သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ အသေးစားချေးငွေတွေ ပြန်ဆပ်ဖို့ အမိန့်ထုတ် 


မြန်မာ့လယ်ယာလုပ်ငန်းခွင်
မြန်မာ့လယ်ယာလုပ်ငန်းခွင်

ကိုဗစ်ကာလ စီးပွားရေးလုပ်ငန်းတွေကို ထုတ်ချေးထားတဲ့ ချေးငွေတွေအားလုံးကို အခုလာမဲ့ဇူလိုင်လမှာ နောက်ဆုံးထား ပြန်မဆပ်ဘူးဆိုရင် လုပ်ငန်းလိုင်စင်တွေ ယာယီပိတ်သိမ်းမယ်လို့ ဖိအားပေးခံနေရကြောင်း လုပ်ငန်းရှင်တွေက ဗွီအိုအေကိုပြောပါတယ်။ စစ်ကောင်စီရဲ့ ကိုဗစ် ကုစားရေးလုပ်ငန်းကော်မတီကတော့ ဇူလိုင်လ ၁ ရက်မှာ နောက်ဆုံးထားပြန်ဆပ်ကြရမယ်လို့ ကြေညာချက်ထုတ်ပြန်ထားတာပါ။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။

အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေ အပါအဝင် တောင်သူလယ်သမားတွေ ချေးယူထားတဲ့ ကိုဗစ်ကာလက ချေးငွေတွေကို အခုလာမဲ့ ဇူလိုင်လ ၁ ရက်မှာ နောက်ဆုံးထားပြီး ပြန်ဆပ်ကြဖို့ စစ်ကောင်စီက နိုင်ငံပိုင် သတင်းစာတွေကနေ ဇွန်လ ၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာထားပါတယ်။ တနှစ်ကို ၁% အတိုးနဲ့ ထုတ်ချေးထားပြီး သတ်မှတ်ထားတဲ့ သုံးနှစ်သက်တမ်းကို ကျော်လာတဲ့အတွက် ပြန်ဆပ်ကြဖို့ အသိပေးကြေညာတာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လုပ်ငန်းရှင်တချို့ကတော့ ကိုဗစ်အပြီးမှာ အာဏာသိမ်းလိုက်တဲ့အတွက် စီးပွားရေးတွေ ကမောက်ကမဖြစ်ပြီး လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲနေကြောင်း ဗွီအိုအေကို ပြောပါတယ်။ တချို့ဒေသတွေမှာ စစ်ကောင်စီရဲ့ အောက်ခြေအုပ်ချုပ်ရေး ဌာနတွေက အကြွေးပြန်ဆပ်ကြဖို့ လုပ်ငန်းရှင်တွေကို ဖိအားပေး ပြောဆိုနေတယ်လို့လည်း ဆိုပါတယ်။ လုပ်ငန်းလိုင်စင် ယာယီပိတ်သွားမယ်လို့လည်း အုပ်ချုပ်ရေးဌာနတွေရဲ့ အသိပေးစာတွေမှာ ရေးသားထားပါတယ်။

ကိုဗစ်ကာလတုန်းက အသေးစား ကုန်ထုတ်လုပ်ငန်းရှင်တွေ အပါအဝင် လယ်ယာစိုက်ပျိုးသူတွေ၊ တနိုင်တပိုင် စျေးရောင်းချသူတွေလည်း ချေးငွေယူခဲ့ကြတာပါ။ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာတော့ ချေးငွေပြန်ဆပ်ဖို့ အသံချဲ့စက်နဲ့ လိုက်လံကြေညာတာရှိကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောပါတယ်။

" ဘယ်နေ့နောက်ဆုံးဆိုပြီးတော့ အသံချဲ့စက်နဲ့ ကြေညာပြီး ခေါ်တာပဲ။ ခေါ်ပြီးတော့ တောင်းတဲ့အခါကြတော့ လယ်သမားတွေက ချေးငွေတွေကို မဆပ်နိုင်ရင် တပ်နဲ့ပေါ့နော် ခေါ်ပြီးတော့ ဆွဲတယ်ဘာညာနဲ့ အဲလိုမျိုး ဖြစ်မှာစိုးလို့ တချို့ကြတော့လည်း ၁၀တိုးတွေနဲ့ ယူပြီးတော့ပေါ့နော် ဆပ်တာမျိုးတွေရှိတယ်။ ဒီဘက်မှာကြတော့ စျေးသည်တွေ အများဆုံးယူကြတာတွေရှိတယ်။"

အလားတူပဲ ကိုဗစ်ကာလတုန်းက ချေးငွေရယူထားတဲ့ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းက လက်လုပ်လက်စား အလုပ်သမားတွေနဲ့ အသေးစား စက်မှု၊ လက်မှု လုပ်ငန်းရှင်တချို့ကတော့ သူတို့ကိုလည်း အသိပေး အကြောင်းကြားထားကြောင်း ဗွီအိုအေကို ပြောပါတယ်။ တကယ်တော့ ကိုဗစ်ကာလမှာ ချေးငွေရယူခဲ့သူ အများစုဟာ အခြေခံလူတန်းစားနည်းပြီး လက်သင့်ရာ၊ နီးစပ်ရာလူတွေက ချေးငွေအများအပြားကို ယူခဲ့ကြောင်း ယခင် မန္တလေးအစိုးရနဲ့ နီးစပ်သူတဦး ဗွီအိုအေကို ပြောပါတယ်။ အခုထိလည်း လက်ရှိဌာနဆိုင်ရာနဲ့ နီးစပ်သူတွေဟာ ဒီအကြွေးတွေကို ပြန်ဆပ်ဖို့ မစဉ်းစားကြောင်း သူကပြောပါတယ်။

" အမှန်အတိုင်းပြောရရင် သူတို့ထဲကလူတွေ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်တဲ့ကောင်တွေယူတာ၊ ယူပြီး မပေးတာလည်း အဲကောင်တွေပဲ။ ရသမျှ အချိန်ဆွဲနေတာလို့ ကျနော်ထင်တယ်။ အများပြည်သူထဲကို စီးသွားတဲ့ပိုက်ဆံ မဟုတ်ဘူး။ အဲဒီတော့ အဲလိုအချိန်က ရခဲ့တယ်ဆိုတဲ့ သူတွေပေါ့နော် အဲလူတွေက အော်ကြီးဟစ်ကျယ်နဲ့ လက်ခမောင်းခတ်ပြီးတော့ ဘာမှမပြော တိတ်တိတ်ပဲ ယူသွားကြတာ၊ သူတို့အဝန်းအဝိုင်းလေးကတော့ သိကြတယ်။ နှစ်ကလည်း ၂၀ကနေ အခု၂၄ နှစ်ပဲ သုံးလေးနှစ်ကြာတော့ ဒါတွေ မေ့မေ့ပျောက်ပျောက်ဖြစ်နေပြီ။ အခု အချိန်မှ သူတို့ထအော်တာ။ အဲဒီတော့ လုပ်ထုံးလုပ်နည်း အမှန်နဲ့ သွားတဲ့ခေတ်ဆိုတာ တကယ်တမ်းပြောရင် မရှိသေးဘူးဗျ။"

မေလလယ်လောက်မှာ ကျင်းပခဲ့တဲ့ စစ်ကောင်စီကိုဗစ်ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီရဲ့ အစည်းအဝေးမှာတော့ ၂၀၁၉-၂၀၂၀ ကာလထဲ ထုတ်ချေးထားတဲ့ ကျပ်ငွေဘီလီယံ ၁၅၀ ထဲက ၂၀ ဘီလီယံ ပြန်ရခဲ့ကြောင်း အတည်ပြုခဲ့တယ်လို့ ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG