သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်၊ မြန်မာ၊ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်


တိုက်ရိုက် လင့်ခ်


ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ - BCIM လေးနိုင်ငံ စီးပွားရေးစင်္ကြန် တည်ဆောက်ရေးမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာဟာ စိုးရိမ်စရာ မရှိဘူးလို့ တရုတ်က ယူဆပုံရပါတယ်။ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရ ဆောင်ရွက်နေတာတွေကို ထောက်ခံကြောင်း တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းအရာရှိတဦးက အောက်တိုဘာလ (၂၁) ရက်နေ့က ဘေဂျင်းမှာ ကြေညာပါတယ်။ မြန်မာအစိုးရဟာ ပြင်ပအကူအညီမပါဘဲ ကိုယ့်ပြဿနာ ကိုယ်ရှင်းနိုင်စွမ်း ရှိတယ်လို့ တရုတ်က ယုံကြည်ကြောင်း နိုင်ငံခြားက စွက်ဖက်လို့ ပြဿနာ ပြေလည်တာမျိုး မရှိသေးကြောင်း ပြောဆိုပါတယ်။

အိန္ဒိယအစိုးရကလည်း မြန်မာအစိုးရဘက်က ရပ်တည်ကြောင်း ဝန်ကြီးချုပ်မိုဒီ မြန်မာပြည်ကို လာရောက်စဉ် စက်တင်ဘာလ အစောပိုင်းက ပြောသွားပါတယ်။ မြန်မာဟာ တရုတ်ရဲ့ အနောက်ဘက်စင်္ကြန်အတွက် အရေးပါသလို အိန္ဒိယရဲ့ အရှေ့လမ်းစဉ်မှာလည်း အရေးကြီးပါတယ်။ မိုဒီအစိုးရရဲ့ အရှေ့ပိုင်းလမ်းစဉ် အောင်မြင်ရေးနဲ့ အရှေ့မြောက်နယ်စပ် သူပုန်နှိမ်နှင်းရေးမှာ မြန်မာရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အိန္ဒိယက အားကိုးနေရကြောင်း အိန္ဒိယဟာ အနောက်တိုင်းကို သံယောင်မလိုက်နိုင်ပါဘူး။

မြန်မာပြည်မှာ တရုတ်အရင်းအနှီး အားကောင်းလာလေလေ အိန္ဒိယအဖို့ နေရထိုင်ရခက်လေလေ ဖြစ်နေပါတယ်။ တရုတ် ရင်းနှီးငွေက ဒေါ်လာသန်း (၁၅,၀၀၀) ရှိပြီး၊ အိန္ဒိယက ဒေါ်လာသန်း (၇၃၀) သာ ရင်းနှီးထားပါတယ်။ တရုတ်တပြည်လုံးရဲ့ နှစ်စဉ်အသားတင် ထုတ်လုပ်မှုဟာ အိန္ဒိယထက် (၅) ဆလောက် ပိုများတာမို့ တရုတ်ကို မမီတာ မထူးဆန်းသလို ဖြစ်နေပါတယ်။ အိန္ဒိယရဲ့ အကြီးဆုံးစီမံကိန်းဟာ ဒေါ်လာသန်း (၅၀၀) ရင်းထားတဲ့ ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး ဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်ကို စစ်တွေဆိပ်ကမ်းကတဆင့် ကိုကတ္တားနဲ့ ဆက်သွယ်မှာမို့ အရှေ့စီးပွားရေးစင်္ကြန် အောင်မြင်ရေးအတွက် အရေးကြီးပါတယ်။ ၂၀၀၈ မှာ စတင်မှာမို့ ၂၀၁၅ မှာ ပြီးစီးမယ်လို့ ခန့်မှန်းပေမယ့် စရိတ် (၆) ဆ ပိုမိုကုန်ကျပြီး ၂၀၁၉ ရောက်မှ ပြီးစီးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းဟာ အိန္ဒိယအစိုးရရဲ့ ဘက်စုံညံ့ဖျင်းမှုကို သက်သေပြသလို ဖြစ်နေပါတယ်။ စီမံကိန်း လေ့လာသုံးသပ်ချက် မှားယွင်းမှု၊ ရင်းနှီးငွေ မလုံလောက်မှု၊ စီမံခန့်ခွဲမှုညံ့ဖျင်းမှု၊ တာဝန်ခံခြင်း ကင်းမဲ့မှု၊ မြစ်ကြောင်းအခြေအနေကို မသိနားမလည်မှု၊ ဆောက်ရမည့်လမ်း အတိုင်းအတာမှားယွင်းမှု စတာတွေကြောင့် ကုလားတန်စီမံကိန်း ပြီးစီးဖို့ အများကြီးလိုပါသေးတယ်။ နာမည်ကြီးသလောက် အလားအလာမရှိ ဖြစ်နေပါတယ်။ ရခိုင်နယ်သားတွေကို အကျိုးပြုမယ်လို့ အိန္ဒိယကဆိုပေမယ့် လက်တွေ့ပူးပေါင်းဆောင်ရွက်တာ မတွေ့ရသေးပါဘူး။ မိုရေး၊ မန္တလေး၊ မဲဆော့ကားလမ်း စီမံကိန်းမှာလည်း မျှော်မှန်းသလို ဖြစ်မလာတာ ရှိပါတယ်။ အိန္ဒိယအရှေ့မြောက်ဒေသ ဖွံ့ဖြိုးရေးမှာ မြန်မာဟာ အဓိကကျပေမယ့် အိန္ဒိယက ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးတာ တွေ့ရပါတယ်။

အိန္ဒိယ ကြန့်ကြာနှေးကွေးသလောက် တရုတ်က တိကျမြန်ဆန်တာကို တွေ့ရပါတယ်။ ရခိုင်ကမ်းလွန်ထွက် သဘာဝဓါတ်ငွေ့နဲ့ တရုတ်သင်္ဘော တင်ယူလာတဲ့ ရေနံကို ယူနန်ကို တင်ပို့ဖို့အတွက် ပိုက်လိုင်းနဲ့ မဒေး ရေနက်ဆိပ်ကမ်းကို သုံး-လေးလနဲ့ပြီးအောင် တရုတ်က ဆောက်လုပ်နိုင်ပါတယ်။ ပိုက်လိုင်းနှစ်ခုအတွက် ဒေါ်လာသန်း (၂၅၀၀) ရင်းနှီးတဲ့ တရုတ်ဟာ (၅၁) ရာခိုင်နှုန်း ပိုင်ပါတယ်။ ရေနံပိုက် (၄၉) ရာခိုင်နှုန်းနဲ့ ဓါတ်ငွေ့ပိုက် (၈) ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ပါတယ်။ အိန္ဒိယဟာ တရုတ်ရဲ့ လက်ဝေခံအဆင့်မှာ ပါဝင်လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ ပိုက်လိုင်းနဲ့ ရေနက်ဆိပ်ကမ်းကို အခြေခံပြီး ကျောက်ဖြူအထူးစီးပွားဇုန်ကို တရုတ်က တည်ဆောက်ပါလိမ့်မယ်။ မတည်ငွေ ဒေါ်လာသန်း (၈၃၀၀) လို့ ခန့်မှန်းထားပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်က (၇၀) ရာခိုင်နှုန်း ပိုင်ဆိုင်ဖို့ သဘောတူထားပြီး ကျန် (၃၀) ရာခိုင်နှုန်းကို မြန်မာဘက်က လက်ခံဖို့ ဖြစ်ပါတယ်။ အသေးစိတ် ကူညီတာမျိုးလည်း တရုတ်က လုပ်တတ်ပါတယ်။ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ကျပ်သန်းနှစ်ရာ တရုတ်က လှုဒါန်းပါတယ်။ အမေရိကန်နဲ့ ဥရောပတို့က ပြစ်တင်ရှုတ်ချလေလေ တရုတ်အစိုးရ သြဇာအရှိန်အဝါ ပိုပြီးကြီးမားလေလေ ဖြစ်နေပါတယ်။ လက်တွေ့အကျိုးစီးပွားကို အဓိကထားတဲ့ လမ်းစဉ်ဟာ တရုတ်အတွက် အဆင်ပြေနေပုံ ရပါတယ်။

NLD အစိုးရလမ်းစဉ်ကိုကြည့်ပြီး ရင်းနှီးမြုပ်နံှမယ့် အနောက်တိုင်း ကုမ္ပဏီတွေ ဇဝေဇဝါ ဖြစ်နေချိန်မှာ တရုတ်က အဆင်မပြတ် ကူညီနေတဲ့သဘော ဖြစ်ပါတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ် စီးပွားရေးစင်္ကြန် အောင်မြင်ရေးမှာ တရုတ်အတွက် မြန်မာဟာ အရေးအကြီးဆုံး ဖြစ်နေပုံရပါတယ်။ ရခိုင်ပြဿနာကြောင့် ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာလောက် အရေးမကြီးတော့သလို ဖြစ်နေပါတယ်။ မြန်မာပြည်ကသာ တရုတ်စီးပွားရေးစင်္ကြန်အတွက် မဟာဗျူဟာအကျဆုံး ဖြစ်နေပါတယ်။

XS
SM
MD
LG