မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းနေတဲ့ မြန်မာဘက်က ရှမ်းပြည်နယ်နဲ့ လာအိုနိုင်ငံ Bokeo ခရိုင် နယ်မြေနှစ်ခုကြားဟာ ရာဇ၀တ်မှုလုပ်ငန်းတွေ ကြီးထွားရာနယ်မြေတခုအဖြစ် ပေါ်ပေါက်လာခဲ့ပြီး အဲ့ဒီလုပ်ငန်း အများစုဟာ နိုင်ငံရဲ့ အာဏာပိုင်တွေ လက်လှမ်းမမီနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ ICG က ဒီနေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲ့ဒီဒေသမှာ တရားဝင်မှု မရှိတဲ့ ကာစီနိုလောင်းကစားရုံတွေ၊ ငွေကြေးခဝါချတဲ့ လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းတွေ၊ အွန်လိုင်းလောင်းကစား လိမ်လည်လှည့်မှုတွေနဲ့ တရားမဝင် တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းတွေ ကြီးထွားလာနေပြီး၊ အကျင့်ပျက်ခြစားမှုတွေလည်းဖြစ်ပေါ်နေကာ၊ အုပ်ချုပ်ရေး လုပ်ငန်းတွေမှာလည်း အားနည်းမှုတွေဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲ့ဒီမှာဖြစ်နေတဲ့ လူမှုစီးပွားပြဿနာတွေနဲ့ အုပ်ချုပ်မှုပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးတကြီးလိုအပ်နေပေမဲ့လည်း၊ ဒေသတွင်းမှာ တရုတ်နဲ့ အမေရိကန်တို့ ရဲ့အားပြိုင်မှုက လက်ရှိအခြေအနေတွေကို ပိုပြီး ရှုတ်ထွေးစေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကီလိုမီတာ ၁၀၀ လောက် နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာ-လာအိုနယ်စပ် မဲခေါင်ဒေသမှာ အခုလို တရားမဝင် ကုန်သွယ်မှု လုပ်ငန်းတွေဟာ နှစ်ပေါင်းများစွာကတည်းက ကြီးထွားနေတာလည်း ဖြစ်ပါတယ်။
မကြာသေးမီဆယ်စုနှစ်အတွင်းမှာ တရုတ်ဘက်ကလည်း မဲခေါင်မြစ်ကို တရုတ်နဲ့ အရှေ့တောင်အာရှအတွက် အဓိက သယ်ယူပို့ဆောင်ရေး လမ်ကြောင်းအဖြစ် မျှော်မှန်းခဲ့ပေမဲ့ ရာဇဝတ်မှု လုပ်ငန်းတွေနဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေတွေက ဒီမျှော်မှန်းချက်ကို အဟန့်အတားဖြစ်စေတယ်လို့လည်း ICG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။