သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဘဏ် စီးပွားရေးစစ်တမ်း


ကမ္ဘာ့ဘဏ် စီးပွားရေးစစ်တမ်း
please wait

No media source currently available

0:00 0:05:38 0:00
တိုက်ရိုက် လင့်ခ်

မရေရာမသေချာမှုတွေ ရှိနေပေမယ့် မြန်မာ့စီးပွားရေး တိုးတက်လာပုံကို လွန်ခဲ့တဲ့ မေလထုတ် ကမ္ဘာ့ဘဏ်အုပ်စုရဲ့ (၈၈) စာမျက်နှာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တိုင်းပြည်ရဲ့ GDP အသားတင်ထုတ်လုပ်မှု တိုးပွားတဲ့နှုန်းဟာ NLD အစိုးရသက်တမ်း ပထမနှစ်မှာ (၅.၉) ရာခိုင်နှုန်းရှိရာက ဒုတိယနှစ်မှာ (၆.၄) ရာခိုင်နှုန်းအထိ တိုးပွားလာတယ်လို့ ဆိုပါတယ်။ လက်ရှိဘဏ္ဍာရေးနှစ်မှာ (၆.၈) ရာခိုင်နှုန်းအထိ တိုးပွားနိုင်တယ်လို့ ခန့်မှန်းပါတယ်။ နောင် (၂) နှစ်ကြာရင် စီးပွားရေး တိုးတက်မှုနှုန်းဟာ (၇) ရာခိုင်နှုန်း ကျော်သွားလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုက မျှော်လင့်နေပါတယ်။

စိုက်ပျိုးလယ်ယာထုတ်လုပ်မှုနဲ့ အထည်ချုပ်လုပ်ငန်း တိုးချဲ့နိုင်တာဟာ ကုန်ထုတ်လုပ်မှု တိုးပွားရတဲ့အကြောင်းရင်းလို့ ဆိုပါတယ်။ မရေရာမှုကြောင့် ခရီးသွားလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းမှာ နှေးကွေးနေပေမယ့် ဝန်ဆောင်လုပ်ငန်းကဏ္ဍမှာ တိုးတက်မှု ရှိပါတယ်။ လွန်ခဲ့တဲ့ ဘဏ္ဍာနှစ် ပထမနှစ်ဝက်မှာ ကုန်ဈေးနှုန်း အသင့်အတင့်မြင့်ခဲ့ပြီး ဒုတိယနှစ်ဝက်မှာ ဈေးနှုန်းမြင့်တက်မှု မြန်ဆန်လာပါတယ်။ လောင်စာဆီနဲ့ အစားအသောက်ဈေးနှုန်း ထိုးတက်သွားပါတယ်။ သယ်ယူပို့ဆောင်ခလည်း မြင့်တက်သွားတယ်လို့ ဖော်ပြပါတယ်။ ဘတ်ဂျက်လိုငွေပြမှု နည်းပါးလာတာဟာ NLD အစိုးရရဲ့ ထင်ရှားတဲ့လုပ်ရပ်တခု ဖြစ်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်ဝန်ထမ်းတွေကို ဆွေးနွေးကြည့်တဲ့အခါ လွန်ခဲ့တဲ့နှစ်ရဲ့ ဘတ်ဂျက်လိုငွေဟာ ခန့်မှန်းထားတာထက် နည်းနေတယ်လို့ ဆိုပါတယ်။ GDP တိုင်းပြည် အသားတင်ထုတ်လုပ်မှုရဲ့ (၅.၈) ရာခိုင်နှုန်း လိုငွေပြမယ်လို့ ခန့်မှန်းပေမယ့် (၂.၅) ရာခိုင်နှုန်းသာ လိုငွေပြပါတယ်။ ဗဟိုဘဏ်က ဖြည့်ဆည်းပေးရတဲ့ ငွေပမာဏဟာ အရင်လောက် မများတော့ပါဘူး။ လွန်ခဲ့တဲ့ မတ်လမှာ ကုန်ဆုံးသွားတဲ့ ဘဏ္ဍာနှစ်မှာ စီးပွားရေး တိုးတက်မှု ရှိတယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ပါတယ်။ ပို့ကုန်တိုးပွားလာတာကြောင့် ကုန်သွယ်ရေး လိုငွေပြမှု အနည်းငယ်လျော့သွားပါတယ်။ ဆန်တင်ပို့မှု အများဆုံးဖြစ်ပြီး အထည်ချုပ်လုပ်ငန်းမှာ ဈေးကွက်သစ် ရရှိပါတယ်။ ဓါတ်ငွေ့တွင်းဟောင်းတွေ အထွက်နည်းလာပေမယ့် ကမ္ဘာ့ဓါတ်ငွေ့ ဈေးမြင့်နေတာမို့ ဓါတ်ငွေ့တင်ပို့မှုဟာ ပုံမှန်အတိုင်း ဖြစ်နေပါတယ်။

ရှေ့နှစ်မတ်လမှာ ကုန်ဆုံးမယ့် လက်ရှိဘဏ္ဍာနှစ် (၂၀၁၈-၁၉) မှာ စီးပွားရေး တိုးတက်မယ့် အလားအလာ ရှိတယ်လို့ ခန့်မှန်းပါတယ်။ လွန်ခဲ့တဲ့ ဘဏ္ဍာနှစ်က ကုန်ဈေးနှုန်း မြင့်တက်မှုနှုန်း (၅.၅) ရာခိုင်နှုန်း ရှိခဲ့ရာက လက်ရှိဘဏ္ဍာနှစ်မှာ (၄.၉) ရာခိုင်နှုန်းအထိ ကျဆင်းလာဖွယ် ရှိတယ်လို့ ခန့်မှန်းပါတယ်။ သွင်းကုန်ပို့ကုန် မှန်မှန်တိုးပွားနေတာကြောင့် ကုန်သွယ်ရေးလိုငွေပြမှုဟာ လက်ရှိဘဏ္ဍာနှစ်မှာ (၄.၇) ရာခိုင်နှုန်းလောက် ရှိမယ်လို့ မျှော်လင့်ပါတယ်။ အစိုးရဘတ်ဂျက်လိုငွေဟာလည်း မူလခန့်မှန်းထားတာထက် လျှော့နည်းနေတာတွေ့ရလို့ လိုငွေပြမှု ဆက်လက်လျော့နည်းနေမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ် အရေးအခင်းနဲ့ ပတ်သက်ပြီး မရေရာမသေချာမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာဟာ စီးပွားရေးတိုးတက်မှုကို အဟန့်အတားပြုနိုင်တယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုက ဆိုပါတယ်။

စီးပွားရေးတိုးတက်မှုနှုန်းထား ကျဆင်းသွားရင် တိုင်းပြည်စီးပွားရေး မတည်မငြိမ် ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ ဥပမာ နိုင်ငံခြားအရင်းအနှီး ဝင်ရောက်မှု နှေးကွေးသွားပြီး နိုင်ငံတကာခရီးသွားလုပ်ငန်း အရှိန်လျှော့သွားတာဟာ ငွေလည်နှုန်းကို ထိခိုက်စေပါတယ်။ NLD အစိုးရအနေနဲ့ ဦးစားပေးပြီး ဆောင်ရွက်ရမယ့် ကိစ္စတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ NLD အစိုးရအနေနဲ့ ဦးစားပေးပြီး ဆောင်ရွက်မယ့်ကိစ္စတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတာကို NLD ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှာ ဖော်ပြထားပါတယ်။ အစိုးရဝင်ငွေနည်းလို့ ပြည်သူ့အတွက် အသုံးစရိတ်နည်းရတယ်ဆိုတဲ့ သံသရာက ရုန်းထွက်နိုင်အောင် အစိုးရအသုံးစရိတ်နဲ့ အခွန်တော်မဟာဗျူဟာကို အကောင်အထည်ဖော်ရမယ်လို့ ဆိုပါတယ်။

အဲဒီအခါမှာ အရေးကြီးရင် ကြီးသလို ပြည်သူ့အသုံးစရိတ်ကို ပိုသုံးနိုင်ပါလိမ့်မယ်။ အခုတော့ အစိုးရရဲ့အခွန်ရငွေဟာ တိုင်းပြည်ထုတ်လုပ်မှုနဲ့ နှိုင်းယှဉ်လိုက်ရင်း အလွန်နည်းပါးနေတာကြောင့် အလွန်လိုအပ်နေတဲ့ အခြေခံအဆောက်အအုံနဲ့ လူသားရင်းမြစ်ဖွံံဖြိုးရေးအတွက် ထိထိရောက်ရောက် မသုံးစွဲနိုင်ဘဲ ဖြစ်နေပါတယ်။ စီမံကိန်းအကောင်အထည်ဖော်တာကို အစိုးရက အစဉ်မပြတ် စောင့်ကြပ်လေ့လာပြီး အကဲဖြတ်စီစစ်ဖို့ အကြံပေးထားပါတယ်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ အသုံးစရိတ်နဲ့ အကျိုးအမြတ်ကိုလည်း စောင့်ကြည့်ပြီး ကြီးကြပ်ဖို့ လိုပါတယ်။

လုပ်ငန်းပိုင်ဆိုင်ရာ လုပ်ငန်းအရွယ်အစားနဲ့ လျှပ်စစ်ဓါတ်အားစတာတွေမှာ အားနည်းနေတဲ့ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍဟာ တိုးတက်မှုနှေးကွေးနေပါတယ်။ လုပ်ငန်းငယ်လေးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို အစိုးရအနေနဲ့ ကူညီဖြေရှင်းသင့်တယ်လို့ ဆိုပါတယ်။ နိုင်ငံသူနိုင်ငံသားကို အခွင့်အလမ်း ဖွင့်ပေးနိုင်တဲ့ ဘဏ္ဍာရေးစနစ်ဟာ ဈေးကွက်စီးပွားရေးမှာ မရှိမဖြစ်လိုအပ်ပေမယ့် မြန်မာပြည်မှာတော့ မရှိသေးပါဘူး။ လက်ရှိဘဏ္ဍာရေးစနစ်ဟာ အလွန်သေးငယ်ပြီး အားနည်းချက်တွေရှိနေတာမို့ အများပြည်သူအတွက် ငွေကြေးဝန်ဆောင်မှု မပေးနိုင်ပါဘူး။ ဒါကြောင့် နက်နဲတဲ့ ပြုပြင်ရေးတွေလုပ်ရင်း အများပြည်သူကို ငွေကြေးဝန်ဆောင်မှုပေးနိုင်မယ့် လမ်းညွှန်တခုကို ရှင်းလင်းစွာ ဖော်ပြသင့်တယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုက အကြံပေးထားပါတယ်။

XS
SM
MD
LG