protest
5/7 Copper Mine Protest
Copper Mine Protest
6/7 Copper Mine Protest
Copper Mine Protest
7/7 Copper Mine Protest
Previous slide
Next slide

လက်ပံတောင်းအရေးနဲ့ပတ်သက်လို့ တရုတ်သံရုံးရှေ့ကိုသွားပြီး ဆန္ဒပြဖို့ကြိုးစားတဲ့ တက်ကြွလှုပ်ရှားသူ ၃ ဦးကို ဒဂုံမြို့နယ် တရားရုံးမှာပဲ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ အပါအဝင် ပုဒ်မ ၇ ခုနဲ့ တရားစွဲဆိုခဲ့ပြီး အင်းစိန်ထောင်ကို ပိုခဲ့တယ်လို့ တရားရုံးကို တက်ရောက်သူတွေက ဆိုပါတယ်။

လက်ပံတောင်းမှာလည်း သပိတ်စခန်းဖွင့်ထားတဲ့ ဒေသခံတွေကို လူစုခွဲပေးဖို့ အာဏာပိုင်တွေက တောင်းဆိုနေပြီး မီးသတ်ကားတွေနဲ့ လုံခြုံရေးအင်အားတွေ ချထားတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့က တရုတ်သံရုံးရှေ့သွားပြီး ဆန္ဒပြဖို့ ကြိုးစားကြတဲ့ ရာနဲ့ချီရှိတဲ့ အင်အားစုတွေထဲက မနော်အုန်းလှ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါ်စိန်ထွေးတို့ ၃ ဦးကို ဒဂုံတရားရုံးကနေ ပုဒ်မ ၇ ခုနဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်ကြီးချုပ်ကို ပို့လိုက်တယ်လို့ တရားရုံးမှာ သွားရောက် နားထောင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မသန္တာက ဆိုပါတယ်။

“ပုဒ်မအားလုံး ၇ ခုနဲ့ တရားစွဲဆိုပြီး အခု အင်းစိန်ထောင် ထောင်ကြီးချုပ်ကို ပို့လိုက်တယ်။ အခုလောလောဆယ် ၃ ယောက်။ ကိုနေမျိုးဇင်ရယ်၊ ဒေါ်စိန်ထွေးရယ်၊ ဒေါ်နော်အုန်းလှရယ်ပေါ့နော်။ တရားရုံးမှာကြားရတာတော့ ကျန်တဲ့ ၄ ယောက် နာမည်တွေကိုလည်း ကြားတယ်။ ဒါပေမဲ့ အဲ့ဒီ ၄ ယောက်နာမည်တွေက ကိုတင်ထွတ်ပိုင်ပါတယ်၊ နောက်ပြီးတော့ ကိုသန်းဆွေ ပန်းပဲတန်းဆိုတာ ပါတယ်။ နောက်တခါ ဒေါက်တာမြတ်နုခိုင်ပါတယ်။ ဒေါ်စမ်းစမ်းမြင့် တောင်ဒဂုံဆိုတာပါတယ်။”

ဒီအထဲမှာ တရားစွဲဆိုခံရတဲ့ နောက်ထပ် ၄ ဦးမှာပါတဲ့ ကိုသန်းဆွေကတော့ သ့ူကိုလည်း ရဲစခန်းကိုလာဖို့ ဖုန်းဆက်နေကြောင်းနဲ့ သူတို့ဆန္ဒပြတာဟာ လက်ပံတောင်းအရေးကို ဖြေရှင်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ကြောင်း ပြောပြပါတယ်။

“လက်ပံတောင်းကိစ္စကိုလည်း အရေးယူဆောင်ရွက်ခြင်း မရှိဘူး။ ပစ်ခတ်တဲ့သူတွေကိုရော၊ အမိန့်ပေးတဲ့သူတွေကိုပါ သူတို့က အရေးမယူဘူး။ ဒေါ်ခင်ဝင်း သေတဲ့ကိစ္စမှာလည်း တိတိကျကျ ဘယ်သူပစ်လို့၊ ဘယ်ဝါအမိန့်ပေးတာလဲ အခုအချိန်ထိ မရှိတဲ့အပြင် ဒီဆန္ဒပြတဲ့သူတွေကျတော့ သူတို့က နှိပ်ကွပ်နေတယ်ဆိုတာကျတော့ ခုနကလိုပေါ့ မတရားဘူးပေါ့နော်။ ဒါ ဥပဒေအရ မတရားဘူးလို့ ကျနော်တို့က ထင်တာပေါ့လေ။”

တရားစွဲဆိုခံထားရသူတွေနဲ့ ပတ်သက်လို့ အာမခံပေးလို့ မရအောင် လုပ်ထားတဲ့အတွက် ဥပဒေကြောင်းအရ တရားမျှတမှုမရှိဘူးလို့ တရာလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ဆိုပါတယ်။

“အဲ့ဒီဟာတွေမှာ အာမခံပေးလို့မရအောင်ဆိုပြီးတော့ သူက ၅၀၅ (ခ) ကို တပ်လိုက်တာ။ တကယ်တမ်းပြောမယ်ဆိုရင်တော့ ငြိမ်စုစီဥပဒေပုဒ်မ ၁၈ လောက်နဲ့ လုံလောက်ပါရဲ့သားနဲ့ အခုလို ဆန္ဒဖော်ထုတ်မှုတရပ်ကို အာမခံပေးလို့မရအောင် ပုဒ်မတွေတပ်တာကတော့ ဒါ အစပျိုးကတည်းကိုက တရားမျှတမှု မရှိဘူးပေါ့။ အမှုကို ပြည့်စုံစွာ တည်ဆောက်ပြီးတော့ ရုံးတင်တရားစွဲရမယ့် တာဝန်က တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ပဲ။ ဟို လွန်ခဲ့တဲ့ အားကစားပွဲတုန်းကလည်း မြန်မာနိုင်ငံတော်အလံကို သုဝဏ္ဏအားကစားကွင်းနားမှာ မီးရှို့တုန်းက ၅ သောင်းစီ ပေးပြီးတော့ ပြန်လွှတ်တယ်ပေါ့နော်။ အဲ့ဒါနဲ့ မရှေးမနှောင်းမှာဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံ သံရုံးအနီးမှာ တရုတ်အလံကို မီးရှို့တုန်းက လူတွေကို ဖမ်းပြီးတော့ တရားစွဲဆိုခဲ့တယ်။ အခုလည်း တခါ တရုတ်သံရုံးရှေ့မှာ ဖြစ်ရကောင်းလားဆိုပြီးတော့ တရားစွဲဆိုပြန်တာကို တွေ့ရတယ်။ မဖြစ်သင့်ဘူးပေါ့ဗျာ။ တရုတ်နိုင်ငံ တရုတ်သံရုံးနဲ့ ပတ်သက်လို့ရှိရင် လက်မခံဘူး အရေးယူမယ်ဆိုတဲ့ သဘောတွေဖြစ်လာတယ်။”

လက်ပံတောင်းမှာတော့ မြေယာသိမ်းခံထားရတဲ့ ဒေသခံတွေက မြန်မာဝမ်ပေါင် ခြံစည်းရိုးခတ်ထားတဲ့ ကိုက် ၅၀ ခန့်အကွာမှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပါတယ်။ မနေ့ကတော့ ခြံစည်းရိုးတွေကိုဖျက်ပြီး သူတို့လယ်မြေတွေကို ပြန်ပေးဖို့အတွက် တောင်းဆိုနေတာပါ။ အာဏာပိုင်တွေဘက်က ဒီကနေ့မနက်ပိုင်းက လူစုခွဲဖို့ပြောဆိုနေပြီး မီးသတ်ကားတွေနဲ့ လုံခြုံရေးအင်အားတွေ ညနေပိုင်းမှာ တိုးချဲ့ချထားတာရှိတယ်လို့ ဆည်တဲရွာ ဒေသခံတဦးက ဆိုပါတယ်။

“သပိတ်စခန်း နောက်ဆုံးအခြေအနေက အခု ဒီ ကျမတို့နဲ့ မျက်နှာချင်းဆိုင်ပေါ့နော် အာဏာပိုင်တွေဘက်က အခုလောလောဆယ်မှာ မီးသတ်ကားတွေနဲ့ ဓာတ်ဆီကားတွေ ချထားတာတွေ့ရတယ်။ အင်အားတော်တော်များများလည်း ထပ်ချထားတယ်အမ။ မနက်ကတော့ စပီကာနဲ့အော်ပြီးတော့ လူစုခွဲခိုင်းတာတော့ ရှိတယ်အမ။”

လက်ပံတောင်းအရေးနဲ့ပတ်သက်လို့ ပြည်တွင်းပြည်ပ တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးအဖွဲ့အစည်းတွေ အရပ်ဘက်အဖွဲ့အစည်းတွေအပြင် အမေရိကန်နိုင်ငံကလည်း သေချာစွာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG