သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Vanuatu ကျွန်း အင်အားပြင်း မုန်တိုင်းဝင်


 တနာရီမိုင် ၁၇၀ ထက်မနည်းနဲ့တိုက်ခတ်နေတဲ့ ဆိုင်ကလုံးမုန်တိုင်း
တနာရီမိုင် ၁၇၀ ထက်မနည်းနဲ့တိုက်ခတ်နေတဲ့ ဆိုင်ကလုံးမုန်တိုင်း

ပစိဖိတ်သမုဒ္ဒရာထဲက Vanuatu ကျွန်းနိုင်ငံကို အင်မတန် အင်အားပြင်းတဲ့ Cyclone မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့ အကြီးအကျယ် ပျက်စီး
ဆုံးရှုံးခဲ့ပါတယ်။ လေပြင်းတိုက်နှုန်း တနာရီမိုင် ၁၇၀ ထက်မနည်းနဲ့ ဝင်ရောက်တိုက်ခတ်သွားတာကြောင့် Port Vila မြို့တော်မှာ အိမ်ခေါင်မိုးတွေ
လန်ထွက်၊ ဓါတ်တိုင်တွေကျိုးကျ၊ သစ်ပင်တွေကျိုးကျခဲ့ပါတယ်။ ဒါဇင်နဲ့ချီသေဆုံးတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ပြောနေပါတယ်။
Vanuatu တနိုင်ငံလုံး ထိခိုက်ပျက်စီးစေခဲ့တဲ့ Pam Cyclone မုန်တိုင်းဟာ Pacific သမုဒ္ဒရာဒေသမှာ တိုက်ခတ်တဲ့ အဆိုးဆုံးမုန်တိုင်းဖြစ်မယ်လို့
ကူညီကယ်ဆယ်ရေး အေဂျင်စီတွေက ပြောကြပါတယ်။ ဂျပန်နိုင်ငံမှာ ကုလသမဂ္ဂ သဘာဝဘေးဒဏ်ဆိုင်ရာညီလာခံတက်နေတဲ့ Vanuatu သမ္မတ Baldwin Londsdale ကလည်း သူ့ပြည်သူတွေကို အကူအညီပေးဖို့အတွက် ခုလို ပန်ကြားခဲ့ပါတယ်။

ဘေးဒဏ်ကျရောက်နေတဲ့ ကျွန်တော်တို့နိုင်ငံကို နိုင်ငံတကာအသိုင်းအဝိုင်းက အကူအညီပေးကြဖို့အတွက် Vanuatu ပြည်သူတွေနဲ့ အစိုးရကိုယ်စား
အကူအညီတောင်းခံပါတယ်လို့ ညီလာခံမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ဒီညီလာခံတက်ရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းကလဲ Vanuatu ပြည်သူတွေကို ကူညီဖို့ ခိုင်ခိုင်မာမာဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ Vanuatu ကျွန်းနိုင်ငံမှာ
ကျွန်းစုပေါင်းအမြောက်အများရှိပြီး မုန်တိုင်းဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ တချို့ကျွန်းတွေမှာ ဆက်သွယ်ရေးတွေ ပြတ်တောက်နေပါတယ်။

ဒါကြောင့် မုန်တိုင်းဒဏ် ဘယ်လောက်ဆိုးသလဲဆိုတာကို အပြည့်အဝ သုံးသပ်နိုင်ဖို့ အချိန်ပေးရပါလိမ့်မယ်၊ Port Vila မြို့တော်က လေဆိပ် တနင်္ဂနွေနေ့မှာ ပြန်လည်ဖွင့်နိုင်မယ်လို့ မျှော်လင့်ရပြီး ပြန်ဖွင့်တာနဲ့ အကူအညီတွေ ပို့ဆောင်ပေးနိုင်ဖို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ
မျှော်လင့်နေကြပါတယ်။

တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ Pam မုန်တိုင်းဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့ New Zealand နိုင်ငံမှာလည်း မုန်တိုင်းအတွက် ကြိုတင် ပြင်ဆင်ကာကွယ်မှုတွေ လုပ်နေကြပါတယ်။

XS
SM
MD
LG