သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှ ဒုက္ခသည်အရေး နိုင်ငံတကာ ကူညီကြဖို့ ကန် တိုက်တွန်း


Rohingya Boat People
Rohingya Boat People

အရှေ့တောင်အာရှအတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူများအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဘယ်လို ကူညီဆောင်ရွက်ပေးနိုင်မလဲ ဆိုတာကို Tackling Southeast Asia’s Refugee Crisis ဆိုတဲ့ ခေါင်းစဉ်နဲ့ CSIS - နိုင်ငံတကာ မဟာဗျုဟာလေ့လာရေး တတ်သိပညာရှင်များအဖွဲ့က ဦးဆောင်ပြီး ဇွန်လ ၁၇ ရက်နေ့က ဝါရှင်တန် ဒီစီမြို့မှာ ဆွေးနွေးပွဲတခု ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့ လှေစီးပြေး ဒုက္ခသည်တွေအရေး ဆွေးနွေးပွဲကို အမေရိကန် အစိုးရက အရာရှိတွေ၊ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ရှိသူတွေ၊ အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနဲ့ တခြားဒုက္ခသည်တွေအရေး ဆောင်ရွက်နေကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေပါ တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလှေစီးပြေး ဒုက္ခသည်တွေရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ဒေသတွင်း နိုင်ငံတွေကို အမေရိကန် ပြည်ထောင်စုက အဓိကထား ပြောကြားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ဒုက္ခသည်များနဲ့ ရွှေ့ပြောင်း နေထိုင်သူများအရေးရုံးက မူဝါဒရေးရာ အရာရှိ Jessica Yucatan က အမေရိကန် အစိုးရရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
“အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ ဒုက္ခသည်တွေရဲ့ အသက်ကို ကယ်တင်ကြဖို့ အဓိက စိုးရိမ်တဲ့အတွက် ဒေသတွင်းနိုင်ငံတွေ အနေနဲ့ အသက်ကယ်တင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ သူတို့လိုက်ပါလာတဲ့ စက်လှေတွေကို ပင်လယ်ပြင်ထဲ ပြန်လွှတ်ခြင်းအားဖြင့် သူတို့ရဲ့ အသက်အန္တရာယ်ဘေးနဲ့ ရင်ဆိုင်ရတဲ့အဖြစ်မျိုးက ကာကွယ်တဲ့ အနေနဲ့ ပင်လယ်ပြင်ထဲ ပြန်မလွှတ်ကြဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။”

Jessica Yucatan ဟာ အမေရိကန် နိုင်ငံခြားရေးဌာန ဒုက္ခသည်များနဲ့ ရွှေ့ပြောင်း နေထိုင်သူများအရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Anne Richard နဲ့အတူ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာတဲ့ ခရီးစဉ်မှာ လိုက်ပါသွားသူတဦး ဖြစ်သလို ဒီလှေစီးပြေး ဒုက္ခသည်တွေအရေးအတွက် ဒေသတွင်းနိုင်ငံတွေက အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုတွေမှာလည်း ပါဝင်ခဲ့သူတဦး ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ဒုက္ခသည်များနဲ့ ရွှေ့ပြောင်း နေထိုင်သူများအရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Anne Richard အင်ဒိုနီးရှားရောက် ဒုက္ခသည်များ သွားရောက်ကြည့်ရှုစဉ်။ ဇွန်လ ၂၊ ၂၀၁၅
အမေရိကန် နိုင်ငံခြားရေးဌာန ဒုက္ခသည်များနဲ့ ရွှေ့ပြောင်း နေထိုင်သူများအရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Anne Richard အင်ဒိုနီးရှားရောက် ဒုက္ခသည်များ သွားရောက်ကြည့်ရှုစဉ်။ ဇွန်လ ၂၊ ၂၀၁၅

အရှေ့တောင်အာရှတိုက်အတွင်းက နိုင်ငံတွေကို ရောက်လာကြတဲ့ လှေစီးပြေး ရွှေ့ပြောင်း နေထိုင်သူတွေ အားလုံးဟာ မြန်မာနိုင်ငံလာကြတဲ့ ရိုဟင်ဂျာဆိုသူတွေချည်း မဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတွေလည်း ပါတယ်လို့ Jessica Yucatan က ဆက်ပြောပါတယ်။
“ကမ်းကပ်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄,၀၀၀ လောက်ထဲက အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတဲ့သူတွေ ဖြစ်ပါတယ်။ ကမ်းကိုကပ်လာသူ စုစုပေါင်းထဲက ၅၀ ကနေ ၇၀% နှုန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ဒေသတွင်း ပြဿနာအဖြစ် ရှုမြင်သုံးသပ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ မကြာသေးခင်က လှေစီးပြေး ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ဖို့ IOM - နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအရေး ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့ကို ဒေါ်လာ ၃ သန်း အထောက်အကူ ပေးခဲ့သလို၊ ပြီးခဲ့တဲ့ ၂ နှစ်တာ အတွင်းမှာလည်း ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာလို့ဆိုတဲ့ ဒုက္ခသည်များအရေး တခြားနိုင်ငံတွေမှာ အရေးယူ ဆောင်ရွက်နိုင်ဖို့ ဒေါ်လာ ၁၀၉ သန်း ထောက်ပံ့ပေးခဲ့ပြီး ဖြစ်တယ်လို့ Jessica Yucatan က ပြောပါတယ်။

ဒါပေမဲ့ United to End Genocide ဆိုတဲ့ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အဆုံးသတ်ရေးအတွက် ဆောင်ရွက်နေတဲ့အဖွဲ့က ညွှန်ကြားရေးမှူး Daniel Sullivan ဒီလှေစီးပြေး ဒုက္ခသည်တွေအရေးဟာ မြန်မာနိုင်ငံရဲ့ ပြဿနာဖြစ်တဲ့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရကို ပိတ်ဆို့အရေးမှုတွေ ချမှတ်ပြီး အရေးယူသင့်တယ်လို့ ထောက်ပြ ဆွေးနွေးခဲ့ပါတယ်။
“အမေရိကန် ပြည်ထောင်စုအနေနဲ့ ပိတ်ဆို့ အရေးယူမှု အများစုကို ဆိုင်းငံ့ထားခဲ့ပါတယ်။ ဒါ့အပြင် တိုင်းပြည်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေတဲ့ကြားက အဲဒီ ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်ပတ်သက်နေသူ တဦးချင်းစီအပေါ် ပစ်မှတ်ထား ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုမျိုး ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ တဦးအပေါ်မှာသာ ချမှတ်ခဲ့တာ ရှိပါတယ်။”

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ သူတို့ပေးထားတဲ့ ကတိတွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ ဖိအားပေး ဆောင်ရွက်သင့်တယ်လို့ Daniel Sullivan ပြောပါတယ်။ ဥပမာအားဖြင့် - အမေရိကန်သမ္မတ Barack Obama မြန်မာနိုင်ငံကို သမိုင်းဝင် ခရီးစဉ်အဖြစ် သွားရောက်ခဲ့တုန်းက သမ္မတ ဦးသိန်းစိန်အနေနဲ့ ကတိ ၁၁ ခု ပေးခဲ့တဲ့အကြောင်း၊ အဲဒီ ၁၁ ချက်ထဲက ၁ ချက်ကိုသာ အကောင်အထည်ဖော်ခဲ့တယ်လို့ ပြောလို့ရပြီး ကျန် ၁၀ ကိုတော့ လုံး၀ မသိကျိုးကျွန် ပြုထားတာ၊ ဒါမှမဟုတ် တပိုင်းတစပဲ အကောင်အထည် ဖော်တာမျိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ကတိ ၁၁ ချက်ထဲက အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတဲ့ ၁ ချက်ကတော့ မြန်မာနိုင်ငံမှာ UNHCR ရုံးဖွင့်ခွင့်ပြုမယ်လို့ သမ္မတ ဦးသိန်းစိန်က သမ္မတ အိုဘားမားကို ကတိပြုလိုက်တဲ့ အချက်ဖြစ်တဲ့အတွက် အဲဒီအချက် အကောင်အထည်ဖော်လာအောင် အမေရိကန် အစိုးရဖက်က ဆက်လက် ဖိအားပေးမယ်ဆိုရင် မြန်မာနိုင်ငံအတွင်းက ဒုက္ခသည်တွေအရေးကိစ္စကို UNHCR အနေနဲ့ အနီးကပ် စောင့်ကြည့်နိုင်မှာ ဖြစ်ကြောင်း Daniel Sullivan က ပြောပါတယ်။

