လာမယ့် ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်မယ်လို့ (၇၄) နှစ်ပြည့် မွေးနေ့ပွဲမှာ NLD ပါတီက ကြေညာပါတယ်။ ရွေးကောက်ပွဲကျင်းပချိန်မှာ ဒေါ်စုဟာ (၇၅) နှစ်ကျော်နေပါပြီ။ ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် Joe Biden က (၇၇) နှစ်၊ Bernie Sanders က (၇၉) နှစ်၊ သမ္မတ Trump က (၇၄) နှစ် ရှိကြမှာမို့ (၇၀) ကျော်တွေ ယှဉ်ပြိုင်ကြတာ မဆန်းပါဘူး။ လူကြိုက်များတဲ့ ဒေါ်စုဟာ မလေးရှားက ‘မဟာသီရာမိုဟာမက်’ လို (၉၃) နှစ်အထိ ရွေးကောက်ပွဲဝင်ရင်လည်း ဝင်နိုင်ပါတယ်။ ဒါပေမဲ့ အသက်ကြီးတဲ့ အမေရိကန်သမ္မတတွေဟာ အသက်ငယ်တဲ့ ကျွမ်းကျင်သူ ပညာတတ်တွေနဲ့ ဝိုင်းရံပြီး အလုပ်လုပ်ကြတာမို့ စွမ်းဆောင်နိုင်ကြပါတယ်။
မြန်မာ့နိုင်ငံရေးမှာတော့ ဒေါ်စုကို ဝိုင်းရံတဲ့ ကျွမ်းကျင်သူအဖွဲ့နဲ့ ဆက်ခံမယ့်ပုဂ္ဂိုလ်တွေ မတွေ့ရသေးတာကို စိုးရိမ်နေကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ (၉၁) ပါတီ ဝင်ရောက်ယှဉ်ပြိုင်ပေမယ့် အနိုင်ရပါတီက (၁၁) ခုသာ ရှိပါတယ်။ ဒီအထဲမှာ NLD က ကိုယ်စားလှယ် (၂၅၅) ဦိး၊ ကျန်ပါတီတွေက (၆၈) ဦး ရွေးကောက်တင်မြှောက်နိုင်ပါတယ်။ အာဏာရကြံ့ဖွံ့ပါတီက ကိုယ်စားလှယ် (၃၀) သာ တင်မြှောက်နိုင်ပါတယ်။ အမျိုးသားလွှတ်တော်မှာလည်း NLD က (၁၃၅) ဦးနဲ့ အပြတ်အသတ် နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ လာမယ့်ရွေးကောက်ပွဲမှာတော့ NLD နဲ့ ယှဉ်ပြိုင်နိုင်မယ့် အင်အားသစ်တွေကို တွေ့မြင်ရမယ်လို့ မျှော်လင့်နေကြပါတယ်။ ရွေးကောက်ပွဲကော်မရှင်စာရင်းအရ တည်ဆဲနိုင်ငံရေးပါတီ (၉၅) ပါတီရှိပြီး၊ မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပါတီက (၁၁၅) ခု ရှိပါတယ်။ ပါတီတွေများလာလို့ မဲဆန္ဒရှင်အတွက် ရွေးစရာလည်း တိုးပွားလာတဲ့အတွက် NLD ပါတီ အပြတ်အသတ်နိုင်ဖို့ အလားအလာနည်းနေတယ်လို့ မြင်ကြပါတယ်။ NLD အစိုးရလက်ထက်မှာ သတင်းမီဒီယာ ချုပ်ချယ်မှုများလာပြီး ဗိုလ်ချုပ်အောင်ဆန်း ဆည်းကပ်မှုလုပ်တာဟာ တိုင်းရင်းသားထောက်ခံမှုကို ကျဆင်းစေပါတယ်။ ဒီကြားထဲ ‘မဘသ’ တဖြစ်လဲ ဗုဒ္ဓဓမ္မ ပရဟိတအသင်းကလည်း NLD ဆန့်ကျင်ရေး လှုံဆော်လာဖွယ် ရှိပါတယ်။ ငြိမ်းချမ်းရေးနဲ့ ရခိုင်အရေး ဖြေရှင်းနိုင်ဖို့ အများကြီးလိုပါသေးတယ်။ အာဏာရပါတီ NLD မဲနိုင်ဖို့ ခက်ခဲလာပြီလို့ မြင်ကြပါတယ်။
ကချင်၊ ကယား၊ ချင်းနဲ့ မွန်ပြည်နယ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု တည်ဆောက်တာကို ဒေသခံတွေက ကန့်ကွက်ဆန္ဒပြကြပါတယ်။ မွန်ပြည်နယ် ချောင်းဆုံဟာ NLD အမြဲတမ်း အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်မြေ ဖြစ်ပါတယ်။ ဒါပေမဲ့ တံတားသစ်ကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးတာကို ဒေသခံတွေက ကန့်ကွက်ကြပါတယ်။ ၂၀၁၇ ဧပြီလမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့ NLD ကို မဲမပေးတော့တဲ့အတွက် ကြံ့ဖွံ့ပါတီ အနိုင်ရသွားပါတယ်။ ဒေသခံပါတီကိုရော၊ NLD ပါတီကိုရော ချောင်းဆုံက သပိတ်မှောက်လိုက်တဲ့သဘောပါပဲ။ ဒါကြောင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသားပါတီ ပူးပေါင်းပြီး မွန်ပါတီသစ်ကို တည်ထောင်ပါတယ်။ ချင်းပြည်နယ်မှာ သုံးပါတီ ပူးပေါင်းလိုက်ပြီး၊ ကရင်ပြည်နယ်မှာ သုံးပါတီ၊ ကယားပြည်နယ်မှာ (၂) ပါတီ ပူးပေါင်းနိုင်ကြတာကို တွေ့ရပါတယ်။
