သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ ရန်ကုန်မှာအခက်ကြုံသူတွေ နေရပ်ပြန်ပို့ပေးနေ


ရန်ကုန်တွင် အများသုံးယာဉ်စီးနင်းနေသူများ။ ( ဒီဇင်ဘာလ ၇-၂၀၂၀)
ရန်ကုန်တွင် အများသုံးယာဉ်စီးနင်းနေသူများ။ ( ဒီဇင်ဘာလ ၇-၂၀၂၀)

( ZAWGYI/UNICODE) ကိုဗစ်ကာလ ရန်ကုန်မှာ ပိတ်မိနေသူတွေကို အသုတ်လိုက် နေရပ်ပြန် ပို့ပေးနေတဲ့ အခြေအနေ ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် အဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးနေတာကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အသွားအလာကန့်သတ်ပြီး အိမ်ပြင်မထွက်ဖို့ အမိန့်ကို ထုတ်ပြန်ထားတဲ့အချိန်မှာ တချို့လုပ်ငန်းတွေ ရပ်နားထားရ တာကြောင့် အနယ်နယ်အရပ်ရပ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်ကြတဲ့ အလုပ်သမားတွေ အခက်အခဲနဲ့ ပိုမိုရင်ဆိုင်လာနေကြပြီး စားဝတ်နေရေး ကြပ်တည်း လာလို့နေရပ်ပြန်ချင်လာကြတာပါ။

အဲ့ဒီ့လူတွေကို အကူအညီပေးရေးအဖွဲ့တွေက အစိုးရခွင့်ပြုချက်နဲ့ သက်ဆိုင်ရာ ဒေသအသီးသီး ထံပြန်ပို့ဆောင်ပေးနေကြပါတယ်။ ရန်ကုန်မှာ အခက်အခဲကြူံနေတဲ့ ရခိုင်ပြည်သူတွေ လာမယ့် ၂၈ ရက်နေ့ နေရပ်ပြန်ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ လေးဝတီကုလရက္ခိတအသင်း ဒုတိယဥက္ကဋ္ဌ ဦးတင်လှိုင်က ပြောပါတယ်။

“အခုကျနော်တို့ ပို့လိုက်တာက ကျောက်ဖြူ၊ ရမ်းဗြဲ၊ ဇနဲ၊ဇင်ချောင်း အဲ့လေးနေရာကို လူတစ်ထောင်ဝန်းကျင်ရှိသွားပြီးပေါ့နော်၊အခုလက်ရှိမှာ နောက်ထပ် တစ်ထောင်ကျော်လောက် ကျန်နေပါသေးတယ်၊ ကျနော်တို့အခုဆက်လက်ပြီးတော့ ၂၈ ရက်နေ့ကို ပို့ဖို့အစီစဉ်ရှိပါတယ်၊ အဲ့ဒါကို
မနက်ဖြန်နဲ့ သန်ဘက်ခါ လက်မှတ်ဖြတ် လူဦးရေက ထွက်လာမယ်။ ဘယ်လိုဖြစ်လို့
ပြန်ချင်လဲ မေးလိုက်တော့ ဒီဘက်မှာ တချို့ကျ အိမ်လစာကမပေးနိုင်တော့ဘူး၊
ထမင်း စားဝတ်နေရေးက အခက်အခဲဖြစ်သွားပြီပေါ့နော်၊ အဲ့ဒါတွေလည်း များသလို
ဆေးလာကုရင်းနဲ့ ပိတ်မိတာလေးတွေ အဲ့ဒါလည်း များပါတယ်ခင်ဗျ။”

ရန်ကုန်မှာ ပိတ်မိနေတဲ့ ရခိုင်ပြည်သူတွေကို အသုတ်လိုက်ပြန်လည်ပို့ဆောင်ပေးတာ သုံးကြိမ်ရှိပြီး လက်ရှိမှာ လေးကြိမ်မြောက်ပြည်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့လည်း ဦးတင်လှိုင်က ပြောပါတယ်။ အလားတူ နေရပ်ပြန်ဖို့ အခက်အခဲကြုံနေတဲ့ ထားဝယ် ကော့သောင်း ဒေသခံပြည်သူတွေကိုလည်း ထားဝယ်ဒေသ လူထုအခြေပြု အထောက်အကူပြုအဖွဲ့ကခေါ်ယူပို့ဆောင်ခဲ့တယ်လို့ အတွင်းရေးမှူး ဦးဇော်သန့်က ပြောပါတယ်။

“ကျနော်တို့က အခုဆိုရင် ပထမအကြိမ် ဒုတိယအကြိမ်နှစ်ကြိမ်တောင်ပြီးသွားပြီခင်ဗျ၊ ပထမအကြိမ်ကတော့ ကားအစင်;စုစုပေါင်း ၅စီးပေါ့နော် Express ၅ စီး လူက တစ်စီးကို ၂၂ယောက်ဆိုတော့ ၁၁၀ ပေါ့။ အခုဒုတိယအသုတ်ကျတော့ ၇ စီး၊ ၇ စီးဆိုတော့ လူဦးရေစုစုပေါင်း ၁၅၉ ယောက်ခင်ဗျာ၊၁၆ ရက်နေ့က ဒုတိယအကြိမ်ပြီးသွားပြီခင်ဗျာ နှစ်ကြိမ်တော့ ပြီးသွားပြီ၊နှစ်သုတ်လုံးကို ကျနော်တို့ စီစဉ်ထားတဲ့ Quarantine မှာပဲ ဝင်ရပါတယ်၊ထားဝယ် တက္ကသိုလ်မှာ အထူးအဆောင်မှာ စီစဉ်ပေးထားပါတယ်၊ အဲ့ဒီမှာ
နှစ်ယောက်အခန်းနေရပါတယ်၊ အိမ်သာ၊ ရေချိုးခန်းအကုန်လုံးပြည့်စုံပါတယ်။”

ရန်ကုန်မှာ အလုပ်လာနေလုပ်တဲ့ ထားဝယ်က ဒေါ်စိုးစိုးနွယ်ကလည်း တိုက်ခန်း အခန်းကျဉ်းလေး နဲ့ နေထိုင်လာတာကြာပြီဖြစ်လို့ နေရပ်ကို ပြန်ချင်တာကြောင့် မိမိအစီစဉ်နဲ့ ပြန်ဖို့လုပ်နေတယ်လို့ ပြောပါတယ်။

“ဒီမှာကလည်း ပိတ်မိနေတာကြာပြီးဆိုတော့ရှင်းရှင်းပြောရရင်တော့ ရန်ကုန်မှာ နေရတဲ့ တိုက်ခန်းလေးတွေက ကျဉ်းကမွန်ကျပ် တယ်၊ work from home ကာလမှာ အွန်လိုင်းကပဲ အလုပ်လုပ်တယ်ဆိုတော့ကိုယ့်ဒေသကို မပြန်ရတာကြာပြီးဆိုတော့ အဲ့လိုမျိုး ပြန်ပြီးရင်လည်းအွန်လိုင်းက အလုပ်လုပ်လို့ရတယ်ဆိုတဲ့ အနေအထားလည်းရှိနေတော့ခဏပြန်မယ်ပေါ့နော် မပြန်ရတာလည်း ကြာပြီးဆိုတော့ အဓိကတော့ မွန်းကျပ်တာပေါ့ရန်ကုန်မှာနေရတဲ့ အနေအထားကအလိုဖြစ်တော့ ပြန်ချင်တယ်အဲ့လိုမျိုးပေါ့။”

ပရဟိတအဖွဲ့တွေ အကူအညီနဲ့ နေရပ်ပြန်သူတွေအနေနဲ့ ကျန်ကျစရိတ်ကို ကိုယ်တိုင်ကျခံရမှာဖြစ်ပြီး နေရပ်ပြန်ရောက်တဲ့အခါ ကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်ပြီးတော့ စောင့်ကြည့်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်းထုတ်ပြန်ပြီး စာရင်းအရ ပြည်တွင်းမှာ ကပ်ရောဂါကြောင့်သေဆုံးသူ ၂,၃၀၀ ကျော်နဲ့ ရောဂါအတည်ပြု လူနာပေါင်းကတော့၁၁၃,၀၀၀ ကျော်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်











XS
SM
MD
LG