သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ နဲ့ အိန္ဒိယအရှေ့မြောက်ဒေသ


တိုက်ရိုက် လင့်ခ်

မြန်မာ့စီးပွားရေးမှာ တရုတ်ကြီးစိုးတယ်ဆိုပေမယ့် အိန္ဒိယ အရေးကြီးပုံကိုလည်း မေ့ထားလို့ မရပါဘူး။ မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးမှာ ထိုင်း၊ တရုတ်နဲ့ စင်္ကာပူပြီးရင် အိန္ဒိယဟာ စတုတ္ထအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပါတယ်။ အိန္ဒိယက မြန်မာ့ပဲမျိုးစုံကို အများဆုံး ဝယ်ယူနေတာကြောင့် ဝယ်ယူမှု ကန့်သတ်လိုက်တာနဲ့ ပြည်တွင်းပဲဈေးကွက် ကမောက်ကမ ဖြစ်ကုန်ပါတယ်။ အိန္ဒိယက ပဲဝယ်ယူပြီး တရုတ်က ဆီထွက်သီးနံှ ဝယ်ယူပါတယ်။ အိန္ဒိယအရှေ့မြောက်ပိုင်းဟာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ်၊ ဘူတန်၊ နီပေါလ်စတဲ့ နိုင်ငံတွေနဲ့ ထိတွေ့နေတာမို့ စီးပွားရေးလမ်းဆုံအဖြစ် အသုံးဝင်နေတဲ့ဒေသ ဖြစ်ပါတယ်။

အရှေ့မြောက်ဒေသ ဖွံ့ဖြိုးရေးကို အိန္ဒိယအစိုးရ စတင်အကောင်အထည်ဖော်တာ မကြာသေးပါဘူး။ အာသံပြည်နယ်အစိုးရဟာ ဂူဝါဟာတီမြို့တော်မှာ အရှေ့ပိုင်းဒေသ ဖွံ့ဖြိုးရေးရုံး ဖွင့်လှစ်တဲ့အထိ စိတ်ထက်သန်လာပါတယ်။ ဂူဝါဟာတီနဲ့ ဒါကာ၊ အင်ဖာနဲ့ မန္တလေး ခရီးစဉ်ကို ရှေ့နှစ်ကစပြီး ဘတ်စ်ကား ပြေးဆွဲတော့မယ်လို့ သိရပါတယ်။ ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေးနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း (၃) နိုင်ငံ အဝေးပြေးလမ်းမဟာလည်း အရှေ့မြောက်ဒေသ ဖွံ့ဖြိုးရေးမှာ အရေးကြီးပါတယ်။ အရှေ့မြောက်ဒေသနဲ့ ဘင်္ဂလားဒေ့ရှ်အကြား စီးပွားရေးကွန်ရက်ရှိပေမယ့် မြန်မာနဲ့ ဆက်သွယ်မှု အားနည်းနေပါတယ်။

လမ်းပန်းဆက်သွယ်ရေး နဲ့ သယ်ယူပို့ဆောင်ရေးစတဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရုံနဲ့ တိုးတက်ဖွံ့ဖြိုးလာတာ မဟုတ်ပါဘူး။ တိုးတက်ဖွံ့ဖြိုးအောင်လုပ်မယ့် လုပ်ငန်းရှင် လူတန်းစား ထွန်းကားဖို့အတွက် လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေး အခြေခံလည်း ကောင်းမွန်ဖို့ လိုပါတယ်။ ဒါပေမဲ့ အိန္ဒိယနဲ့ မြန်မာဟာ အခြေခံအဆောက်အအုံကိုတောင် မတည်ဆောက်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေးဟာ မဖြစ်စလောက်မို့ အိန္ဒိယ က ရေကြောင်းကုန်သွယ်ရေးကို အဓိကထားနေရပါတယ်။ အိန္ဒိယအရှေ့မြောက်ပြည်နယ်တွေနဲ့ မြန်မာပြည်ကို အပြန်အလှန် အကျိုးပြုတဲ့ စီးပွားရေးလုပ်ငန်းတွေရှိမှသာ နယ်စပ်ကုန်သွယ်ရေး ထွန်းကားမယ်လို့ ယုံကြည်သူတွေ ရှိပါတယ်။ တချို့ကလည်း အိန္ဒိယ တိုင်းရင်းသားသူပုန်ရှိနေလို့ ကုန်သွယ်ရေး မထွန်းကားတာလို့ ထောက်ပြကြပါတယ်။

ငွေကြေးတတ်နိုင်တဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနဲ့ စင်္ကာပူမှာ ဆေးကုသမှု ခံယူတာကို လူသိများပါတယ်။ အိန္ဒိယမြို့ကြီးတွေမှာ ခွဲစိတ်ကုသမှု ခံယူကြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နဲ့ ဘူတန်နိုင်ငံက လူနာတွေ အာသံပြည်နယ်၊ ဂူဝါဟာတီမှာ ဆေးရုံတက်ကြတာကိုတော့ လူသိနည်းပုံ ရပါတယ်။ အင်ဖာလ်မြို့ ရှီဂျားဆေးရုံမှာ လူနာ (၉၀) ရာခိုင်နှုန်းဟာ မြန်မာပြည်ကလာတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အိန္ဒိယအရှေ့မြောက်အရပ်ဟာ ပတ်ဝန်းကျင်ဒေသရဲ့ ကျန်းမာရေးမြို့တော်လို ဖြစ်နေပါတယ်။ ဆင်းရဲပေမယ့် ဆေးပညာမှာ အဆင့်အတန်းရှိတာကို အိမ်နီးချင်းနိုင်ငံတွေက အသိအမှတ်ပြုရတဲ့သဘော ဖြစ်ပါတယ်။ ကျန်းမာရေးမြို့တော်အဖြစ် လူသိများသလို ပညာရေးမြို့တော်အဖြစ် အသိအမှတ်ပြုလာအောင် အိန္ဒိယအစိုးရက ဖန်တီးပေးသင့်တယ်လို့ ယူဆကြပါတယ်။

အိန္ဒိယပြည် ရှစ်ရက်ခရီးအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံ့ခေါင်းဆောင်တဦးသဖွယ် ကြိုဆိုဧည်ခံတာကိုကြည့်ရင် ဗမာစစ်တပ်ကို ဦးစားပေးပြီး လက်တွေ့နိုင်ငံရေးကို အဓိကထားလာတာ ထင်ရှားပါတယ်။ နယ်စပ်သူပုန် နှိမ်နင်းရေးနဲ့ ကုန်သွယ်မှု တိုးမြှင့်ရေးဟာ မြန်မာနဲ့ အိန္ဒိယတို့ ဆွေးနွေးတဲ့ကိစ္စ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ ခိုလှုံလေ့ရှိတဲ့ အိန္ဒိယသူပုန် နှိမ်နင်းရာမှာ ဗမာစစ်တပ်အကူအညီရဖို့ဟာ အိန္ဒိယရဲ့ ဦးတည်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ်မှာ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ ရင်ဆိုင်နေရပြီး ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ကိုလည်း နှိမ်နင်းနေရတာကြောင့် အစိုးရတပ်ဟာ နယ်စပ်ဒေသတိုင်းမှာ ပြဿနာ တွေ့နေရပါတယ်။ တရုတ်တင်ပို့တဲ့ စစ်ပစ္စည်း (၇၀) ရာခိုင်နှုန်းကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ ပါကစ္စတန်တို့က ရယူနေတာဟာ အိန္ဒိယ သတိထားရမယ့်အချက်တခု ဖြစ်ပါတယ်။

ဗမာစစ်အစိုးရလက်ထက်ကတည်းက အပေးအယူလုပ်ပြီး လိုချင်တာကို ရယူနိုင်တဲ့ တရုတ်ရဲ့ သြဇာအရှိန်အဝါကို တန်ပြန်တွန်းလှန်ရေးဆိုတဲ့ အိန္ဒိယရဲ့ ရည်ရွယ်ချက်ဟာ စိတ်ကူးယဉ် အိပ်မက်အဆင့်ထက် ပိုမှာမဟုတ်တာ သေချာပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကို အိန္ဒိယ ထောက်ခံနေစဉ်ကတည်းကစပြီး တရုတ်အစိုးရအဆက်ဆက်ဟာ ဗမာစစ်အစိုးရကို ထောက်ခံအားပေးခဲ့ပါတယ်။ မြန်မာတပြည်လုံးမှာ တရုတ် အရှိန်အဝါ ပျံ့နံှ့လာတော့မှ အိန္ဒိယက ဗမာစစ်အစိုးရနဲ့ လက်တွဲဖို့ ဆုံးဖြတ်တာပါ။ အခုမှ အရှေ့မြောက်ဒေသ ဖွံ့ဖြိုးရေးလမ်းစဉ်ကြောင့် မြန်မာပြည်ကိုပြန်ပြီး ချဉ်းကပ်လာတာ ဖြစ်ပါတယ်။

မြန်မာပြည်နဲ့ ပတ်သက်တဲ့ စီးပွားရေးအခြေခံ အဆောက်အအုံ တည်ဆောက်ရာမှာလည်း အိန္ဒိယဟာ တရုတ်ကို မယှဉ်နိုင်ပါဘူး။ မြန်မာ-တရုတ် နယ်စပ်က တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးလုပ်နိုင်ဖို့ တရုတ်ရဲ့ အကူအညီရယူနေရပါတယ်။ အိန္ဒိယကတော့ နယ်စပ်က တိုင်းရင်းသားသူပုန် ပြဿနာမှာ ဗမာစစ်တပ်အကူအညီ ရယူနေရပါတယ်။ အိန္ဒိယဟာ ဒေသဆိုင်ရာ အင်အားကြီးနိုင်ငံဖြစ်သလို လူဦးရေ အများဆုံး ဒီမိုကရေစီနိုင်ငံကြီးလည်းဖြစ်လို့ မြန်မာ့ဒီမိုကရေစီ ထွန်းကားရေးမှာ တာဝန်ရှိသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ မပြောနဲ့ နယ်စပ်ဒေသ စီးပွားရေးမြှင့်တင်ဖို့တောင် အနိုင်နိုင် ဖြစ်နေပါတယ်။

XS
SM
MD
LG