အင်ဒိုနီးရှား နိုင်ငံရောက် လှေစီးပြေးတချို့။ မေလ ၂၇၊ ၂၀၁၅
အင်ဒိုနီးရှား နိုင်ငံရောက် လှေစီးပြေးတချို့။ မေလ ၂၇၊ ၂၀၁၅

ဒါပေမဲ့ ဆွေးနွေးပွဲ ဝင်ရောက် ဆွေးနွေးကြသူ အများစုကတော့ ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေအရေး ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ ဒေသတွင်းနိုင်ငံတွေ အနေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာချုပ်ကို လက်မှတ်ရေးထိုးကြဖို့ လိုအပ်သလို ဒေသတွင်းက လူကုန်ကူးမှုဂိုဏ်းတွေကို တိုက်ဖျက်ပြီး တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူကြဖို့ လိုအပ်တယ် ဆိုတာကို အဓိက မီးမောင်းထိုး ဆွေးနွေးသွားကြပါတယ်။ ဒီရိုဟင်ဂျာဆိုသူ ဒုက္ခသည်တွေ အဓိက ထွက်ပြေးရတဲ့ အကြောင်းရင်းတွေဖြစ်တဲ့ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ် ချုပ်ချယ်မှုတွေ အဆုံးသတ်ပြီး နိုင်ငံသား ဖြစ်ခွင့်ပြုရေးတို့အတွက် မြန်မာအစိုးရကို ဖိအားပေးဖို့ တိုက်တွန်း ပြောဆိုခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Pisan Manawapat ကတော့ ဒီကိစ္စမှာ မြန်မာအစိုးရကို အပြစ်တင်နေမယ့်အစား ထိတွေ့ ဆက်ဆံတဲ့နည်းနဲ့ အဖြေရှာတာက အဆင်ပြေနိုင်မယ့် အလားအလာ ပိုများတယ်လို့ ပြောပါတယ်။
“အာဆီယံဒေသတွင်း နိုင်ငံသားတဦး အနေနဲ့ရော ဗုဒ္ဓဘာသာဝင် တဦးအနေနဲ့ရော ကျနော့် အနေနဲ့ ပြောရမယ်ဆိုရင်တော့ - မြန်မာအစိုးရနဲ့ ဆက်ဆံတဲ့နေရာမှာ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုက အောင်မြင်တယ်ဆိုတာကို ထိုင်းနိုင်ငံရဲ့ အတွေ့အကြုံအရ ပြောနိုင်ပါတယ်။ မြန်မာအစိုးရနဲ့ ပြောမယ်၊ ဆိုမယ်၊ ထိတွေ့ ဆက်ဆံမယ်ဆိုရင် သူတို့မှာလည်း သူတို့အတွက် အကန့်အသတ်တွေ၊ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကို နားလည်ထားပြီး လေးစားမှု ပြသဖို့လိုတယ်လို့ ကျနော်ထင်ပါတယ်။ သူတို့အနေနဲ့ ရှေ့တိုး လုပ်ဆောင်လို့ရရင် သူတို့ လုပ်ကြမှာပါ။”

ရိုဟင်ဂျာဆိုသူတွေအရေး ဖြေရှင်းတဲ့နေရာမှာ အိမ်နီးချင်း အာဆီယံနိုင်ငံတွေနဲ့ ကုလသမဂ္ဂတို့က မြန်မာအစိုးရကို ပိုမိုဖိအားပေး လုပ်ဆောင်သင့်သလိုပဲ မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အီးယူနဲ့ ဗြိတိန်တို့ အပါအဝင် နိုင်ငံတကာ အသိုင်းဝိုင်းကလnf; ပါဝင်ဆောင်ရွက်လာအောင် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဆော်သြသင့်တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ပြောကြားခဲ့ကြပါတယ်။

XS
SM
MD
LG