သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အမျိုးသမီး နဲ့ မြန်မာ့နိုင်ငံရေး


အမျိုးသမီး နဲ့ မြန်မာ့နိုင်ငံရေး
please wait

No media source currently available

0:00 0:05:32 0:00
တိုက်ရိုက် လင့်ခ်

နှစ်ပေါင်း (၆၀) လောက် စစ်အာဏာရှင်စနစ် ကြီးစိုးတဲ့ မြန်မာပြည်မှာ နိုင်ငံရေးလုပ်တဲ့ အမျိုးသမီး အလွန်နည်းပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေကို ရွေးကောက်တင်မြှောက်ကြတဲ့အတွက် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ ရှိလာပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်မှု၊ ဆုံးဖြတ်နိုင်မှုစတဲ့ နေရာတွေမှာ အမျိုးသမီးပါဝင်မှုဟာ အားနည်းနေသေးတာ တွေ့ရပါတယ်။ အမျိုးသမီး နိုင်ငံရေးလုပ်တာကို မလိုလားတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။ သူတို့ရဲ့  ထောက်ခံမှုရဖို့က ပိုပြီးခက်ခဲတယ်လို့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေက ယူဆကြောင်း သိရပါတယ်။

ဒါကြောင့်မို့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့  အတွေ့အကြုံကို Asia Foundation နဲ့ ဖန်တီအိမ်အဖွဲ့တို့ ပူးပေါင်းပြီး လွန်ခဲ့တဲ့ ဧပြီလက စာတမ်းတစောင် ထုတ်ဝေပါတယ်။ ရွှေရွှေစိမ်းလတ်၊ Kim N.B. Ninh, မီကီကျော်မြင့် နဲ့ Susan Lee ဆိုသူ အမျိုးသမီးသုတေသီ (၄) ဦး ပြုစုတဲ့စာတမ်း ဖြစ်ပါတယ်။ ဒီအထဲမှာ ရွှေရွှေစိမ်းလတ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရတဲ့ NLD အမတ်ဖြစ်ပြီး Susan Lee ဟာ British Council မှာ အလုပ်လုပ်နေတဲ့ ဥပဒေပညာရှင် ဖြစ်ပါတယ်။ ကျန်နှစ်ဦးကတော့ Asia Foundation ရဲ့  မြန်မာ့ရေးရာ အမှုထမ်းတွေ ဖြစ်ပါတယ်။

နိုင်ငံရေးစိတ်ဓါတ် ထကြွနိုးကြာချိန် ၁၉၀၈ ခုနှစ်မှာ YMBA ဗုဒ္ဓဘာသာလူငယ်များအသင်းကို တည်ထောင်ပါတယ်။ နောက် ဆယ်နှစ်ကျော်ကြာလာတော့ ပညာတတ်မြန်မာအချို့ ရဲ့  ဇနီးသည်တွေက မြန်မာကုမ္မာရီအသင်းကို (၁၉၁၉) မှာ တည်ထောင်တာမို့ တိုင်းရေးပြည်ရေး၊ လူမှုရေးမှာ မြန်မာအမျိုးသမီးတွေ ပါဝင်လာတာ အနှစ် (၁၀၀) လောက် ရှိသွားပြီလို့ ပြောနိုင်ပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်လက်ထဲ ဝန်ကြီးဌာနအချို့ ကို ပေးအပ်တဲ့ ဒိုင်အာခီ အုပ်ချုပ်ရေးကာလ ၁၉၃၅ မှာ မြန်မာအမျိုးသမီးတွေ မဲဆန္ဒပေးခွင့် ရရှိပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း (၆၀) ကျော် စစ်ဗိုလ်ကြီးစိုးလာတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီး နိုင်ငံရေးလုပ်တဲ့ အစဉ်အလာ အလွန်နည်းပါတယ်။ အမျိုးသမီးတွေ အုပ်ချုပ်ရေးကဏ္ဍမှာ တန်းတူရည်တူ ပါဝင်နိုင်ရေးအတွက် မဟာဗျူဟာ (၁၀) နှစ် စီမံကိန်း ၂၀၁၃ မှာ ချမှတ်ထားပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ အမျိုးသမီးပါဝင်နိုင်တဲ့ကဏ္ဍဟာ အမည်ခံသဘောလို ဖြစ်နေပါတယ်။ လွှတ်တော် ပထမ (၅) နှစ် သက်တမ်းမှာ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်စုစုပေါင်းမှာ အမျိုးသမီးက (၆) ရာခိုင်နှုန်းသာ ရှိပါတယ်။ ကြံ့ဖွံ့ပါတီ ကြီးစိုးတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့ပြီး၊ ၂၀၁၂ ရောက်မှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်တာမို့ လွှတ်တော်အမတ် (၄၃) ဦးသာ ရရှိခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရတော့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်ဦးရေ သိသိသာသာ တိုးပွားလာတာ တွေ့ရပါတယ်။ တပြည်လုံးက လွှတ်တော်အဆင့်ဆင့်မှာ အမျိုးသမီးကိုယ်စားလှယ်ဦးရေ စုစုပေါင်း (၁၅၁) ဦး ရှိလာပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသမီးအမတ် (၆၇) ဦး ရှိလာတဲ့အတွက် ရွေးကောက်ခံရသူ ကိုယ်စားလှယ်စုစုပေါင်းမှာ အမျိုးသမီးက (၁၄) ရာခိုင်နှုန်း ရှိလာပါတယ်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ပထမအကြိမ် လွှတ်တော်ထက် အမျိုးသမီးကိုယ်စားလှယ်ဦးရေ နှစ်ဆပိုလာပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်ပိုင်းမှာ အမျိုးသမီးဦးရေ အလွန်နည်းနေပါတယ်။ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီမှာ (၉၀) ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်နေပါတယ်။ ပြည်နယ်၊ တိုင်းနဲ့ခရိုင်အဆင့်မှာလည်း ခေါင်းဆောင်ပိုင်းမှာ အမျိုးသမီးဦးရေဟာ (၆) ရာခိုင်နှုန်းသာ ရှိပါတယ်။ ဝန်ကြီးနဲ့ ဒုဝန်ကြီးအဆင့်မှာလည်း အမျိုးသမီးပါဝင်မှုဟာ အလွန်နည်းပါးနေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရတဲ့ အမျိုးသမီး NLD အမတ်ထဲမှာ (၉၄) ရာခိုင်နှုန်းဟာ ဘွဲ့ရသူတွေဖြစ်ကြပြီး အမျိုးသားထဲမှာ (၇၈) ရာခိုင်နှုန်းကသာ ဘွဲ့ရသူတွေ ဖြစ်ပါတယ်။ လွှတ်တော်အမတ် ဖြစ်လာတဲ့ အမျိုးသမီးတွေကို သူတို့ နေထိုင်ရာအသိုင်းအဝိုင်းက ပိုပြီးရိုသေလေးစားလာကြပါတယ်။

အမျိုးသမီးအမတ်တွေဟာ လွှတ်တော်ကော်မတီတွေမှာ ပါဝင်ကြပေမယ့် မိမိကိုယ်မိမိ ယုံကြည်မှု မရှိလို့ ကော်မတီဥက္ကဋ္ဌဖြစ်ဖို့ မကြိုးစားကြဘူးလို့ ဆိုပါတယ်။ ကြယ်ပွင့်ပြ မေးခွန်းကို မေးမြန်းရာမှာလည်း အမျိုးသမီးအမတ်တွေ မေးတာက အလွန်နည်းပါတယ်။ လွှတ်တော်အဆင့်ဆင့်မှာ ဥပဒေကြမ်းကို ဦးဆောင်တင်သွင်းတဲ့ အမျိုးသမီးအမတ် (၁၂) ဦး ရှိပါတယ်။ ပါတီဝင်အချင်းချင်းသာ ပူးပေါင်းဆောင်ရွက်ကြပြီး အခြားပါတီတွေနဲ့ လက်တွဲပြီး ဥပဒေပြုဖို့ ကြိုးစားတာမျိုးကတော့ မရှိသလောက်ပါပဲလို့ ဆိုပါတယ်။ မိမိရဲ့  မဲဆန္ဒနယ်မြေ အကျိုးစီးပွားကို အဓိကထားပေမယ့် ပါတီလမ်းစဉ်ကို ထိခိုက်မှာလည်း စိုးရိမ်ကြတယ်လို့ ဆိုပါတယ်။

အမျိုးသမီးလွှတ်တော်အမတ်တွေ ရင်ဆိုင်နေရတဲ့ အကြီးဆုံး အခက်အခဲဟာ အမျိုးသမီး နိုင်ငံရေးလုပ်တာကို မလိုလားတဲ့ အမျိုးသမီးထုကြီးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲကို တွက်ကြည့်တဲ့အခါမှာ အမျိုးသား မဲဆန္ဒရှင်တွေရဲ့  ဆန့်ကျင်မှုနည်းပြီး အမျိုးသမီး မဲဆန္ဒရှင်တွေရဲ့  ဆန့်ကျင်မှုက ပိုများနေတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် အမျိုးသား၊ အမျိုးသမီး ညီတူညီမျှ ဖြစ်အောင်ကြိုးပမ်းရာမှာ အမျိုးသမီးအချင်းချင်း သဘောထားကွဲလွဲချက် ကြီးမားတာကလည်း အကြောင်းရင်းတခုဖြစ်ကြောင်း Asia Foundation နဲ့ ဖန်တီးအိမ်အဖွဲ့ရဲ့  စစ်တမ်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG