ဆိုနီ ရုပ်ရှင် ထုတ်လုပ်ရေး အင်တာနက် ဖောက်ထွင်းခံရမှု နောက်ကွယ် မှာ မြောက်ကိုးရီးယားတို့ ရှိနေတယ်ဆိုပြီး အမေရိကန်တို့က သတ်မှတ်ထားတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ ဒီလို အင်တာနက် ဖောက်ထွင်းတိုက်ခိုက် ခံရမှုကြောင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို ဖြစ်စေပြီးနောက် မြောက် ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို လုပ်ကြံဖို့ ကြံစည်တဲ့အကြောင်း ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ပြသမယ့် အစီအစဉ်ကိုလည်း ဆိုနီ ရုပ်ရှင် ထုတ်လုပ်ရေးက ပယ်ဖျက်လိုက်ပါတယ်။
အခု အင်တာနက် ဖောက်ထွင်းမှုဟာ မြောက်ကိုးရီးယားနဲ့ ဆက်စပ်မှု ရှိတယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေ တွေ့ရတယ်လို့လည်း အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတို့က ပြောပါတယ်။ အခု အင်တာနက် ဖောက်ထွင်း ခံရမှုကြောင့် ထောင်ပေါင်း များစွာသော စာရွက်စာတန်းတွေ ပေါက်ကြား ထွက်ခဲ့သလို The Interview ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီးလည်း အကြမ်းဖက် ခြိမ်းခြောက်ခံရမှုတွေ ဖြစ်စေခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန် စုံစမ်းစစ်ဆေးသူတွေက ဘယ်လို ဆုံးဖြတ် အတည်ပြုတာလဲ၊ ဒီကိစ္စကို အိမ်ဖြူတော်က ဘယ်လို တုံ့ပြန်မလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ The Interview ရုပ်ရှင်ဇာတ်လမ်းကို ရုပ်ရှင်ရုံကြီးတွေမှာ လုံခြုံရေး စိုးရိမ်မှုကြောင့် မပြတော့ဖို့ ဆုံးဖြတ်ခဲ့ကြပြီးတဲ့နောက် ဟောလိဝုဒ် ရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီ Sony Pictures ကလည်း ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ရုံတင်ပြသမယ့် အစီအစဉ်ကို ရပ်ဆိုင်းထားတယ်လို့ မနေ့တုန်းက ပြောပါတယ်။
ဆိုနီ ရုပ်ရှင်ထုတ်လုပ်ရေးက ဒီရုပ်ရှင်ကားကို လတ်တလော ထုတ်မယ့် အစီအစဉ်လည်း မရှိပါဘူး။ The Interview ရုပ်ရှင်ကား ပြသပွဲကို ကြည့်ရှုသူတွေကို ရင်နင့်ဖွယ်ရာ ကံကြမ္မာနဲ့ ရင်ဆိုင်ရပါစေမယ်လို့လည်း ငြိမ်းချမ်းရေးကို စောင့်ရှောက်သူများ လို့ ကိုယ့်ကိုယ်ကိုယ် နာမည်ပေးထားတဲ့ အင်တာနက် ဖောက်ထွင်းသူ Hacker အဖွဲ့က အစောပိုင်းတုန်းက ပြောဆိုထားတာပါ။
ဒီအဖွဲ့က ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အမေရိကန်တို့ တိုက်ခိုက်ခံရတာကို မှီငြမ်းပြောဆိုပြီး လူတွေ အနေနဲ့ The Interview ရုပ်ရှင်ကား ပြသမယ့် ရုပ်ရှင်ရုံတွေနဲ့ ဝေးဝေးနေကြဖို့ သတိပေးခဲ့တာပါ။
အမေရိကန် ပြည်ထောင်စုရဲ့ အမိမြေ လုံခြုံရေး ဌာနကတော့ ရုပ်ရှင်ရုံတွေကို တိုက်ခိုက်မယ်ဆိုတဲ့ ခိုင်မာတဲ့ ထောက်လှမ်းရေး အချက်အလက်တွေ မရှိဘူးလို့ ပြောဆိုထားပါတယ်။ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားကလည်း အခု ခြိမ်းခြောက်မှုကို သိပ်ပြီး အလေးအနက် မထားပါဘူး။ လူတွေ ရုပ်ရှင်ကြည့်ကြပါလို့ သူ့အနေနဲ့ အားပေးပြောဆိုတယ်လို့လည်း ပြောဆိုထားပါတယ်