သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာမှာ တိုက်ခိုက်မှုတွေ ထပ်ဖြစ်နိုင်


သီရိလင်္ကာနိုင်ငံမှာ နောက်ထပ်တိုက်ခိုက်မှုတွေဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် လူစုလူဝေးတွေ နဲ့ ဘာသာရေးအခမ်းအနားတက်မယ့်ကိစ္စတွေကို ရှောင်ကြဖို့ မြို့တော် ကိုလံဘိုမှာရှိတဲ့ အမေရိကန်သံရုံးက အကြံပြု တိုက်တွန်းထားပါတယ်။ တိုက်ခိုက်မယ့် သူတွေ လွတ်နေသေးတယ်လို့လည်း သီရိလင်္ကာဝန်ကြီးချုပ်ကပြောပါတယ်။ နောက်ဆုံး အခြေအနေတွေ သိထားသလောက် ကိုကျော်အောင်လွင် ဆက်ပြောပါလိမ့်မယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် သီရိလင်္ကာနိုင်ငံမှာ လူ၂၅၀ကျော် သေဆုံးပြီး ငါးရာ ကျော်ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်ကို သီရိလင်္ကာအရာရှိတွေ စောစောပိုင်း ကပြောတာက ၃၅၀ကျော် တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ကြာသပတေးနေ့မှာ ပြန်ပြောတာက ၂၅၀ကျော်တယ်၊ အလောင်းတချို့ကို ၂ ခါ ပြန်ရေတွက်ခဲ့ တာမျိုး ဖြစ်နိုင်တယ် လို့ဆိုပါတယ်။

လောလောဆယ် ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးဖမ်းဆီးထားသူ အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၇၀ကျော်ရှိတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ အဓိက သံသယရှိသူတွေရဲ့ ရုပ်ပုံတွေကိုလည်း အများသိအောင် ထုတ်ပြန်ထားပြီး အစ္စလာမ်မစ်စစ်သွေးကြွတွေကို အားပေးထောက်ခံသူတွေကို နိုင်ငံတဝှမ်း ဆက်ပြီးရှာဖွေနေကြတုန်းပါ။ နောက်ထပ်ဖေါက်ခွဲမှုတွေ ဆက်ဖြစ်လာနိုင်သေးတယ်လို့ အာဏာပိုင်တွေက ယုံကြည်ထားတဲ့အကြောင်း သီရိလင်္ကာ ဝန် ကြီးချုပ် Ranil Wickremesinghe က ပြောပါတယ်။

“သံသယရှိတဲ့ သူတွေတော်တော် များများရှိပါတယ်။ တချို့ကလွတ်နေတုန်းပါ။ သူတို့နဲ့အတူ ဖေါက်ခွဲရေး ပစ္စည်းတွေလည်း ရှိနေနိုင်ပါတယ်။ ဒါမှမဟုတ် ဖေါက်ခွဲရေးပစ္စည်းတွေကို သူတို့ ဝှက်ထားတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သံသယရှိ တဲ့သူတွေကိုရော ဖေါက်ခွဲရေး ပစ္စည်းတွေကိုရော ကျနော်တို့ရှာရမှာပါ။ အဲဒါကြောင့် ဒီလုပ်ဆောင်မှုတွေက ဆက်ပြီးရှိနေတုန်းပါပဲ။”

အခုလို နောက်ထပ်ဖေါက်ခွဲမှုတွေ ဆက်ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် အခုလာမယ့် စနေ၊ တနင်္ဂနွေမှာ ဘာသာရေးအခမ်းအနားတွေတက်မယ့်ကိစ္စနဲ့ လူစုလူဝေးတွေကို ရှောင်ကြဖို့ ၊ ဆက်ပြီးနိုးနိုးကြားကြားနဲ့ သတိရှိ ကြဖို့ သီရိလင်္ကာရဲ့မြို့တော် ကိုလံဘိုမှာ ရှိတဲ့ အမေရိကန်သံရုံးက မနေ့ကပဲ အကြံပြုတိုက်တွန်းထားပါတယ်။

