လူဦးရေးတိုးပွားလာတဲ့အတွက် ရန်ကုန်မြို့ ကို တိုးချဲ့ဖို့စိတ်ကူးလာတာ ကြာပါပြီ။ ဒါပေမဲ့ ပုံစံရေးဆွဲတဲ့အဆင့်က မတက်နိုင်သေးပါဘူး။ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ မှာ မြို့ တိုးချဲ့မယ့် မဟာရန်ကုန်စီမံကိန်းကို JICA ဂျပန်အေဂျင်စီနဲ့ ရန်ကုန်တိုင်းအစိုးရတို့ ပူးတွဲရေးဆွဲခဲ့ပါတယ်။ မြို့ လယ်မှာ ဇုန်သတ်မှတ်ပြီး ရန်ကုန်အရှေ့ မြောက်ဒေသဖြစ်တဲ့ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ၊ အရှေ့ ဒဂုံ၊ မြောက်ဒဂုံနဲ့ လှည်ကူးမြို့ နယ်အထိ မဟာရန်ကုန်နယ်နိမိတ်ကို တိုးချဲ့ဖို့ရည်ရွယ်ပါတယ်။ NLD အစိုးရတက်လာတဲ့အခါ ၂၀၁၆ မှာ ရန်ကုန်မြို့ သစ်စီမံကိန်းကို ဂျပန်က ပြန်လည်ရေးဆွဲပြီး တင်ပြထားပါတယ်။
ဂျပန်စီမံကိန်းအပြင် ၂၀၁၄ မှာ ရန်ကုန်အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ တွံတေးကားလမ်းကြားက မြေဧက သုံးသောင်းမှာ မြို့ သစ်တည်မယ့်စီမံကိန်း ပေါ်ထွက်လာပါတယ်။ ဒါပေမဲ့ ဒီ စီမံကိန်းကို မြန်မာ့စေတနာ မြို့ သစ်ကုမ္ပဏီကို လက်သိပ်ထိုးပေးထားတဲ့အတွက် ဆူဆူညံညံ ဖြစ်သွားပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ နီးစပ်သူတွေ အကြံအဖန်လုပ်ပြီး အမြတ်ထုတ်ဖို့ ကြံစည်တဲ့ စီမံကိန်းအဖြစ် လူသိများပါတယ်။ ဦးမြင့်ဆွေ ရာထူးသက်တမ်း ကုန်ခါနီး ၂၀၁၅ ဇွန်လမှာ "ရန်ကုန်အနောက်တောင်ပိုင်းမြို့ သစ်စီမံကိန်း" အဖြစ် ပြန်ပေါ်လာပါတယ်။
NLD အစိုးရ တက်လာတော့ ဒီနေရာမှာပဲ မြို့ သစ်တည်ဆောက်ဖို့ "ရန်ကုန်မြို့ သစ် ဖွံ့ဖြိုးရေးကုမ္ပဏီ" ကို ဒေါ်လာ (၇) သန်းခွဲနဲ့ တည်ထောင်ကြောင်း လွန်ခဲ့တဲ့ မတ်လက ကြေညာပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရာခိုင်နှုန်းပြည့်ပိုင်တဲ့ ကုမ္ပဏီပါ။ ဒါပေမဲ့ ကုမ္ပဏီဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဟာ ရိုးမဦးပိုင်လုပ်ငန်းတွေကို ပိုင်ဆိုင်သူ Serge Pun (ခေါ်) ဦးသိန်းဝေ ဖြစ်ပါတယ်။ မြို့ သစ်ပုံစံကို AECOM Singapore ကုမ္ပဏီက ရေးဆွဲပြီး၊ CCCC (ခေါ်) China Communication Construction Company တရုတ်ကုမ္ပဏီက အခြေခံအဆောက်အအုံ စီမံကိန်းပထမအဆင့်ကို အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။ ဒေါ်လာသန်း (၁၅၀၀) ကျော် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ မြို့ သစ်ပုံစံနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံပိသုကာအသင်း၊ အင်ဂျင်နီယာကောင်စီ၊ ပိသုကာကောင်စီ စတာတွေနဲ့ တိုင်ပင်ထားတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ အနောက်ဘက်ကမ်းဟာ မြေနိမ့်ပိုင်းဖြစ်တဲ့အတွက် ဒီနေရာမှာ မြို့ သစ်တည်ဆောက်ဖို့ မသင့်တော်ဘူးလို့ စစ်အစိုးရလက်ထက်က ယူဆခဲ့ပါတယ်။ မြို့ သစ်အနီးက လှိုင်သာယာဟာ ပင်လယ်ရေပြင်ထက် ပေ (၃၀) ပိုမြင့်ပေမယ့် မြို့ သစ်နေရာကတော့ (၁၀) ပေလောက်သာမြင့်ပြီး အမြင့်ဆုံးနေရာဟာ (၁၅) ပေလောက်သာ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ မြေနိမ့်ပိုင်းမှာ မြို့ သစ်တည်ဆောက်မယ်ဆိုရင် ရေလျှံမယ့်အလားအလာတွေကို ထည့်တွက်ဖို့ ၂၀၁၆ အာရှဖွံဖြိုးရေးဘဏ် အစီရင်ခံစာမှာလည်း သတိပေးထားပါတယ်။ နာဂစ်ရေဘေးတုန်းကလို မုန်တိုင်းထန်လို့ ရေကြီးတဲ့အခါမှာ မြေနိမ့်ဒေသဟာ အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရေကြီးမှုအန္တရာယ်အကဲဖြတ်ချက်နဲ့ လမ်းဆက်သွယ်မှုဆိုင်ရာ ကနဦးအစီရင်ခံစာကို အောက်တိုဘာလက ရေးသားပြီးစီးကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရကတော့ ရန်ကုန်မြစ်အနောက်ဘက်မှာ ရန်ကုန်မြို့ သစ်ကို တည်ဆောက်ဖို့ သိန္နိဌာန် ချထားပုံရပါတယ်။ စီမံကိန်းမူဘောင်သဘောတူညီချက် တရုတ်ကုမ္ပဏီနဲ့ လက်မှတ်ရေးထိုးပြီးဖြစ်လို့ စီမံကိန်းပုံစံတင်ပြဖို့သာ ကျန်တော့ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းအစိုးရက မြေစိုက်ပြီး တရုတ်ကုမ္ပဏီက အရင်းအနှီးစိုက်မှာ ဖြစ်ပါတယ်။ အရင်းအနှီးစုစုပေါင်းရဲ့  (၁၀) ရာခိုင်နှုန်းတန်းဖိုးရှိတဲ့မြေကို မြန်မာဘက်ကစိုက်တာမို့ ကျန်အရင်းအနှီး (၉၀) ရာခိုင်နှုန်းကို တရုတ်ဘက်က စိုက်လိမ့်မယ်လို့ ဦးသိန်းဝေ က ရှင်းပြကြောင်း ဇွန်လ (၂၅) ရက်နေ့ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ နောက်တော့ အရင်းအနှီး (၂၅) ရာခိုင်နှုန်း ရန်ကုန်တိုင်းအစိုးရပိုင်ဆိုင်ပြီး တရုတ်ကုမ္ပဏီက (၇၅) ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ အခြေအနေကို ရောက်သွားမယ်လို့လည်း ဦးသိန်းဝေက ပြောဆိုကြောင်း သိရှိရပါတယ်။
ရန်ကုန်မြို့ သစ်စီမံကိန်းတွေဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ လက်တွဲဆောင်ရွက်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်တာမို့ အဂတိလိုက်စားမှုတွေ များပြားနိုင်ပါတယ်။ ဒါကြောင့် သိသာမြင်သာမှုနဲ့ တာဝန်ယူမှုကို စောင့်ကြည့်ဖို့ သတိပေးကြပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်က ခွင့်ပြုခဲ့တဲ့ လှည်းကူးမြို့ နယ်က ကျပ်သန်း (၉၆၀၀၀) တန် Eco Green City စီမံကိန်းကိုလည်း အသေးစိတ်စောင့်ကြည့်သင့်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Alliance Star ကုမ္ပဏီတို့ အကျိုးတူစီးပွားလုပ်တဲ့ စီမံကိန်းဖြစ်လို့ ရှင်းလင်းတင်ပြဖို့လည်း ပုလဲမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က လွန်ခဲ့တဲ့ နိုဝင်ဘာလက လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ပါတယ်။
တရုတ်အစိုးရရဲ့  အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုဥက္ကဋ္ဌ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နိုဝင်ဘာလနှောင်းပိုင်းမှာ မြန်မာပြည်လာလည်တုန်းက ဒေါ်အောင်ဆန်းစုကြည်၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံပါတယ်။ နောက်ပိုင်း သက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ရန်ကုန်မြို့ သစ်စီမံကိန်းအကြောင်း ဆွေးနွေးတယ်လို့ နိုဝင်ဘာလ (၂၅) ရက်ထုတ် တရုတ်အစိုးရ ရှင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ဒါကိုကြည့်ရင် ရန်ကုန်မြို့ သစ်စီမံကိန်း အကောင်အထည်ဖော်ရာမှာ တရုတ်အစိုးရ တိုက်ရိုက်ပါဝင်နေတာ သိသာထင်ရှားပါတယ်။