သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရိုင်းမီးယား ရုရှားနဲ့ ပူးပေါင်းမှု ကုလ အသိအမှတ်မပြု


ကုလသမဂ္ဂ အထွေထွေညီလာခံ ယူကရိန်းနိုင်ငံဆိုင်ရာ ဆန္ဒမဲစာရင်း (မတ်လ ၂၇၊ ၂၀၁၄၊ ကုလသမဂ္ဂဌာနချုပ်)
ကုလသမဂ္ဂ အထွေထွေညီလာခံ ယူကရိန်းနိုင်ငံဆိုင်ရာ ဆန္ဒမဲစာရင်း (မတ်လ ၂၇၊ ၂၀၁၄၊ ကုလသမဂ္ဂဌာနချုပ်)
ခရိုင်းမီးယားဒေသမှာ လူထုဆန္ဒခံယူပွဲ ကျင်းပပြီး ရုရှားနိုင်ငံနဲ့ ပူးပေါင်းခဲ့တာဟာ တရားဝင်မှု မရှိကြောင်းနဲ့ ယူကရိန်းနိုင်ငံပိုင် နယ်မြေကို ရုရှားနိုင်ငံတွင်း သွတ်သွင်းလိုက်တာကိုလည်း အသိအမှတ် မပြုတဲ့အကြောင်း ဆုံးဖြတ်ချက် တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက တခဲနက် အတည်ပြုလိုက်ပါတယ်။

ယူကရိန်းနိုင်ငံက ကမကထလုပ် တင်သွင်းတဲ့ ဆုံးဖြတ်ချက်ကိုတော့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၀၀ က ထောက်ခံခဲ့ကြပြီး၊ ကန့်ကွက်မဲ ၁၁ မဲ၊ ကြားနေမဲ ၅၈ မဲနဲ့ အတည်ပြုခဲ့တာပါ။ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလို ဗီတိုအာဏာနဲ့ ပယ်ချလို့ မရပေမဲ့ မလိုက်နာမဖြစ် လိုက်နာရမယ့် ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ပါဘူး။

ခရိုင်းမီးယား ခွဲထွက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ တင်သွင်းဖို့အတွက်ကာတော့ ဗီတိုအာဏာရှိတဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် ရုရှားက ဟန့်တားထားပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံအတွက် ဒေါ်လာသန်း ၁ ထောင် အကူအညီပေးမယ့် အစီအစဉ်တရပ်ကို အမေရိကန် အထက်နဲ့ အောက်လွှတ်တော်တွေက ကြာသပတေးနေ့က အတည်ပြုခဲ့ကြတာပါ။

ရုရှားသမ္မတ Vladimir Putin နဲ့ ခရိုင်းမီးယား ပူးပေါင်းရေးကို ထောက်ခံခဲ့ကြတဲ့ သူ့ရဲ့အနီးကပ် အကြံပေးပုဂ္ဂိုလ်တွေအပေါ် အရေးယူ ဒဏ်ခတ်မယ့် အစီအစဉ်တွေ ပါဝင်တဲ့ ဥပဒေမူကြမ်းတွေကိုတော့ လွှတ်တော် ၂ ရပ်ကြား အပြန်အလှန် ညှိနှိုင်းပြီးမှ ဥပဒေအဖြစ် ပြဌာန်းနိုင်ဖို့ သမ္မတက လက်မှတ် ရေးထိုးရမှာ ဖြစ်ပါတယ်။

အမေရိကန်က Gallup လူထုသဘောထား စစ်တမ်းမှာတော့ အမေရိကန်ဟာ ရုရှားနိုင်ငံနဲ့ စစ်အေးတိုက်ပွဲသစ်တခုနဲ့ ရင်ဆိုင်နေရပြီလို့ သဘောထားပေးသူ ထက်ဝက်လောက်က ယူဆနေတဲ့အကြောင်း ဖော်ပြခဲ့တာပါ။
XS
SM
MD
LG