သီရိလင်္ကာ သမ္မတ Maithripala Sirisena ရဲ့ဖိအားပေးမှုကြောင့် ကာကွယ်ရေးဝန်ကြီး Hemasriri Fernando နဲ့ ရဲချုပ် Pujith Jayasundara လည်း နုတ်ထွက်သွားကြပါတယ်။ သီရိလင်္ကာနိုင်ငံက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတလ်ကြီးတွေကို ဗုံးခွဲလိမ့်မယ်ဆိုတဲ့သတင်း အိန္ဒိယ နိုင်ငံ ထောက်လှမ်းရေးက ကြိုပြီးအသိပေးထားတဲ့ကိစ္စ သမ္မတဆီကို အကြောင်းမကြားခဲ့တာ ကြောင့် ဒီကိစ္စနဲ့ ဆိုင်တဲ့အရာရှိတွေကို အပြင်းအထန်အရေးယူမယ်လို့ သမ္မတ Maithripala က ရုပ်မြင်သံကြားမှာ ပြောခဲ့ ပြီး နောက်တရက်မှာပဲ ကာကွယ်ရေးဝန်ကြီးနဲ့ ရဲချုပ်၂ဦး နုတ်ထွက် ခဲ့ကြတာပါ။ အခြေအနေတေ ွပုံမှန်ပြန်ဖြစ်အောင် ဝိုင်းပြီး လုပ်ဆောင်ကြဖို့ အတိုက်အခံခေါင်းဆောင် Mahinda Rajapaksa အပါအဝင် သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို သမ္မတ Maithripala မနေ့က တိုက်တွန်းခဲ့ပါတယ်။

“ပြည်သူတွေရဲ့ဘဝတွေပုံမှန်ပြန်ဖြစ်ရေး ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ကိုထူထောင်ရေး ကာကွယ်ရေး တပ်ဖွဲ့တွေကို အင်အား ကောင်းအောင်လုပ်ရပါလိမ့်မယ်။ အခုဖြစ်ပေါ်နေတဲ့ အခြေအနေကို ရင်ဆိုင်ဖြေရှင်းကြဖို့ ကျနော်နဲ့ အတူလာရောက် လက်တွဲကြဖို့ ခင်ဗျားတို့အားလုံးကို ကျနော် အနူးအညွတ်မေတ္တာရပ်ခံပါတယ်”

သီရိလင်္ကာအစိုးရ ရင်ဆိုင်နေရတဲ့အခြေအနေတွေထဲမှာ သမ္မတနဲ့ဝန်ကြီးချုပ်အကြား မပြေမလည်ဖြစ်နေတဲ့ ကိစ္စလည်းပါ ဝင်ပါတယ်။ တိုက်ခိုက်မှုတွေရှိလိမ့်မယ် ဆိုတဲ့သတိပေးချက်တွေ ကြိုပြီးရှိခဲ့တယ်ဆိုပေမဲ့ ဒီကိစ္စအပေါ်အရေးယူဆောင်ရွက် ဖို့ပျက်ကွက်ခဲ့တာဟာ အချင်းချင်း ဆက်သွယ်ရေး ပြတ်တောက်မှုတွေရှိခဲ့တာကြောင့်လို့ ဝန်ကြီးချုပ် Ranil Wickremesinghe က ပြောပါတယ်။

တနင်္ဂနွေနေ့ကတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး IS စစ်သွေးကြွအဖွဲ့ကတော့ သူတို့ရဲ့ လက်ချက်လို့ ပြောထားပါတယ်။ တိုက်ခိုက်မှုတွေမဖြစ်ခင်ကတည်းက ကြိုတင် သတိပေးချက်တွေ တော်တော်များများ အိန္ဒိယထောက်လှမ်းရေးအဖွဲ့တွေက သီရိလင်္ကာနိုင်ငံကို ပို့ခဲ့ကြတာပါ။ အိန္ဒိယထောက်လှမ်းရေးရဲ့ သတင်းပို့ချက်တွေ ထဲမှာ တိုက်ခိုက်မှုမှာ တာဝန်ရှိတယ်လို့ သံသယရှိနေတဲ့ ဒေသခံ အစ္စလာမ်မစ်အစွန်းရောက် NTJ အဖွဲ့နဲ့ပတ်သက်ပြီး အသေးစိတ် ဖေါ်ပြထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG