သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ကျူးဘားအစိုးရ သဘောတူ


ကျူးဘားနိုင်ငံမှာ ၁၃၅ ရက်ကြာ အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသား ဂီလားမိုး ဖာရီးနပ်စ် (Guillermo Farinas) ဟာ ကျူးဘားအစိုးရက နိုင်ငံရေး အကျဉ်းသား ၅၂ ယောက် လွှတ်ပေးမယ်လို့ ကြေညာလိုက်တဲ့အတွက် အစာငတ်ခံ ဆန္ဒပြတာကို ရပ်ဆိုင်းလိုက်ပါပြီ။

အစိုးရ ဆန့်ကျင်သူ ဂိုက်စ်ကာ ဒယ်လ်ဂါးဒိုးက ဖာရီးနပ်စ် ကုသမှု ခံယူနေတဲ့ ဆေးရုံကို သွားရောက် အားပေးခဲ့ပြီးနောက် ဖာရီးနပ်စ် ဆန္ဒပြတာ အဆုံးသတ်လိုက်ပြီလို့ ကြာသပတေးနေ့က အတည်ပြုလိုက်ပါတယ်။

၈၅ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား အော်လန်ဒို ဇပါတာ (Orlando Zapata) သေဆုံးသွားပြီးနောက် ဖာရီးနပ်စ်က ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကစပြီး ရေနဲ့ အစားအစာ လက်မခံဘဲ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အကျဉ်းထောင်ကနေ ဆေးရုံကို ပြောင်းခဲ့ရပြီး နှာခေါင်းက ပိုက်သွင်းတဲ့နည်းနဲ့ အသက်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ကျူးဘားအစိုးရက နိုင်ငံရေး အကျဉ်းသား ၅ ယောက်ကို ချက်ချင်း လွှတ်ပေးဖို့နဲ့ ကျန် ၄၇ ယောက်ကိုတော့ လာမယ့်လတွေအတွင်း လွှတ်ပေးဖို့ သဘောတူခဲ့တယ်လို့ ကျူးဘား ရိုမန်ကက်သလစ် Church က ပြောပါတယ်။

ကျူးဘား ရိုမန်ကက်သလစ် Church တွေရဲ့ အကျဉ်းသားတွေ လွတ်မြောက်ရေး ကြိုးပမ်းမှုကို စပိန်နိုင်ငံက ထောက်ခံမှု ပေးနေပါတယ်လို့ ကျူးဘားခေါင်းဆောင်တွေနဲ့ တွေ့ခဲ့တဲ့ စပိန် နိုင်ငံခြားရေးဝန်ကြီး မီဂွဲလ် အန်ဂဲလ် မိုရန်တီးနို့စ် (Miguel Angel Moratinos) က ပြောပါတယ်။

လွှတ်ပေးဖို့ သင့်နေတာ ကြာပြီဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကျူးဘားအစိုးရက ကြေညာလိုက်တဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း မနေ့က ကြိုဆိုလိုက်ပါတယ်။

XS
SM
MD
LG