သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုက်ပရပ်စ်နိုင်ငံမှာ နိုင်ငံခြားသားအမျိုးသမီးတဦးနဲ့ မိန်းကလေး ၇ ဦး အသတ်ခံရမှု ကန့်ကွက်ဆန္ဒပြပွဲ ကျင်းပ


ဆိုက်ပရပ်စ်နိုင်ငံ Nicosia မြို့မှာ ကျင်းပတဲ့ ဆုတောင်းပွဲ (ဧပြီ၊ ၂၆၊ ၂၀၁၉)
ဆိုက်ပရပ်စ်နိုင်ငံ Nicosia မြို့မှာ ကျင်းပတဲ့ ဆုတောင်းပွဲ (ဧပြီ၊ ၂၆၊ ၂၀၁၉)

ဆိုက်ပရပ်စ်နိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အမျိုးသမီးတယောက်နဲ့ မိန်းကလေးငယ် ၇ ဦးတို့ အတွက် ဆုတောင်းပွဲကို လူ ရာနဲ့ချီတက်ရောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အသတ်ခံခဲ့ရသူအားလုံးဟာ ပြည်ပကနေ လာအလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။

ဆုတောင်းပွဲကို Nicosia မြို့မှာ သောကြာနေ့က ကျင်းပခဲ့ပါတယ်။ ဒီလူသတ်မှုတွေမှာ သံသယရှိသူ အသက် ၃၅ နှစ်အရွယ် စစ်ဘက်အရာရှိ တဦးကိုတော့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဒါဟာ ဆိုက်ပရပ်စ်နိုင်ငံမှာ စိတ္တဇ လူသတ်သမားတဦးကြောင့် လူတွေသေဆုံးခဲ့ရတဲ့ပထမဆုံး ဖြစ်ရပ်ပါ။

ဖိလစ်ပိုင်အမျိုးသမီး အလောင်း ၃ လောင်းကို ပြန်ဖော်နိုင်ခဲ့သလို ကျန်အလောင်းတွေကိုတော့ ရဲတွေက ဆက်ပြီး ရှာဖွေနေပါတယ်။ နိုင်ငံခြားက ရောက်လာကြတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေ ပျောက်နေတာကို သတင်းပို့ခဲ့ပေမယ့် တာဝန်ရှိသူတွေဘက်က လုံလောက်အောင် စုံစမ်းရှာဖွေခြင်း မရှိတာကို မီးမှောင်းထိုးပြတဲ့အနေနဲ့ ဒီပွဲကို ကျင်းပတာလို့ ပွဲစီစဉ်သူတွေကပြောပါတယ်။

လူသတ်မှုကျုးလွန်ခဲ့သူဟာ နိုင်ငံခြားသားတွေကို မကြိုက်ကြတဲ့၊ လူမျိုးရေးခွဲခြားတဲ့ အပြုအမူတွေ အမြဲတစေရှိနေတဲ့ လူမှုအသိုင်းအဝိုင်းက လာသူဖြစ်တယ်ဆိုပြီး Kathimerini Cyprus သတင်းဌာနက ရေးသားထားပါတယ်။

အဲဒီအမျိုးသမီးတွေဟာ ဘဝရပ်တည်ရေးအတွက်နဲ့ မိသားစုကို ကူညီထောက်ပံ့ဖို့ ဒီကိုရောက်လာကြသူတွေဖြစ်တယ်လို့ လွှတ်တော်အမတ် Irene Charalambides က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သူတို့ ခုလိုပျောက်ဆုံးသွားတာကို ဘယ်သူကမှ စိတ်မဝင်စားခဲ့ကြဘူးလို့လည်း ပြောပါတယ်။ ရဲတပ်ဖွဲ့ဘက်ကလည်း အမှုကိုင်တွယ်ပုံကို ပြန်ပြီး ဆန်းစစ်နေကြပါတယ်။

XS
SM
MD
LG