သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CPJ သတင်းလွတိလပ်ခွင့်ဆု ဧရာဝတီ ကိုအောင်ဇော် ရရှိ


ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော် (ဓာတ်ပုံ - ဖေ့ဘုတ်စ်လူမှုကွန်ယက်)
ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော် (ဓာတ်ပုံ - ဖေ့ဘုတ်စ်လူမှုကွန်ယက်)

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးနေပြီး သတင်းသမားတွေဟာ ဖိနှိပ်ဖမ်းဆီး ထောင်ချခံနေရတယ်လို့ သတင်းလွတ်လပ်ခွင့်ဆုရှင် ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော် က ပြောပါတယ်။

သူဟာ နိုဝင်ဘာလ ၂၅ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ CPJ သတင်းထောက်များ အကာကွယ်ပေးရေး ကော်မတီရဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို တက်ရောက်ပြီး ကိုယ်တိုင် ဆုကို လက်ခံရယူခဲ့ပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

CPJ ရဲ့ Press Freedom Awards နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆု ၂၀၁၄ ခုနှစ်အတွက် ချီးမြှင့်ခံရတဲ့ ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော် ကတော့ ဒီဆုဟာ မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့် လှုပ်ရှားနေသူတွေကို နိုင်ငံတကာက အကာအကွယ်ပေး၊ အသိအမှတ်ပြုတဲ့ ဆုအဖြစ် ခံယူကြောင်း ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျနော့်ရဲ့ ဒီ ဧရာဝတီ team တခုလုံးရော၊ နောက် မြန်မာပြည်တွင်းမှာ press freedom နဲ့ ပတ်သက်ပြီးတော့ independent journalism နဲ့ ပတ်သက်ပြီးတော့ promote လုပ်နေတဲ့ သူတွေကိုလည်း ပေးတယ်လို့ ကျနော့်အနေနဲ့ ခံစားရတယ်။ အဲ့ဒါကိုလည်း ကျနော် share လုပ်ပါတယ်။ ဒီဆုကလည်း ဒီလိုအချိန်မျိုးမှာ ရွေးပေးတဲ့ကာလဖြစ်တယ်ဆိုတော့ မြန်မာပြည်မှာ နောက်ကို ပြန်သွားနေတဲ့အချိန် ဖြစ်တယ်ဆိုပြီး ပြောနေကြတဲ့၊ မြင်နေကြတဲ့ကာလ၊ ပဋိပက္ခတွေလည်း ပိုပြီးတော့ များလာတဲ့ကာလ၊ တိုင်းပြည်မှာဆိုရင်လည်း press freedom ကို promote လုပ်နေတဲ့ journalist တွေ၊ အယ်ဒီတာတွေ ပြန်ပြီး ထောင်ချခံနေရတဲ့ကိစ္စ အဲ့ဒါမျိုးတွေနဲ့ ပတ်သက်တယ်ဆိုတော့ ဒီဆုက ဧရာဝတီကိုရော၊ တခြား journalist တွေ၊ reporter တွေကိုလည်း အကာအကွယ်တခု အနေနဲ့ ပေးတယ်၊ အသိအမှတ်ပြုတဲ့ ပုံစံမျိုးလို့ ကျနော်တော့ အဲ့လိုမျိုး ခံစားရတယ်ပေါ့။”

ဧရာဝတီသတင်းဌာနကို ၁၉၉၃ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ စတင်တည်ထောင်ခဲ့တာပါ။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကြောင့် ပြည်ပအခြေစိုက် သတင်းမီဒီယာတချို့ ပြည်တွင်းမှာ သွားရောက် လုပ်ကိုင်ခွင့်ရတဲ့အထဲ ဧရာဝတီလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့သတင်းဌာနအနေနဲ့ ပြည်တွင်းသတင်းဖော်ပြချက်တွေကို သတိထား စောင့်ကြည့်ခံနေရတယ်လို့ ကိုအောင်ဇော် က အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီ ပြန်ဝင်ခွင့် ရတယ်ဆိုကတည်းကပေါ့လေ ကျနော်တို့လို အပြင်မှာနေတဲ့ သူတွေကို ဖိတ်ခေါ်တယ် ပြောတော့လည်း ကျနော်တို့ ဝင်သွားတယ်ပေါ့လေ ဒါပေမဲ့ အဲ့ဒီကာလအတွင်းမှာ ကျနော်တို့က အရင်လိုပဲ ကျနော်တို့ရဲ့ ရှိနေတဲ့ space ကို ကျနော်တို့က မိမိအသံကို မပျောက်ဘဲနဲ့ မြန်မာထဲမှာဖြစ်နေတဲ့ မြေယာသိမ်းတဲ့ ကိစ္စတွေ၊ နောက်ပြီးတော့ အကြမ်းဖက်တဲ့ ကိစ္စတွေ၊ နောက် အခု ဖြစ်နေတဲ့ ဘာသာရေး အဓိကရုဏ်းတွေ နောက် journalist တွေ၊ သတင်းထောက်တွေကို ဖမ်းဆီးနှိပ်ကွပ်တဲ့ ကိစ္စတွေ၊ နောက် မြန်မာပြည်မှာ အကြီးအကျယ် လိုအပ်နေတဲ့ national reconciliation ပေါ့နော် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ ကိစ္စတွေ၊ corruption တွေ၊ အဲ့ဒီ scandal တွေ တော်တော်များများကို ကျနော်တို့က စိုက်လိုက်မတ်တပ်ကို ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ကျနော်ထင်တယ်၊ အစိုးရ ကိုယ်တိုင်ကိုက ကျနော်တို့ကို တော်တော် မျက်မုန်းကျိုးပြီး ခေါ်ယူကြိမ်းမောင်းတာတွေ ခေါ်ယူပြီးတော့ ကျနော်တို့ကို tone down လုပ်ဖို့ပြောခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။”

ဒါ့အပြင် အရင် စစ်အစိုးရ လက်ထက်ကထက်စာရင် သတင်းမီဒီယာ လွတ်လပ်ခွင့် ရလာတယ်ဆိုပေမဲ့ လက်ရှိ အာဏာရအစိုးရဟာ သတင်းသမားတွေကို ဖမ်းဆီးအရေးယူ၊ ထောင်ချ စတာတွေနဲ့ ဖိနှိပ်လာနေတယ်လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၂၀၁၁၊ ၂၀၁၂ က ရခဲ့တဲ့ ကျနော်တို့ space က ပြန်ပြီးတော့များ နည်းသွားပြီလားဆိုတဲ့ စိုးရိမ်မှုတွေ ကျနော်တို့ ကိုယ်တိုင်မှာ ရှိပါတယ်။ ဒီဟာကိုလည်း ကျနော်တို့ ဒီမှာပဲ briefing တွေမှာလည်း ကျနော်တို့ အဲ့ဒါကို ပြောနေတယ်။ ဘာကြောင့်လဲဆိုတော့ cronies media တွေ ပေါ်လာတယ်။ ဗိုလ်ချုပ်တွေရဲ့သားသမီးတွေက မီဒီယာတွေကို သူတို့မှာပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့ ဝယ်ထားတာတွေ အများကြီးရှိတယ်။ အထူးသဖြင့် ဒီပြန်ကြားရေးဝန်ကြီးဌာနက အခုထက်ထိ အသက်ရှိနေသေးတယ်။ ချုပ်ကိုင်ထားတာလည်းရှိတယ်။ အထူးသဖြင့် တယ်လီဗေးရှင်းနဲ့ ရေဒီယို ကို သူတို့ပဲ ထိန်းချုပ်ထားတယ်။ အဲ့ဒါတွေကတော့ ကျနော်ထင်တယ် မြန်မာပြည်အတွက် မကောင်းတဲ့ လက္ခဏာတွေပဲလို့ ကျနော်တို့ ယူဆရတယ်ပေါ့။ နောက်ပြီးတော့ သတင်းထောက်တွေ၊ journalist တွေကို အခု ၁ နှစ်၊ ၂ နှစ်အတွင်းမှာ ပြန်ပြီးတော့ ဖမ်းဆီးလာတဲ့ကိစ္စတွေ၊ တချို့ကိစ္စက defamation လောက်ပဲ သွားရမယ့်ကိစ္စမျိုး၊ ဒါမှမဟုတ်ဘဲနဲ့ civilian court မှာ fine ပေးလို့ရလျက်သားနဲ့ လျော်ကြေးပေးလို့ ရလျက်သားနဲ့ မဟုတ်ဘဲနဲ့ ထောင်ချပစ်တာတွေ၊ ထောင်ချတဲ့ အခါမှာလည်း အရင်တုန်းက ဗြိတိသျှ law တွေကိုပဲ ပြန်သုံးပြီးတော့ ထောင်ချပစ်တာတွေ၊ ၅ နှစ်ကနေ ၁၀ နှစ် ချပစ်တာတွေက ကျနော်ထင်တယ် ကောင်းတဲ့အလားအလာ မဟုတ်ဘူးပေါ့။”

CPJ ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းသမား ၈ ဦး ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်အတွက် CPJ ရဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုအတွက် ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော်ကို ရွေးချယ်ချီးမြှင့်ရတဲ့ အကြောင်းရင်းထဲမှာ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မတိုင်ခင် ပြည်ပလှုပ်ရှားမှုတွေမှာ မြန်မာနိုင်ငံ သတင်းဖော်ပြချက်တွေနဲ့ ပတ်သက်လို့ ဧရာဝတီသတင်းဌာနဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အရေးပါခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း အမေရိကန်ပြည်ထောင်စု Stanford တက္ကသိုလ်ကချီးမြှင့်တဲ့ Shorenstein သတင်းသမားဆုကို အယ်ဒီတာချုပ် ကိုအောင်ဇော် က လက်ခံရရှိခဲ့ပါတယ်။

အခု CPJ က ချီးမြှင့်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုကို ကိုအောင်ဇော်ဟာ အခြား နိုင်ငံခြားသတင်းထောက်တွေဖြစ်တဲ့ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ အီရန်သတင်းထောက် Siamak Ghaderi၊ ရုရှား Dozhd TV သတင်းဌာန အယ်ဒီတာ Milhail Zygar နဲ့ တောင်အာဖရိက City Press သတင်းစာအယ်ဒီတာ Ferial Haffajee တို့နဲ့အတူ ရရှိခဲ့တာပါ။

CPJ ရဲ့ ၂၄ ကြိမ်မြောက် ဆုပေးပွဲ အခမ်းအနားကိုတော့ နယူးယောက်မြို့မှာ နိုဝင်ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့ပြီး ကမ္ဘာ့သတင်းဌာနတွေဖြစ်တဲ့ CNN, Reuters နဲ့ Google တို့ကလည်း ပါဝင်ကူညီခဲ့ကြပါတယ်။

XS
SM
MD
LG