သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ နဲ့ ဒေါ်အောင်ဆန်းစုကြည်


ဒေါ်အောင်ဆန်းစုကြည် အာဆီယံအစည်းအဝေး တက်ရောက်နေစဉ်
ဒေါ်အောင်ဆန်းစုကြည် အာဆီယံအစည်းအဝေး တက်ရောက်နေစဉ်
အာဆီယံ နဲ့ ဒေါ်အောင်ဆန်းစုကြည်
please wait

No media source currently available

0:00 0:05:15 0:00
တိုက်ရိုက် လင့်ခ်


အာဆီယံကိုယ်စားပြုပြီး အပြည်ပြည်ဆိုင်ရာအရေးမှာ ဦးဆောင်ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို စင်္ကာပူဝန်ကြီးချုပ်က မနှစ်က မေတ္တာရပ်ခံဖူးပါတယ်။ NLD အစိုးရဖွဲ့ပြီး နှစ်လအကြာ မြန်မာပြည်ကိုလာရင်း ပန်ကြားသွားတာဖြစ်လို့ NLD အဖွဲ့ချုပ်ကို ထောက်ခံသူတွေအတွက် စိတ်ကြည်နူးစရာ ဖြစ်ရပါတယ်။ နောက်မကြာပါဘူး၊ လာအိုနိုင်ငံ ဗီရန်ရှင်းမြို့တော်မှာ ကျင်းပတဲ့ အာဆီယံဖိုရိမ် (ASEAN Forum) မှာ ဒေါ်အောင်ဆန်းစုကြည် ကို “ရာသက်ပန် အာဆီယံဆု” ချီးမြှင့်ပြန်ပါတယ်။ မလေးရှားအခြေစိုက် Asian Strategy and Leadership Institute ပုဂ္ဂလိကအဖွဲ့က ချီးမြှင့်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ “ရာသက်ပန် အာဆီယံဆု” ချီးမြှင့်ခံရသူကတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နဲ့ မလေးရှား ဒုဝန်ကြီးချုပ် ဖြစ်ပါတယ်။ ဒေါ်စုကိုယ်စား ဝန်ကြီးဒေါက်တာသန်းမြင့်က ဆုကို လက်ခံရယူပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးမှာ အစဉ်အလာကြီးမားတဲ့ ဒေါ်စုကို အာဆီယံခေါင်းဆောင်လုပ်ဖို့ စင်္ကာပူဝန်ကြီးချုပ်က ပြောကြားပြီ မကြာမီမှာ အာဏာရှင်ဟွန်ဆန်နဲ့ မထင်ရှားတဲ့ မလေးရှား ဒုဝန်ကြီးနဲ့အတူ “ရာသက်ပန်အာဆီယံဆု” ချီးမြှင့်တဲ့ မလေးရှား ပုဂ္ဂလိအဖွဲ့ရဲ့ အပြုအမှုကို မကျေနပ်သူတွေလည်း ရှိပါတယ်။

အာဆီယံအတွက် ဘာမှမလုပ်ရသေးခင်မှာ “ရာသက်ပန်ဆု” ချီးမြှင့်ခံရတာဟာ ပြည်သူ့အစိုးရကို ထောက်ခံကြိုဆိုပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်တာကို ဆန့်ကျင်တဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံအသင်းထဲ ရောက်သွားရင် အာဆီယံ ပုံစံအတိုင်း အစည်းအဝေးပေါင်းထောင်ချီ ကျင်းပနေရတာနဲ့ အချိန်ကုန်တာများပါတယ်။ “ပြည်တွင်းရေးမှာ မစွက်ဖက်ရေး” ဆိုတဲ့ မူအရ ကိုယ်မကြိုက်တဲ့ကိစ္စကို ဘေးဖယ်ထားတာဟာ အာဆီယံ ဓလေ့ပါ။ မလေးရှားနဲ့ အင်ဒိုနီးရှားက အာဆီယံ အရေးလို့ ယူဆထားတဲ့ ရခိုင်ရိုဟင်ဂျာ ပြဿနာတောင် အာဆီယံ ထပ်သီးအစည်းအဝေးပွဲမှာ ခေါင်းထောင်နိုင်တာ မဟုတ်ပါဘူး။ အာဆီယံဝန်ကြီးများ အစည်းအဝေးမှာ အားလုံးသဘောတူမှ ဆုံးဖြတ်နိုင်တာမို့ ဥက္ကဋ္ဌ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ အာဆီယံဥက္ကဋ္ဌရဲ့ အစီအစဉ်လုပ်ပိုင်ခွင့်ကို စာရေးပြီး ဖော်ပြတာ မဟုတ်လို့ ဦးသိန်းစိန်အစိုးရဟာ ရိုဟင်ဂျာကိစ္စကို ဘေးဖယ်ထားနိုင်ခဲ့ပါတယ်။

ဒေါ်စု နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတော့ အာဆီယံနိုင်ငံတွေ ဝိုင်းဝန်းတိုက်တွန်းလို့ ဒီဇင်ဘာ (၁၉) ရက်မှာ အစည်းအဝေး ကျင်းပဖို့ သဘောတူပါတယ်။ ရန်ကုန်မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်အခြေအနေကို ဒေါ်စု က ရှင်းပါတယ်။ မြန်မာအစိုးရ လုပ်ပုံဟာ နှေးကွေးကြောင်း မလေးရှားဝန်ကြီးက ဝေဖန်ပြီး သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်သူအဖွဲ့ကို စုံစမ်းစစ်ဆေးခိုင်းဖို့ အကြံပေးပါတယ်။ ဒေါ်စုကလည်း ရလဒ်ကောင်းရရှိဖို့အတွက် အချိန်ယူရကြောင်း ဖြေပါတယ်။ နောက်တော့ စားသုံးကုန်ပစ္စည်း တင်ဆောင်တဲ့ မလေးရှား ထောက်ပံ့ရေးသင်္ဘောကို လာခွင့်ပြုပါတယ်။ မလေးရှား ထောက်ပံ့ရေးပစ္စည်းကို မြန်မာဘက်မှာရော ဘင်္ဂလားဒေ့ရှ်ဘက်မှာရော ဖြန့်ဝေပါတယ်။

ရခိုင်ပြည်နယ် ပြဿနာဟာ ဗမာစစ်အစိုးရခေတ်မှာ ပုံစံအမျိုးမျိုးနဲ့ ပေါ်ပေါက်ခဲ့ပေမယ့် အာဆီယံအသင်းဟာ ဝေဖန်ရှုတ်ချတာမျိုး မလုပ်ပါဘူး။ အခုမှ မလေးရှားဝန်ကြီးချုပ်က ရေးကြီးခွင်ကျယ်လုပ်လာလို့ အလွတ်သဘောနဲ့ ဆွေးနွေးလာတာ ဖြစ်ပါတယ်။ ပြဿနာကိုင်တွယ်ပုံဟာ စစ်အစိုးရလက်ထက်ကထက် ပိုမိုပျော့ပျောင်းလာပေမယ့် အနှစ်သာရကတော့ အတူတူ ဖြစ်ပါတယ်။ နိုင်ငံရေး ပထဝီ မပြောင်းသလို၊ နိုင်ငံခြားရေးလမ်းစဉ်လည်း မပြောင်းနိုင်တဲ့သဘော ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဧပြီလ ဖိလစ်ပိုင်နိုင်ငံ မနီလာမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံမှာ ဒေါ်စုဟာ အင်ဒိုနီးရှားသမ္မတနဲ့ အလွတ်တွေ့ဆုံပြီး ရခိုင်ရိုဟင်ဂျာကိစ္စကို နာရီဝက်လောက် ဆွေးနွေးကြောင်း သိရပါတယ်။ မြန်မာအစိုးရဟာ ဒီကိစ္စကို စိုက်လိုက်မတ်တတ် ဆောင်ရွက်နေကြောင်း ဒေါ်စု ရှင်းပြတယ်လို့ သိရှိရပါတယ်။

ဧပြီလနှောင်းပိုင်း ကျင်းပတဲ့ မနီလာ အာဆီယံထိပ်သီးညီလာခံမှာ ရခိုင်ရိုဟင်ဂျာ ပြဿနာ ကွယ်ပျောက်နေပြန်တာ တွေ့ရပါတယ်။ ညီလာခံအပြီး ထုတ်ပြန်တဲ့ အာဆီယံဥက္ကဋ္ဌရဲ့ (၂၅) မျက်နှာ ကြေညာချက်မှာ ဒေသဆိုင်ရာ ပြဿနာကို ဖော်ပြပေမယ့် ရခိုင်ပြည်နယ် ရိုဟင်ဂျာကိစ္စကိုတော့ ချန်လှပ်ထားပါတယ်။ ရိုဟင်ဂျာကိစ္စကို ဒေသဆိုင်ရာ ပြဿနာအဖြစ် မလေးရှားနဲ့ အင်ဒိုနီးရှားက ယူဆကြပေမယ့် အာဆီယံထိပ်သီးညီလာခံက အသိအမှတ်ပြုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ဒါကြောင့်မို့ အာဆီယံနိုင်ငံတွေမှာ လူ့အခွင့်အရေး ဆိတ်သုဉ်းနေပြီလို့ Human Rights Watch အဖွဲ့က ဆိုပါတယ်။

ရခိုင်ပြဿနာမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Yanghee Lee နဲ့ NLD အစိုးရတို့ သဘောထားကွဲလွဲနေပါတယ်။ အရင် အစိုးရဟောင်း သုံးသွားခဲ့တဲ့ နည်းဗျူဟာတွေကိုပဲ NLD အစိုးရက ဆက်သုံးနေလို့ စိတ်ပျက်မိတယ်လို့ Yanghee Lee က ဆိုပါတယ်။ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာကို စစ်တပ်က ကိုင်ထားတာမို့ ရခိုင်ကိစ္စမှာ စစ်တပ်နဲ့ NLD သဘောထားချင်း တူသလို ဖြစ်နေပါတယ်။ စစ်တပ်ရဲ့ ဦးတည်ချက်ကို ပျက်ပြားစေမယ့် နိုင်ငံခြားရေးလမ်းစဉ်မျိုးကို စစ်ခေါင်းဆောင်ပိုင်းက လက်ခံမှာ မဟုတ်ဘူးလို့ ဝေဖန်သုံးသပ်ကြပါတယ်။

XS
SM
MD
LG