သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ကို အမေရိကန်အမတ် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ရောက်


A delegation of American lawmakers pose for a photo after arriving at Songshan airport in Taipei, Taiwan on Sunday, Aug 14, 2022. (Taiwan Ministry of Foreign Affairs via AP)
A delegation of American lawmakers pose for a photo after arriving at Songshan airport in Taipei, Taiwan on Sunday, Aug 14, 2022. (Taiwan Ministry of Foreign Affairs via AP)

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်းစီပလိုစီ အလည်အပတ်ရောက်ရှိခဲ့ပြီး ၁၂ ရက်အကြာမှာပဲ၊ တိုင်ဝမ်ကျွန်းကို အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာပါတယ်။ မက်ဆာချူးဆက်ပြည်နယ် ဒီမိုကရက်အထက်လွှတ်တော်အမတ် Ed. Markey ဦးဆောင်လာတဲ့ အဖွဲ့ဝင် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့က အာရှခရီးစဉ်တထောက်အဖြစ် တိုင်ဝမ်ကို နှစ်ရက်တာခရီးစဉ်နဲ့ တနင်္ဂနွေနေ့မှာ ရောက်ရှိလာကြောင်း တိုင်ဝမ်မှာရှိတဲ့ American Institute က ပြောပါတယ်။

အမေရိကန်-တိုင်ဝမ် နှစ်ဘက်ဆက်ဆံရေး၊ ဒေသတွင်းလုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုကိစ္စရပ်တွေကို တိုင်ဝမ်အဆင့်မြင့်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။ တိုင်ဝမ်မြို့တော်တိုင်ပေက Songshan လေဆိပ်ကို ညနေ ၇ နာရီလောက်မှာ အမေရိကန်အစိုးရလေယာဉ် ဆင်းသက်လာတာကို တိုင်ဝမ်ရုပ်သံသတင်းတရပ်မှာ ထုတ်လွှင့်ပြသသွားပါတယ်။ တိုင်ဝမ်ကို သူပိုင်နယ်မြေတခုအဖြစ် အစဉ်တစိုက်ပြောဆိုလာတဲ့ တရုတ်နိုင်ငံက တိုင်ဝမ်မှာ နိုင်ငံခြားအစိုးရအဖွဲ့နဲ့ ဆက်ဆံတာမျိုးမလုပ်ဖို့ တားမြစ်ထားတာပါ။

တချိန်ထည်းမှာပဲ တောင်တရုတ်ပင်လယ်ပြင်ထဲမှာရော သဲကန္တာရမှာပါ တရုတ်စစ်ဖက်တပ်ဖွဲ့ဝင်တွေ လက်နက်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်နေတာကို တရုတ်အစိုးရပိုင် CCTV ရုပ်သံက တနင်္ဂနွေနေ့မှာ ထုတ်လွှင့်သွားပါတယ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ သြဂုတ်လ ၂ ရက် တိုင်ဝမ်အလည်အပတ် ခရီးစဉ်ကတည်းက တရုတ်တို့ အခုလို စစ်ရေးလေ့ကျင့်နေတာပါ။ စစ်သင်္ဘောတွေ၊ စစ်ကားတွေနဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေ မစ်ဇိုင်းဒုံးလက်နက်တွေနဲ့ ပစ်ခတ်ပြီး လေ့ကျင့်နေတာကိုရော Xinjing ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ရဲတပ်ဖွဲ့ဝင်တွေ ရဟတ်ယာဉ်တွေနဲ့ စစ်ရေလေ့ကျင့်နေတာတွေကိုပါ ထုတ်လွှင့်ပြသသွားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်တွင်း စစ်ရေးလေ့ကျင့်ရတဲ့ရည်ရွယ်ချက်က လက်နက်ကိရိယာတွေရဲ့ထိရောက်မှုကို စမ်းသပ်ဖို့နဲ့ တိုက်ပွဲတွေမှာအနိုင်ရေရေး တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်ကိုမြှင့်တင်တဲ့အနေနဲ့ လေ့ကျင့်နေကြတာဖြစ်ကြောင်း CCTV သတင်းကို ကိုးကားပြီး ရိုက်တာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ တိုင်ဝမ်ကျွန်းကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ အလည်အပတ်သွားရောက်ခဲ့ပြီးတဲ့နောက်ပိုင်း တရုတ်နဲ့တိုင်ဝမ်ကြား တင်းမာမှုတွေတိုးလာနေတာဖြစ်ပါတယ်။ သြဂုတ်လ ၄ ရက်နေ့ကစပြီး တိုင်ဝမ်ကျွန်းအနီးမှာ တရုတ်နိုင်ငံက ရေကြောင်းနဲ့ လေကြောင်း စစ်ရေးလေ့ကျင့်မှုတွေ စတင်လာခဲ့တာဖြစ်ပါတယ်။

=== Unicode ====





XS
SM
MD
LG