သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ နဲ့ တောင်ကိုရီးယား


မြန်မာ နဲ့ တောင်ကိုရီးယား
please wait

No media source currently available

0:00 0:05:10 0:00
တိုက်ရိုက် လင့်ခ်


တောင်ကိုရီးယား ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုဖလှယ်ရေး ကိုရီးယားဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ကိုရီးယား TV ဇာတ်ကားတွေ မြန်မာပြည်ကို အခမဲ့ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အစပိုင်းမှာ နိုင်ငံပိုင် MRTV ကနေ ကိုရီးယားအချစ်ဇာတ်ကား ပြသဖို့ စီစဉ်ပါတယ်။ မြန်မာပရိသတ်ကို ဖျော်ဖြေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အချစ်ဇာတ်ကားကို အခမဲ့ ဖြန့်ဝေနေတာ မဟုတ်ပါဘူး။ ကိုရီးယား TV ဇာတ်ကားကို ကြည့်ပါများလာရင် တောင်ကိုရီးယားနိုင်ငံပေါ် အကောင်းမြင်သူတွေ တိုးပွားလာမယ့်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုရီးယား TV ဇာတ်ကားတွေကို အခမဲ့ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားအပေါ် အမြင်ကောင်းလေလေ တောင်ကိုရီးယား ကုန်ပစ္စည်းကိုလည်း သဘောကျလေလေ ဖြစ်လာအောင် ဖန်တီးထားတဲ့ဝါဒ ဖြန့်ချက်တခု ဖြစ်ပါတယ်။ တရုတ်ပြည်မှာတောင် ကိုရီးယားဇာတ်ကားကောင်းမှုကြောင့် ကိုရီးယားအလှကုန်နဲ့ အစားအသောက်တွေ အလွန်ရောင်းကောင်းသွားတဲ့ သာဓကတွေ ရှိပါတယ်။ အခြားကုန်ပစ္စည်းကို လူကြိုက်နည်းပေမယ့် အလှကုန် အရောင်းသွက်နေတာဟာ ကိုရီးယားယဉ်ကျေးမှုကို နှစ်သိမ့်မှုတွေ များနေတာကို ပြသရာရောက်တယ်လို့ ပညာရှင်အချို့က သုံးသပ်ပါတယ်။ မြန်မာပြည်မှာ TV ဇာတ်လမ်း (၉၀) ရာခိုင်နှုန်းဟာ ကိုရီးယားဇာတ်ကား ဖြစ်ပါတယ်။

ကိုရီးယားဇာတ်ကားခေတ်စားတဲ့ မြန်မာပြည်မှာ တောင်ကိုရီးယားမှာ အလုပ်လုပ်ချင်သူတွေ သောင်းနဲ့ချီ ရှိနေပါတယ်။ ဒီနှစ်ထဲမှာ မြန်မာလုပ်သား လေးထောင်ကျော်သာ တောင်ကိုရီးယားက ခေါ်ယူဖို့ အစီအစဉ်ရှိပေမယ့် သွားချင်သူက သုံးသောင်းကျော်ပါတယ်။ ကိုရီးယားဘာသာစကားနဲ့ ကျွမ်းကျင်မှုစစ်ဆေးပွဲကို အောင်မြင်မှသာ ရွေးချယ်ခံရနိုင်တာကြောင့် စာမေးပွဲအောင်ဖို့ ရင်းနှီးမုပ်နံှရတဲ့ ပမာဏကလည်း အလွန်ကြီးမားပါတယ်။ ကိုရီးယား စာမေးပွဲအောင်ဖို့အတွက် ပြင်ဆင်ရတဲ့ စရိတ်က ကျပ်သိန်း (၃၀) လောက်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားရောက်တဲ့အခါ လစဉ်ကျပ် (၁၀) သိန်းကျော် (၁၅) သိန်းလောက် ရနိုင်တာမို့ ရင်းနှီးရကျိုးနပ်သလို ဖြစ်နေပါတယ်။ ကိုရီးယား ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားကို သုံးကြပါတယ်။

မြန်မာပြည်မှာ အများဆုံး ရင်းနှီးမြုပ်နံှနေတဲ့ ထိပ်တန်းဆယ်နိုင်ငံထဲမှာ တောင်ကိုရီးယားလည်း ပါဝင်ပါတယ်။ Lotte နဲ့ Daewoo လို ကုမ္ပဏီကြီးတွေကစပြီး လက်လီဆိုင်၊ စားသောက်ဆိုင်တွေအထိ ဖွင့်ထားတာမို့ ကိုရီးယားကုမ္ပဏီတွေကို နေရာတိုင်းမှာ တွေ့နိုင်သလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဟံသာဝတီ လေဆိပ်ကန်ထရိုက်ကိုတော့ တောင်ကိုရီးယားမရဘဲ စင်္ကာပူက ရသွားပါတယ်။ ရန်ကုန်-ဒလ တံတာစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း (၁၄၀) နဲ့ အကောင်အထည်ဖော်ဖို့ တောင်ကိုရီးယားက တာဝန်ယူထားပါတယ်။ သံမဏီကြိုးဆိုင်း လေးလမ်းသွားတံတာ တည်ဆောက်မယ့်နေရာက ဖယ်ပေးရသူတွေကို လွန်ခဲ့တဲ့နှစ်ကစပြီး လျှော်ကြေးပေးပြီး ဖြစ်ပါတယ်။ ကိုရီးယားချေးငွေကို အတိုးသက်သာစွာနဲ့ ရယူပြီး တည်ဆောက်မှာဖြစ်လို့ အနှစ် (၄၀) အတွင်း ကျေအောင်ပြန်ဆပ်ရမယ့် အစီအစဉ် ဖြစ်ပါတယ်။

နေပြည်တော်ကောင်စီ၊ ရေဆင်းတက္ကသိုလ်နယ်မြေမှာ တောင်ကိုရီးယား-မြန်မာ စက်မှုလယ်ယာ သင်တန်းကျောင်း လွန်ခဲ့တဲ့ မတ်လက ဖွင့်လှစ်ကြောင်း သိရပါတယ်။ မြန်မာ့စက်မှုလယ်ယာအသွင် ပြောင်းမှုကို တောင်ကိုရီးယားက ကူညီအားပေးတဲ့အနေနဲ့ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ လယ်ယာသုံး စက်ပစ္စည်းကိရိယာ မောင်းနှင်းမှု နဲ့ ထိန်းသိမ်းပြုပြင်မှု ကျွမ်းကျင်အောင် သင်တန်းတကြိမ်မှာ လူ (၄၀) လေ့ကျင့်သင်ကြားပေးဖို့ ရည်ရွယ်ပါတယ်။ တောင်သူလယ်သမားတွေမှာ လယ်ယာသုံးစက် ကိရိယာတွေ ရှိနေပေမယ့် ပြင်ဆင်ထိန်းသိမ်းတဲ့ဘက်က အားနည်းတဲ့အတွက် အခုလို သင်တန်းဖွင့်ရတာပါ။ အမေရိကန်ဒေါ်လာ (၆) သန်း တောင်ကိုရီးယားဘက်က ရင်းနှီးပြီး မြန်မာစက်မှုလယ်ယာ အသွင်ကူးပြောင်းရေးကို တတပ်တအား ပါဝင်ကူညီတဲ့သဘော ဖြစ်ပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ကို တောင်ကိုရီးယားက စိတ်ဝင်စားဆုံး ဖြစ်ပါတယ်။ လုပ်ခနည်းတဲ့ အလုပ်သမားထု ရှိနေတာဟာလည်း တောင်ကိုရီးယား အရင်းအနှီးကို ဆွဲဆောင်သလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးရေး အကူအညီပေးတဲ့နေရာမှာ တောင်ကိုရီးယားဟာ အခြားအာရှနိုင်ငံတွေထက် အများကြီး နည်းပါးပါတယ်။ ဥပမာ (၂၀၀၁) ကနေ (၂၀၁၃) အထိ (၁၃) နှစ်အတွင်းမှာ မြန်မာကို တောင်ကိုရီးယားပေးတဲ့ ဖွံ့ဖြိုးရေး အကူအညီဟာ အမေရိကန် ဒေါ်လာသန်း (၉၀) သာ ရှိပါတယ်။ အခုမှ အနောက်တိုင်း အကူအညီတွေများလာလို့ အတတ်ပညာပိုင်းမှာ တောင်ကိုရီးယားက ဝင်ကူနေပုံ ရပါတယ်။

မြန်မာ-တောင်ကိုရီးယား သံတမန် ဆက်ဆံရေး အနှစ် (၄၀) မြောက် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံက ပန်းချီပညာရှင် (၂၀) ရဲ့ လက်ရာတွေကို လွန်ခဲ့တဲ့ ဇူလိုင်လက ရန်ကုန်မှာ ပြသပါတယ်။ အနုပညာမှာလည်း ဒီလိုပြပွဲတွေ လုပ်နေတာ သုံးနှစ်လောက် ရှိပါပြီ။ စီးပွားရေးတင်မက ယဉ်ကျေးမှု အနုပညာဘက်မှာပါ တောင်ကိုရီးယားဘက်က ပါဝင်လာတာ ထင်ရှားပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ဂျပန်တို့ကို ပြိုင်ဆိုင်နိုင်လောက်အောင် အင်အား မရှိသေးပါဘူး။ အခြေအနေ ကြည့်ရတာကတော့ မြန်မာ-တောင်ကိုရီးယား ဆက်ဆံရေးဟာ အရှိန်အဟုန်နဲ့ တိုးပွားလာဖို့သာ ရှိပါတယ်။

XS
SM
MD
LG