ရှစ်လေးလုံးမျိုးဆက်တွေ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီကို တတိယအင်အားစုအဖြစ် သုံးသပ်တာမျိုးလည်း ရှိပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းကလည်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို တည်ထောင်ပါတယ်။ ကြံ့ဖွံ့ပါတီနဲ့ လုံးဝကင်းရှင်းပြီး၊ ကိုယ့်လမ်းကိုယ်သွားနိုင်အောင် တည်ထောင်တာလို့ ဆိုပါတယ်။ စစ်တပ်ရဲ့ ရှေ့နေချုပ် ဗိုလ်ချုပ်စိုးမောင်၊ စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင်နဲ့ ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကျော်သူတို့ကလည်း နိုင်ငံရေးပါတီ တည်ထောင်ပြီး၊ ‘အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ’လို့ အမည်ပေးထားပါတယ်။ ထမင်းဆိုင်ဖွင့်ပြီး ကိုယ်တိုင်စားပွဲထိုးလုပ်တဲ့ ဗိုလ်ချုပ်လွန်းမောင်ရဲ့ ရိုးသားမှုကို လူကြိုက်များကြပါတယ်။ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ တည်ထောင်ခဲ့တဲ့ ကြံ့ဖွံ့ပါတီက ခွဲထွက်တဲ့ စစ်ဗိုလ်ဟောင်းတွေ တိုးပွားလာတာဟာ ထင်ရှားတဲ့အချက် ဖြစ်ပါတယ်။
ရွေးကောက်ပွဲ နီးလာတာနဲ့ အာဏာရအစိုးရဟာ အခြားကိစ္စတွေကို အချိန်သိပ်မပေးနိုင်တော့တဲ့ အစဉ်အလာ ရှိပါတယ်။ ဒါကြောင့် ရခိုင်ပြဿနာနဲ့ (၂၁) ရာစု ပင်လုံညီလာခံဟာ လိပ်ခဲတည်းလည်း ဆက်ဖြစ်နေမယ့် အလားအလာ ရှိတယ်လို့ သုံးသပ်ကြပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ မြန်မာပြည်မြောက်ပိုင်းမှာ ဘယ်လိုဖြစ်မယ်ဆိုတာ ခန့်မှန်းဖို့ ဝေးပါသေးတယ်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၃၃၀) ရှိတဲ့အနက် ရှမ်းပြည်နယ်က ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမော၊ မိုင်းရှူး၊ ကျေးသီးနဲ့ မိုင်းလားတို့ အပါအဝင် မြို့နယ် (၁၇) နယ်မှာ ၂၀၁၅ က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။
ဒါတင်မကသေးပါဘူး။ ကချင်ပြည်နယ်မှာ (၁၁) မြို့နယ်၊ ကရင်ပြည်နယ်မှာ (၇) မြို့နယ်၊ ပဲခူးတိုင်းမှာ (၂) မြို့နယ်၊ မွန်ပြည်နယ်မှာ (၁) မြို့နယ် ၂၀၁၅ က ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ မဲဆန္ဒနယ် (၃၃၀) မှာ ရွေးကောက်ပွဲ မလုပ်နိုင်တာက (၃၈) နယ် ဖြစ်နေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းအကြမ်းကို လာမယ့် စက်တင်ဘာလကုန်မှာ အပြီးကောက်ယူဖို့ စီစဉ်ထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်ရာဒေသ၊ စစ်ဘေးဒုက္ခသည်စခန်း၊ ရွှေ့ပြောင်းလုပ်သား စတာတွေကို စာရင်းကောက်ယူနိုင်မလားဆိုတာတော့ မသိရသေးပါ။