သုံးရလွယ်ကူစေသည့် Link များ

ဆောက်လုပ်ရေးကိစ္စ အစိုးရ၊ လွှတ်တော်၊ စိစစ်ရေးကော်မတီနှင့် လုပ်ငန်းရှင်များကြား ဆွေးနွေးဖို့လို


ရန်ကုန်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမြင်ကွင်း။ (နိုဝင်ဘာ ၄၊ ၂၀၁၅)

လက်ရှိ ရန်ကုန်မြို့မှာရှိတဲ့ အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အထပ်တွေ လျော့ချခံရတာနဲ့ ပတ်သက်လို့ အစိုးရ၊ လွှတ်တော်၊ စိစစ်ရေးကော်မတီ နဲ့ လုပ်ငန်းရှင်တွေကြား တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်ကလည်း အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ ရပ်ဆိုင်းခံရတာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂီလင်း က ပြောပြပေးပါမယ်။

ရန်ကုန်မြို့မှာ လက်ရှိဆောက်လုပ်နေတဲ့ အထပ်မြင့်အဆောက်အအုံ ၁၂ လုံးဟာ စည်းကမ်းနဲ့ မကိုက်ညီတာကြောင့် အထပ်လျှော့ချဖို့ တိုင်းဒေသကြီးအစိုးရက ဆုံးဖြတ်ထားပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ သွားရောက်စစ်ဆေးတဲ့အခါမှာ စည်းကမ်းနဲ့ ကိုက်ညီနေတာကို တွေ့ရှိနေရတယ်ဆိုပြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်ကြား ကွဲလွဲမှုတွေ ဖြစ်နေပါတယ်။

၂၀၁၆ ခုနှစ်ဇွန်လထဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ဗိသုကာပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးပညာရှင်တွေနဲ့ အတူ မြို့တော်စည်ပင် နဲ့ တိုင်းအစိုးရအဖွဲ့ဝန်ကြီး တစ်ဦးပါဝင်တဲ့ ရန်ကုန်မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့တာပါ။ ကော်မတီအနေနဲ့ အထပ်မြင့် ၁၂ ထပ်နဲ့ ၂၉ ထပ်ကြား ဆောက်လုပ်မယ့် အဆောက်အအုံတွေကို ဇွန်လထဲမှာ စစ်ဆေးခဲ့ပြီး အဆောက်အအုံ ၁၂ လုံးကို စည်းကမ်းနဲ့ မကိုင်ညီတာကြောင့် အထပ်လျှော့ချဖို့ သတင်းထုတ်ပြန်ထားတာပါ။

ဒီလို အထပ်လျော့ခိုင်းတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ကြားခဲ့ပါတယ်။ ဒီလိုတိုင်ကြားခဲ့တာကြောင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီက ဦးဆောင်ပြီး အဆောက်အအုံတွေကိုပြန်လည် စစ်ဆေးတဲ့အခါမှာတော့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတာကိုတွေ့ရ တာကြောင့် တိုင်းအစိုးရကို သုံးသပ်ချက်အစီရင်ခံစာ တင်သွင်းထားပါတယ်။

VOA က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ အစိုးရအဖွဲ့ရဲ့ အစီရင်ခံစာအပေါ် တုံ့ပြန်မှုကို စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောပါတယ်။

တိုင်းလွှတ်တော်နဲ့ အစိုးရကြား ဒီလို ကွဲလွဲမှုတွေ ဖြစ်နေတာကြောင့် အဖွဲ့အစည်းတွေ တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းပြီး ဖြေရှင်းဖို့လိုအပ်တယ်လို့ NLD စီးပွားရေးကော်မတီဝင် ဦးမင်းခင်က သုံးသပ်လိုက်ပါတယ်။

"ဆိုတော့ ဒီအပေါ်မှာ အကောင်းဆုံးကတော့ အပြန်အလှန် ဘက်စုံပေါ့နော် တိုင်းလွှတ်တော်၊ တိုင်းအစိုးရ၊ သက်ဆိုင်ရာ ကာယကံရှင်တွေ အပြန်အလှန်အကြေအလည် ဆွေးနွေးပြီးတော့ အကောင်းဆုံး အဖြေတခုကို ရှာသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီလိုအခြေအနေက ဆောက်လုပ်ရေး ကဏ္ဍတင်မဟုတ်ဘူး တခြားကဏ္ဍတွေမှာလည်း ရှိတယ်။ ဧရာမစီမံကိန်းကြီးတွေ မှာလည်း ရှိနေတယ်။ ရှိနေတော့ အဲ့အပေါ်မှာ ကျနော်တို့ ရေရှည်အတွက် လမ်းကြောင်းမှန်မှာလည်းဖြစ်အောင် ရှေရှည် တရားသဖြင့် စနစ်တကျ နည်းလမ်းတကျ သွားနိုင်မယ့် လမ်းကြောင်းတခုလည်းဖြစ်အောင် ဒီအပေါ်မှာ မူ အနေနဲ့ စဉ်းစားထားသင့်တယ်။ "

အခု အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းတွေလိုပဲ အရင်အစိုးရလက်ထက်မှာ ခွင့်ပြုခဲ့တဲ့ စီမံကိန်းတွေ၊ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပြန်လည် စိစစ်တာမျိုးတွေ လုပ်ကိုင်တဲ့အခါ လက်ရှိအစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်လို့ ဦးမင်းခင်က ဆက်ပြီး သုံးသပ်လိုက်ပါတယ်။

" အရင်ဖြစ်ခဲ့တဲ့ ဒီဥစ္စာကို အခု ဒီလိုမျိုး အပြောင်းအလဲလုပ်ရတယ်ဆိုရင် ဘာကြောင့် အပြောင်းအလဲလုပ်ရတယ်။ အရင်ဘာတွေဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တာတွေ က ဘယ်လို ဆိုးကျိုးသက်ရောက်မှု တွေ ရှိနိုင်တယ်ဆိုတာမျိုးကို သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ပိုပြီးတော့ အများ နားလည်အောင် ပြောပြ ဖို့ ရှင်းပြဖို့ ကောင်းတယ်။ အဲ့လိုလုပ်နိုင်ရင် ပိုကောင်းမယ်။"

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်ကလည်း ဇူလိုင်လ ၂၁ ရက်နေ့ကပဲ သတင်းစာ ရှင်းလင်းပွဲကျင်းပပြီး တိုင်းအစိုးရရဲ့ အထပ်လျှော့ချဖို့ အကြောင်းပြချက်ကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့တာပါ။

အထပ်လျှော့ရမယ့် စာရင်းထဲပါဝင်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးသန်းနိုင် ကလည်း သူတို့ကို တိုက်ရိုက် ဆက်သွယ်ခဲ့တာမရှိဘဲ သတင်းစာကနေသာ တဆင့် ကြေညာချက်တွေ ထုတ်ပြန်တာဖြစ်တယ်လို့ အခုလို ပြောပါတယ်။

" ၅လပိုင်း ၁၄ရက်နေ့ပေါ့နော်။ အဲ့ဒီ့မှာစပြီးတော့ မူဝါဒအောင်ထားတဲ့ အဆောက်အဦးတွေကို တရားဝင်ရပ်ဆိုင်းဖို့ဆိုပြီး သတင်းစာမှာ တရားဝင်ကြေညာပါတယ်။ အကြောင်းပြချက်ကတော့ စိစစ်မယ်လို့ပဲ ပါတယ်။ ဘာဆိုတာ မပါဘူး။ ဘာကြောင့်ဆိုတာ မပါဘူးပေါ့နော်။ နောက်တခါကျတော့ ၅လပိုင်း ၂၀ရက်နေ့၊ ၂၄ရက်နေ့မှာ ခွင့်ပြုပြီးသား ဆိုင်းဘုတ် အစိမ်းပြပြီးသားပေါ့နော်။ အဲ့ဒီ့ ၁၂လုံးကို ထပ်ပြီးတော့ ရပ်ခိုင်းပါတယ်။ စည်ပင်ကနေ စာထွက်ပြီးတော့ တရားဝင် တခုချင်းစီပေါ့နော်။ အဲ့တာကျတော့။"

ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြား ပုဂိုလ်ရေး အကျိုးစီးပွားတွေနဲ့ ပတ်သက်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG