သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးဝန်ကြီးနဲ့ ရဲတပ်ဖွဲ့အကြီးအကဲနုတ်ထွက်ဖို့ သီရိလင်္ကာ သမ္မတ တောင်းဆို


သမ္မတ Maithripala Sirisena
သမ္မတ Maithripala Sirisena

သီရိလင်္ကာနိုင်ငံမှာ လူပေါင်း ၃၅၉ ယောက်အထိ သေဆုံးခဲ့ရတဲ့ အီစတာပွဲတော်အတွင်း အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီးနောက် ကာကွယ်ရေးဝန်ကြီးနဲ့ ရဲတပ်ဖွဲ့အကြီးအကဲ တို့ကို နုတ်ထွက်ဖို့ သမ္မတ Maithripala Sirisena က တောင်းဆိုလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီး Hemasiri Fernando နဲ့ ရဲချုပ် Pujith Jayasundara တို့ နုတ်ထွက်ဖို့ သမ္မတရုံးက ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။ တိုက်ခိုက်ခံရမယ့် အခြေအနေနဲ့ ပတ်သက်လို့ ရရှိထားတဲ့ ထောက်လှမ်းရေး သတင်းတွေကို အစီရင်ခံဖို့ ပျက်ကွက်ခဲ့တဲ့ တာဝန်ရှိသူတွေကို ရက်ပိုင်းအတွင်း အရေးယူမယ့်အကြောင်း သမ္မတက ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောကြားလိုက်ပြီး နောက်တနေ့မှာပဲ နုတ်ထွက်ဖို့ တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဘယ်သူတွေနဲ့ အစားထိုးမလဲ ဆိုတာကတော့ လတ်တလော ရှင်းရှင်းလင်းလင်း မရှိပါဘူး။ သတင်းတချို့မှာတော့ တိုက်ခိုက်ခံရမယ့် အန္တရာယ်နဲ့ ပတ်သက်လို့ အိန္ဒိယထောက်လှမ်းရေး အဖွဲ့တွေက သီရိလင်္ကာနိုင်ငံကို အကြိမ်ကြိမ် သတိပေးခဲ့သလို၊ တိုက်ခိုက်မှု ကျုးလွန်ခဲ့တဲ့အဖွဲ့အဖြစ် မသင်္ကာတဲ့ အစ္စလာမ် စစ်သွေးကြွအဖွဲ့ NTJ နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ စုဆောင်းထားကြောင်းလည်း ဖော်ပြခဲ့ကြပါတယ်။ သမ္မတနဲ့ ဝန်ကြီးချုပ်တို့ကြား နိုင်ငံရေး အားပြိုင်မှုတွေကြောင့် တိုက်ခိုက်ခံရမယ့် သတိပေးချက်တွေကို အရေးယူကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေတာပါ။

ဝန်ကြီးချုပ်ကတော့ ဆက်သွယ်ဆောင်ရွက်မှုတွေမှာ ပျက်ကွက်တာတွေ ရှိခဲ့ကြောင်း မနေ့ကပဲ ဝန်ခံပြောဆိုခဲ့ပေမဲ့ သမ္မတနဲ့ သဘောထားကွဲလွဲမှုတွေကို ညှိနှိုင်းဖြေရှင်းနိုင်ခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ထွက်ပြေးလွတ်မြောက်နေသူတွေ ရှိနေဆဲ ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

နိုင်ငံကာကွယ်ရေး တာဝန်ယူထားတဲ့ သမ္မတက လုံခြုံရေးဆိုင်ရာ အစည်းအဝေးပွဲတွေမှာ ဝန်ကြီးချုပ်ကို တက်ခွင့်မပေးတာတွေ ရှိခဲ့ကြောင်းလည်း တိုက်ခိုက်မှုနောက်ပိုင်းမှာ တာဝန်ရှိသူတချို့က ထောက်ပြကြပါတယ်။ အမေရိကန် သံအမတ်ကြီး Alaina Teplitz ကလည်း အီစတာပွဲတော် တိုက်ခိုက်မှုမတိုင်ခင်မှာ သီရိလင်္ကာနိုင်ငံရဲ့ ထောက်လှမ်းရေးစနစ်မှာ အားနည်းချက်တွေ ရှိခဲ့ကြောင်း ကိုလံဘိုမြို့တော်မှာ နိုင်ငံခြားသတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG