လွန်ခဲ့တဲ့ သြဂုတ်လက မွတ်စလင်အကြမ်းဖက်အုပ်စု ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်တဲ့ဖြစ်ရပ်ဟာ အခုထိ ဂယက်ရိုက်နေတုန်းပါ။ ဒီ ပဋိပက္ခကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာ အမျိုးသားဝါဒီတွေကလည်း အသွင်အမျိုးမျိုးနဲ့ လှုပ်ရှားလာကြပါတယ်။ အရပ်သားအစိုးရ ဖွဲ့စည်းချိန်ကစပြီး ဗုဒ္ဓဘာသာ အမျိုးသားရေးနဲ့ မွတ်စလင်ဆန့်ကျင်ရေး ပေါ်ထွက်လာပါတယ်။ ဒီအထဲမှာ လူထုထောက်ခံမှု အရဆုံးကတော့ မဘသ (ခေါ်) အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဟာ အန္တရာယ် ကြုံတွေ့နေရတယ်လို့ ဗုဒ္ဓဘာသာဝင် အတော်များများက ယုံကြည်နေကြပါတယ်။
ဒါကြောင့် မဘသအဖွဲ့ဟာ ဗုဒ္ဓဘာသာ ကာကွယ်ရေး၊ မြှင့်တင်ရေးနဲ့ လူမှုဝန်ဆောင်မှုလုပ်ငန်းတွေကို အာရုံပြုဆောင်ရွက်ရမယ်လို့ ထောက်ခံအားပေးသူတွေက ယူဆကြပါတယ်။ ဒါပေမဲ့ ပါတီနိုင်ငံရေးမှာ ပါဝင်သင့်သလားဆိုတာကိုတော့ မဘသအဖွဲ့ထဲမှာတောင် အငြင်းပွား နေရပါတယ်။ မဘသနဲ့ အခြားအမျိုးသားဝါဒီတွေအကြောင်း သိရှိနားလည်ဖို့ လိုအပ်တယ်လို့ ICG ခေါ် International Crisis Group က ယူဆတဲ့အတွက် “ဗုဒ္ဓဘာသာနဲ့ အစိုးရအာဏာ” Buddhism and State Power ခေါ်ဆိုတဲ့ (၃၅) မျက်နှာစာတမ်းကို လွန်ခဲ့တဲ့ စက်တင်ဘာလက ထုတ်ဝေလိုက်ပါတယ်။
ပြည်တွင်းမှာ (၆) လလောက် တွေ့ဆုံမေးမြန်းမှုနဲ့ ကွင်းဆင်းသုတေသနလုပ်ပြီးမှ ရေးတဲ့စာတမ်းလို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာ အမျိုးသားရေးလှုပ်ရှားမှု ပေါ်ပေါက်လာတဲ့သမိုင်းကြောင်းကစပြီး မဘသ ပေါ်ထွက်လာပုံ၊ လူကြိုက်များလာပုံ၊ အစိုးရရဲ့တုံ့ပြန်ပုံ စတာတွေကို အခန်း (၆) ခန်းခွဲပြီး တင်ပြထားပါတယ်။ ရှင်ဘုရင်ဟာ သံဃာ့ဒါယကာဖြစ်လို့ “မင်းနဲ့သံဃာ” အပြန်အလှန် ထိန်းကျောင်းတဲ့ ရှေးအစဉ်အလာအရ နိုင်ငံရေးမှာ သံဃာ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်ကိုလိုနီအစိုးရဟာ သာသနာ့ဒါယကာ မလုပ်ပါဘူး။ အင်္ဂလိပ်ခေါ်လာတဲ့ အိန္ဒိယပြည်သား ကြီးစိုးတာကို ဆန့်ကျင်တဲ့ ကုလား-ဗမာ အဓိကရုဏ်းကနေ မွတ်စလင် ဆန့်ကျင်ရေး ဘာသာရေး လှုပ်ရှားမှု ပေါ်ထွက်လာပါတယ်။ ကိုလိုနီခေတ်မှာ ဘာသာရေး ပညာပေးလှုပ်ရှားမှု လုပ်သလို မဘသကလည်း ဓမ္မကျောင်းတွေဖွင့်ပြီး ဗုဒ္ဓဘာသာကို မြှင့်တင်ပါတယ်။
အင်္ဂလိပ်ခေတ်က ဘာသာရေးနဲ့ လူထုပညာပေးလုပ်ငန်းတွေဟာ ကိုလိုနီ ဆန့်ကျင်ရေး လှုပ်ရှားမှု ဖြစ်ပါတယ်။ YMBA ခေါ် ဗုဒ္ဓဘာသာလူငယ်အသင်းရဲ့ ဦးတည်ချက်ဟာ မြန်မာ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ အတွေးအခေါ်ကို အခြေခံပြီး သင်ကြားပို့ချဖို့သာ အဓိကထားပါတယ်။ လွတ်လပ်ရေးရတော့လည်း ဗုဒ္ဓဘာသာမြန်မာကို ဆက်ပြီးဦးစားပေးတဲ့အတွက် တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးမှာ အဆင်မပြေ ဖြစ်ရတယ်လို့ ဆိုပါတယ်။ ၂၀၀၈ အခြေခံဥပဒေကတော့ ခရစ်ယာန်၊ အစ္စလာမ် နဲ့ ဟိန္ဒူစတဲ့ ဘာသာတွေကိုလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရကတည်းက ဖွဲ့စည်းခဲ့တဲ့ သာသနာရေးဝန်ကြီးဌာနဟာ ဗုဒ္ဓဘာသာအရေးကိစ္စနဲ့သာ သက်ဆိုင်ပါတယ်။ ၂၀၁၁ မှာ နိုင်ငံရေး အသွင်ပြောင်းတဲ့အခါ ဗုဒ္ဓဘာသာအမျိုးဝါဒီတွေက မွတ်စလင် ဆန့်ကျင်ရေးတွေ လုပ်လာပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင် စစ်သွေးကြွတွေ လက်နက်ကိုင်ပဋိပက္ခဖြစ်တာကို မြန်မာပြည်မှာလည်း သဘောပေါက်နေပုံရပါတယ်။ ဗုဒ္ဓဘာသာကို အစ္စလာမ်က အန္တရာယ်ပြုနေပြီလို့ ယုံကြည်ကြပါတယ်။ ဗုဒ္ဓဘာသာဟာ ငြိမ်းချမ်းပြီး ဘာသာပြောင်းအောင် မဆွဲဆောင်တဲ့အတွက် ကိုယ့်ဘက်ပါအောင် နည်းမျိုးစုံသုံးတဲ့ဘာသာတွေက သိမ်းသွင်တာကို ခံရမယ်လို့ ယူဆနေကြပါတယ်။ အစ္စလာမ်ဦးရေ များလာရင် အစ္စလာမ်ဥပဒေကို တောင်းဆိုတတ်တာမို့ အခြားဘာသာကို ခွင့်ပြုတဲ့ ဗုဒ္ဓဘာသာဟာ ဆုံးရှုံးနစ်နာမယ်လို့ ယုံကြည်ကြပါတယ်။ မွတ်စလင်ဆန့်ကျင်တဲ့ ဘုန်းကြီးတွေထဲမှာ ဦးဝီရသူ နဲ့ ဦးဝိမလတို့ ထင်ရှားပါတယ်။ ဦးဝီရသူဟာ ၂၀၀၃ မှာ ထောင်ကျပြီး ၂၀၁၁ မှာ လွတ်လာပါတယ်။ ဦးဝီရသူရဲ့ ၉၆၉ လှုပ်ရှားမှုကို ၂၀၁၃ မှာ မဟန သံဃာမဟာနာယကအဖွဲ့က ပိတ်ပင်လိုက်ပါတယ်။
၉၆၉ သံဃာအုပ်စုဟာ “မဟန” ရဲ့ အမိန့်ကိုရော “မဟန” ကိုရော လက်မခံဘဲ တဆင့်တိုးပြီး မဘသ - အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ၂၀၁၃ မှာ တည်ထောင်ပါတယ်။ မန္တလေးမှာလည်း မဘသ ရှိလာပြီး၊ ဘုန်းကြီးတင်မကဘဲ အရပ်သူအရပ်သားတွေကိုပါ ပါဝင်ခွင့်ပြုထားပါတယ်။ အင်အားကောင်းလာတဲ့ “မဘသ” ဟာ (၁) ကိုးကွယ်ရာဘာသာကူးပြောင်းရေး ဥပဒေ (၂) လက်ထပ်ထိမ်းမြားမှု ဥပဒေ (၃) လူဦးရေး ထိန်းညှိမှု ဥပဒေ နဲ့ (၄) တလင်တမယားစနစ် ဥပဒေစတဲ့ ဥပဒေ (၄) ရပ်ကို လွှွတ်တော်က ပြဌာန်းအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ တကယ်တော့ “မဘသ” မှာ သံဃာတင် ပါဝင်တာမဟုတ်ပါဘူး။
ဗုဒ္ဓဘာသာကို ကာကွယ်ဖို့နဲ့ မြှင့်တင်ဖို့ ရဟန်းနဲ့ ပြည်သူ လက်တွဲလုပ်ကိုင်တဲ့ အုပ်စု ဖြစ်ပါတယ်။ ပြည်ပမီဒီယာတွေမှာ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ဖော်ပြလေ့ရှိပေမယ့် “မဘသ” ဟာ လူမှုရေး၊ ကယ်ဆယ်ရေး၊ ပညာရေး၊ ဥပဒေရေးရာ နဲ့ ယဉ်ကျေးမှုနယ်ပယ်မှာ လှုပ်ရှားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒါကြောင့် “မဟန” သံဃာ့နာယကရဲ့ စွက်ဖက်မှုဟာ အရာထင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ “မဘသ” ဟာ နိုင်ငံရေးအာဏာ လိုချင်သူမဟုတ်ဘဲ မိမိလုပ်ငန်း အောင်မြင်ဖို့အတွက် သြဇာရှိချင်သူသာ ဖြစ်ပါတယ်။ “မဘသ” ရဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းနဲ့ ထောက်ခံအားပေးသူတွေအကြောင်းကို မသိဘဲနဲ့ အရေးယူတာတွေဟာ အချည်းနှီးသာဖြစ်ကြောင်း International Crisis Group က သုံးသပ်ထားပါတယ်။