သီရိလင်္ကာနိုင်ငံ အရှေ့ ပိုင်းက Kalmunai မြို့ မှာ လုံခြုံရေးတပ်ဖွဲ့နဲ့ လက်နက်ကိုင်အုပ်စု တစုတို့ သောကြာနေ့ညက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးခဲ့တဲ့ အိမ်ကို ဒီကနေ့ ရှင်းလင်းရာမှာ အပြင်းအထန် ဒဏ်ရာရထားတဲ့ အမျိုးသမီးတဦးနဲ့ ကလေးတယောက်ကို ရှာတွေ့ခဲ့လို့ သူတို့ကို ဆေးရုံပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။
အပြန်အလှန်ပစ်ခတ်ပြီး ပေါက်ကွဲမှုတွေပါ ဖြစ်ပွါးခဲ့တဲ့ အဲဒီ အိမ်နဲ့ အနီးတဝှိက်မှာ အလောင်း ၁၅ လောင်းတွေ့ရပြီး အဲဒီထဲမှာ ကလေးငယ် ၆ ဦးပါဝင်တယ်လို့ စစ်တပ်ပြောခွင့်ရသူက ဆိုပါတယ်။
ပေါက်ကွဲမှုကတော့ အသေခံ ဗုံးခွဲသူတွေကြောင့် ဖြစ်ပုံရ တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ အဲဒီ အိမ်ထဲမှာ ယမ်းတောင့် ၁၅၀၊ IS အစွန်းရောက်တွေရဲ့ ဝတ်စုံ၊ သံမဏိ ဂုံးသီးတွေ၊ ဒရုန်းတခု၊ လက်တော့ပ် ကွန်ပြူတာတလုံးနဲ့ ဗင်ကားတစီးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရီလင်္ကာနိုင်ငံထုတ် The Daily Mirror သတင်းစာက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂၅၀ ဝန်းကျင်သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ရတာပါ။
အဲဒီဖြစ်ရပ်နောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ပြီး ဖြစ်လာနိုင်တယ်ဆိုတဲ့ တရားဝင် သတင်းတွေ ထွက်ပေါ်လာတာကြောင့် နိုင်ငံတဝှမ်းလုံးက ဝတ်ပြုဆုတောင်းပွဲတွေကို ကက်သလစ်ခေါင်းဆောင်တွေက ဖျက်သိမ်းလိုက်ပါတယ်။ အဲဒီဗုံးခွဲ တိုက်ခိုက်မှုတွေကိုတော့ အစ္စလာမ်မစ် အစွန်းရောက်တွေရဲ့ လက်ချက်အဖြစ် ပြောဆိုနေတာပါ။
အမေရိကန် နိုင်ငံခြားရေးဌာနက အမေရိကန်တွေအတွက် ခရီးသွားလာမှု လုံခြုံရေးဆိုင်ရာ သတိပေးချက်ကို ၄ ဆင့်သတ်မှတ်ထားရာမှာ သီရိလင်္ကာနိုင်ငံ ခရီးသွားလာမှုသတိပေးချက်ကို အဆင့် ၃ အဖြစ် သောကြာနေ့က တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။