သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံ့ဝန်ထမ်း ပြုပြင်ရေး


Myanmar Central Bank
Myanmar Central Bank
နိုင်ငံ့ဝန်ထမ်း ပြုပြင်ရေး
please wait

No media source currently available

0:00 0:05:36 0:00
တိုက်ရိုက် လင့်ခ်

လက်ရှိ NLD အစိုးရရဲ့ ရည်ရွယ်ချက်တွေထဲမှာ ပြည်သူယုံကြည်တဲ့ နိုင်ငံ့ဝန်ထမ်းတွေ ပေါ်ထွက်လာရေးလည်း ပါဝင်ပါတယ်။ ကျင့်ဝတ်သိက္ခာရှိပြီး ဘက်လိုက်မှု ကင်းရှင်းတဲ့ နိုင်ငံ့ဝန်ထမ်းဟာ ဒီမိုကရေစီရဲ့ ကျောရိုးမဏ္ဍိုင် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ နိုင်ငံ့ဝန်ထမ်းစွမ်းရည် တိုးမြှင့်ပြီး စွမ်းဆောင်ရည်ရှိတဲ့ ဝန်ထမ်းတွေကို အရည်အချင်းအလိုက် ရာထူးတိုးမြှင့်ကာ သင့်တင့်တဲ့လစာရရှိအောင် NLD အစိုးရက ကြိုးပမ်းမယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ် ဇူလိုင်လက ထုတ်ဝေတဲ့ “နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ လေးနှစ်စီမံချက် (၂၀၁၇-၂၀၂၀) စာတမ်းမှာ ဖော်ပြထားပါတယ်။

စာတမ်းအတွက် မေးမြန်းစုံစမ်းတဲ့အခါမှာ အလုပ်ခွင်မှာ လာဘ်ပေးလာဘ်ယူမှု ရှိတယ်လို့ ဝန်ထမ်းအများစုက ဝန်ခံကြပါတယ်။ လာဘ်ယူတာဟာ လစာမလုံလောက်မှုကို ဖြေရှင်းတဲ့နည်းလမ်း ဖြစ်တာမို့ အနည်းအကျဉ်း လာဘ်ယူတာဟာ လျော်ကန်သင့်မြတ်တယ်လို့ ယူဆတဲ့ ဝန်ထမ်းတွေလည်း ရှိပါတယ်။ ဝန်ထမ်းအနေနဲ့ လုပ်ပေးရမယ့် တာဝန်ရှိပေမယ့် ငွေရမှ လုပ်ပေးတာတွေ ရှိတယ်လို့ ဝန်ထမ်းအများစုက ယူဆပါတယ်။ ဒါကြောင့် ဥပဒေအရာရှိ၊ တရားသူကြီးနဲ့ ရဲတပ်ဖွဲ့ဝင်ကို လာဘ်ပေးရမယ်လို့ ပြည်သူတွေဘက်က မျှော်လင့်ထားပေမယ့် တရားမျှတမှု ရလိမ့်မယ်လို့ မျှော်လင့်သူက နည်းပါတယ်။

နိုင်ငံ့ဝန်ထမ်း (၉) သိန်းလောက် ရှိတယ်လို့ မဟာဗျူဟာစီမံချက်စာတမ်းမှာ ဖော်ပြထားပါတယ်။ ရတဲ့လစာဟာ မိသားစုအသုံးစရိတ် မလုံလောက်လို့ အဂတိလိုက်စားမှု ဖြစ်ရတယ်လို့ စာတမ်းဖြေဆိုသူ (၆၀) ရာခိုင်နှုန်းက ယုံကြည်ပါတယ်။ လစာတိုးမြှင့်ပေးရင် အဂတိလိုက်စားမှု လျော့သွားလိမ့်မယ်လို့ စာတမ်းဖြေဆိုတဲ့ ဝန်ထမ်း (၈၀) ရာခိုင်နှုန်းက ယုံကြည်တယ်လို့လည်း ဖော်ပြပါတယ်။ ဒါပေမဲ့ ၂၀၁၃ မှာ ပြဌာန်းတဲ့ နိုင်ငံ့ဝန်ထမ်းဥပဒေမှာ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့တို့ကို နိုင်ငံ့ဝန်ထမ်းလို့ မသတ်မှတ်ပါဘူး။ ဒါကြောင့် ပြုပြင်ရေးလုပ်ရမယ့် ဝန်ထမ်း (၉) သိန်းမှာ စစ်သားနဲ့ ရဲတွေ မပါပါဘူး။ နိုင်ငံ့ဝန်ထမ်းတွေရှိတဲ့ဌာနကို စစ်ဗိုလ်တွေ ပြောင်းရွှေ့အုပ်ချုပ်တဲ့ ဓလေ့အကြောင်းကိုလည်း ဖော်ပြထားတာ မတွေ့ရပါဘူး။ ဝန်ထမ်းအများစုကတော့ အရည်အချင်းကို အခြေခံတဲ့ ရာထူးတိုးမြှင့်မှုကိုသာ လိုလားကြပါတယ်။

NLD အစိုးရသက်တမ်း (၂) နှစ်မှာ ထူးချွန်ဘွဲ့တံဆိပ် ချီးမြှင့်ခံရတဲ့ နိုင်ငံ့ဝန်ထမ်း (၂) သိန်းကျော်ရှိကြောင်း သိရပါတယ်။ ဒီကာလမှာ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ ဝန်ထမ်း (၇၆၀၀) ကို နိုင်ငံ (၅၅) နိုင်ငံကို ပညာသင်စေလွှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ (၂၀၁၇) ကနေ (၂၀၂၀) အထိဖြစ်တဲ့ လေးနှစ်မဟာဗျူဟာစီမံချက် စတင်အကောင်အထည်ဖော်တဲ့အနေနဲ့ ပြည်သူ့ဝန်ထမ်း အကယ်ဒမီကို ၂၀၁၇ မှာ ဖွင့်လှစ်ပါတယ်။ ဝန်ထမ်းကို အရေးယူရာမှာ စာရေးပြီး သတိပေးမှု၊ နှစ်တိုးလစာရပ်ဆိုင်းမှု၊ ရာထူးတိုးမှုရပ်ဆိုင်းမှု၊ ရာထူးအဆင့်လျှော့ချမှု၊ ရာထူးမှ ထုတ်ပယ်မှုစသဖြင့် ဝန်ထမ်းဥပဒေအရ အပြစ်ပေးတာ များပါတယ်။ ဒီနည်းနဲ့ ပညာရေးဝန်ထမ်း တထောင်ကျော်ကို (၂) နှစ်အတွင်း အရေးယူနိုင်ခဲ့ကြောင်း သိရပါတယ်။ ဝန်ထမ်းအဖြစ်က ထုတ်ပယ်တာဟာ အမြင့်ဆုံးပြစ်ဒဏ်ပေးမှု ဖြစ်ပါတယ်။

ဒီနှစ်ကစပြီး ဝန်ထမ်းတဦးရဲ့ အနိမ့်ဆုံးလစာဟာ ကျပ်တသိန်းခွဲနီးပါးဖြစ်သွားပြီး အရာရှိတဦးရဲ့ အမြင့်ဆုံးလစာက ငါးသိန်းခွဲ ဖြစ်လာပါတယ်။ တရားလွှတ်တော်ချုပ်ရုံးရဲ့ ၂၀၁၇ အစီရင်ခံစာအရဆိုရင် ဝန်ထမ်းရဲ့ အနိမ့်ဆုံးလစာဟာ (၁၂၀၀၀၀) ရှိခဲ့လို့ ကျပ်နှစ်သောင်းကျော်တိုးလာတဲ့ သဘောဖြစ်ပါတယ်။ တရားလွှတ်တော်ချုပ်ရုံးက အရာရှိတွေဟာ အနိမ့်ဆုံးလစာကျပ် (၁၈၀၀၀၀) က အမြင့်ဆုံး ငါးသိန်းအထိ ရကြပါတယ်။ NLD အစိုးရလက်ထက်မှာ အမြင့်ဆုံးဝန်ထမ်းလစာကို ငါးသိန်းခွဲအထိ တိုးလိုက်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ဘာမှမပြောင်းလဲဘဲ လာဘ်စားနေတုန်းပါ။ အကြီးအကဲတွေကလည်း စစ်ဗိုလ်ဟောင်းတွေပဲလို့ ရှေ့နေကြီး ဦးကြီးမြင့်ပြောတာကို လွန်ခဲ့တဲ့မတ်လ (၈) ရက်ထုတ် 7 Days နေ့စဉ်မှာ ဖော်ပြထားပါတယ်။ တရားသူကြီးချုပ်ဟာလည်း စစ်ဗိုလ်ဟောင်း ဖြစ်ပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၇-၂၀၂၀ အထိဖြစ်တဲ့ “နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်” ဟာ ရည်ရွယ်ချက်ကြီးမားတဲ့ နှစ်တိုစီမံကိန်းဖြစ်လို့ လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်ပါတယ်။ ဖယ်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပေါ်ထွန်းရေးကို ရည်မှန်းပြီး နိုင်ငံ့ဝန်ထမ်းအုပ်ချုပ်မှု ပုံစံသစ်ကို တည်ထောင်မယ်လို့ ဆိုပါတယ်။ ဗဟိုချုပ်ကိုင်မှု လျော့ထားတဲ့ ဖယ်ဒရယ်စနစ်နဲ့ ကိုက်ညီမယ့် ပြောင်းလဲနိုင်မှု အတိုင်းအတာကို လေ့လာသုံးသပ်မယ်လို့ ဆိုပါတယ်။ နောက်တော့ ဗဟိုချုပ်ကိုင်မှုလျော့ထားတဲ့ အုပ်ချုပ်မှုပုံစံကို မြှင့်တင်နိုင်မယ့် မူဝါဒစာတမ်းကို ပြုစုရမယ်လို့ ဖော်ပြထားပါတယ်။

ဝန်ထမ်းရွေးချယ်ခန့်ထားမှု၊ ရာထူးတိုးမြှင့်မှု၊ ပြောင်းရွှေ့မှုကိစ္စတွေမှာ ဗဟိုချုပ်ကိုင်မှုလျော့တဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖြစ်ပေါ်လာမယ့် မတူညီတဲ့ အခြေအနေတွေကို ဆန်းစစ်ပြီး ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေကို သတ်မှတ်ရမယ်လို့ ဆိုပါတယ်။ စစ်တပ်နဲ့ ရဲအဖွဲ့မပါတဲ့ ဝန်ထမ်းလောကကို ပြုပြင်ပြောင်းလဲလိုက်ရုံနဲ့ ဖယ်ဒရယ်စနစ်ပေါ်လာမှာ မဟုတ်ပေမယ့်၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးအတွက် ပြင်ဆင်ထားတာကတော့ မမှားဘူးလို့ ပြောနိုင်ပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာ အသုံးချခံခဲ့ရတဲ့ အဂတိလိုက်စားမှု အလွန်များတဲ့ ဝန်ထမ်းလောက ပြုပြင်ပြောင်းလဲရေးဟာ အချိန်ကြာမှာမို့ NLD ပါတီ ရေရှည်အာဏာရတဲ့အပေါ်မှာ မူတည်နေပါတယ်။

XS
SM
MD
LG