မြန်မာ့စီးပွားရေး တိုးတက်မှု နှေးကွေးနေတာနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ မကျေမနပ် ဖြစ်နေကြပေမယ့်၊ ADB အာရှဖွံ့ဖြိုးရေးဘဏ်ကတော့ ဒီလကုန်မှာ ပြီးဆုံးမယ့် ဘဏ္ဍာနှစ်မှာ စီးပွားရေး (၈) ရာခိုင်နှုန်းနီးပါး တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ လယ်ယာထွက်ကုန်တွေ ဈေးကောင်းလာတာရယ်၊ အထည်ချုပ်လုပ်ငန်းလို ကုန်ထုတ်လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှု တိုးပွားလာတာရယ်ကြောင့် စီးပွားရေး တိုးတက်လာမယ်လို့ ဆိုပါတယ်။ အခြားအာရှနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် မြန်မာပြည်မှာ အလုပ်သမားလုပ်ခ သက်သာနေသေးတာကို အခွင့်ကောင်းယူပြီး ကုန်ထုတ်မှု တိုးပွားအောင် လုပ်ရမယ်လို့ ဆိုပါတယ်။
NLD အစိုးရကလည်း ရှေ့ လဆန်းကနေ စက်တင်ဘာလကုန်အထိဖြစ်တဲ့ (၆) လ အမျိုးသားစီမံကိန်း ဥပဒေကို ဇန်နဝါရီလက ပြဌာန်းပါတယ်။ (၆) လ စီမံကိန်း ရည်ရွယ်ချက်က စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကို ၂၀၁၀-၁၁ ဘဏ္ဍာနှစ် ဈေးနှုန်းအရ (၇.၂) ရာခိုင်နှုန်း တိုးတက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်ရဲ့  GDP ထက် (၂) ရာခိုင်နှုန်းကျော် တိုးပွားလာမယ်လို့ ခန့်မှန်းတဲ့သဘော ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဘဏ္ဍာနှစ် ပထမ (၆) လပိုင်းနဲ့ နှိုင်းစာရင် စီးပွားရေးကဏ္ဍအားလုံးနဲ့ တိုင်းနဲ့ပြည်နယ်အားလုံးမှာ အနည်းနဲ့အများ တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
သစ်တော၊ သားငါး အပါအဝင် လယ်ယာကဏ္ဍတွေမှာ မနှစ်က တိုးတက်မှုနှုန်း (၁) ရာခိုင်နှုန်းတောင် မရှိခဲ့ပေမယ့် ဒီနှစ်မှာ (၃.၅) ရာခိုင်နှုန်းအထိ တိုးတက်လာမယ်လို့ ခန့်မှန်းပါတယ်။ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းတဲ့ မိသားစု (၅) သိန်းနီးပါး ရှိတာမို့ ဒီကဏ္ဍ တိုးတက်လာမယ်ဆိုရင် ကျေးလက်လူနေမှုဘဝကို အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။ စက်မှုလက်မှု၊ စွမ်းအင်၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေး စတဲ့ ကဏ္ဍအသီးသီးမှာ (၉) ရာခိုင်နှုန်းကျော် တိုးပွားလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ပို့ဆောင်ရေးနဲ့ ကုန်သွယ်ရေးမှာတော့ (၇) ရာခိုင်နှုန်းကျော် တိုးတက်မယ်လို့ ဆိုပါတယ်။ လျှပ်စစ်ဓါတ်အားကဏ္ဍမှာ (၁၂) ရာခိုင်နှုန်း တိုးပွားဖို့ ဦးတည်ထားတာမို့ အများဆုံး ဖြစ်နေပါတယ်။ သစ်တောကဏ္ဍမှာသာ ထုတ်လုပ်မှု (၃၄) ရာခိုင်နှုန်း လျှော့ချဖို့ စီစဉ်ထားပါတယ်။
လူမှုစီးပွားရေးအခြေအနေ မြှင့်တင်ဖို့ ကြိုးစားရာမှာ တာဝန်အပြည့် ထမ်းဆောင်နိုင်တဲ့ အစိုးရရှိဖို့ လိုပါတယ်။ နောက်ပြီးတော့ ကောင်းရောင်းကောင်းဝယ် လုပ်နိုင်မှု၊ တရားဥပဒေ စိုးမိုးမှု၊ အဂတိနည်းပါးမှု၊ သတင်းလွတ်လပ်မှု၊ နိုင်ငံသားတွေ ပညာရည်မြင့်မာမှု စတာတွေ လိုအပ်တယ်လို့ မနှစ်က ထုတ်ဝေတဲ့ Positive Peace Report မှာ ဖော်ပြထားပါတယ်။ ဒီ လိုအပ်ချက်တွေရှိတဲ့ အတိုင်းအတာကိုလိုက်ပြီး၊ နိုင်ငံ (၁၆၃) နိုင်ငံကို Institute of Economic and Peace အဖွဲ့က အကဲဖြတ်ရာမှာ မြန်မာက အဆင့် (၁၃၆) မှာ ရှိနေပါတယ်။ အာဆီယံ (၁၀) နိုင်ငံမှာ မြန်မာနိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးဖို့ အလားအလာ အနည်းဆုံး ဖြစ်နေပါတယ်။ မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ ကမ္ဘောဒီးယားက (၁၁၆)၊ ဘင်္ဂလားဒေ့ရှ် (၁၂၆)၊ လာအို (၁၂၇) တို့က မြန်မာထက်သာနေတာကို တွေ့ရပါတယ်။ စင်္ကာပူ (၁၆) နဲ့ မလေးရှား (၄၆) တို့ကတော့ အပေါ်မှာ ရှိနေပါတယ်။
NLD အရပ်သားအစိုးရရဲ့  (၆) လ စီမံကိန်း အောင်မြင်ဖို့အတွက် အစိုးရတာဝန်တွေကို အပြည့်အဝ ထမ်းဆောင်နိုင်သလား ဆိုတာကို ပထမဦးဆုံး ဆန်းစစ်ဖို့ လိုပါတယ်။ မြန်မာအစိုးရဟာ စစ်အစိုးရနဲ့ အရပ်သားအစိုးရတို့ကို ပူးတွဲထားတဲ့ ညွှန့်ပေါင်းအစိုးရလို ဖြစ်နေပါတယ်။ အရေးကြီးတဲ့ ဌာနတွေဖြစ်တဲ့ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေဟာ စစ်တပ်ရဲ့  ပိုင်နက်ဖြစ်တဲ့အတွက် NLD အစိုးရ သြဇာမလွှမ်းမိုးနိုင်တဲ့ အစိုးရဌာနတွေ ဖြစ်ပါတယ်။ NLD ကြီးစိုးတဲ့ လွှတ်တော်က ပြဌာန်းတဲ့ ဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာနက အကောင်အထည်မဖော်ရင် NLD အစိုးရက ဘာမှမတတ်နိုင်ပါဘူး။ အကောင်အထည်မဖော်နိုင်တဲ့ ဥပဒေဟာ အသုံးမကျတဲ့ ဥပဒေ ဖြစ်ပါတယ်။ NLD အကြံပေးရှေ့ နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုခံရတဲ့အမှုကို ပြည်ထဲရေးဌာနက ဝေ့လည်ချောင်ပတ် လုပ်ထားခဲ့တာ တနှစ်ကျော်လာပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရအဖွဲ့ဖွဲ့တဲ့အခါမှာ ပြည်တွင်းပြည်ပက အကြီးအကျယ် မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ အရပ်သားအစိုးရမှန်သမျှကို တာဝန်အပြည့်အဝ မထမ်းဆောင်နိုင်အောင် အခြေခံဥပဒေက ချုပ်ချယ်ကန့်သတ်ထားတာကိုတော့ မေ့နေကြပုံ ရပါတယ်။ တာဝန်ဝတ္တရားကို အပြည့်အဝ မထမ်းဆောင်နိုင်တဲ့ အစိုးရကို မသန်စွမ်းတဲ့အစိုးရ Lame Duck Government လို့ နိုင်ငံခြားမှာ ခေါ်လေ့ရှိပါတယ်။ အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးနေတုန်း အစိုးရတပ်က ထိုးစစ်ဆင်နေတာကို ဦးသိန်းစိန်ခေတ်ကလည်း ဘာမှမတတ်နိုင်ပါဘူး။
ဝန်ကြီးဌာနလက်အောက်ခံ စီးပွားရေုးလုပ်ငန်းတွေက ရရှိတဲ့ငွေကို Other Accounts ဆိုပြီးတော့ သီးသန့်စာရင်းလုပ်ပြီး အစိုးရဘတ်ဂျက်ထဲ မထည့်တဲ့အကျင့်ဟာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ကတည်းက ရှိလာခဲ့ပါတယ်။ မလိုအပ်တဲ့ သီးသန့်စာရင်း (၃၀၄၅) ကို ပိတ်သိမ်းလိုက်ပေမယ့် (၆၁၀၈) ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီ သီးသန့်စာရင်းတွေကို နိုင်ငံတော်ဘဏ္ဍာထဲထည့်ဖို့ ပြည်သူ့လွှတ်တော်က မနှစ်က ဆုံးဖြတ်ပါတယ်။ ဝန်ကြီးဌာနတွေရဲ့  သီးသန့်ငွေစာရင်းကို တဖြည်းဖြည်းလျှော့ချမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဦးကျော်ဝင်းက ပြောဆိုထားပေမယ့် အကောင်အထည် မပေါ်သေးဘူးလို့ နိုဝင်ဘာလ (၂၆) ရက်နေ့ထုတ် Eleven News မှာ ဖော်ပြထားပါတယ်။