သုံးရလွယ်ကူစေသည့် Link များ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တင်းမာမှုကြောင့် နှစ်ဘက် ရိုဟင်ဂျာတွေ အသက်အန္တရာယ်စိုးရိမ်


ရိုဟင်ဂျာ ဒုက္ခသည်များ (မှတ်တမ်း ဓါတ်ပုံ)
ရိုဟင်ဂျာ ဒုက္ခသည်များ (မှတ်တမ်း ဓါတ်ပုံ)

မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လက်နက်ကြီးကျည်ကျပြီး လူသေဆုံးတဲ့အထိ နှစ်နိုင်ငံနယ်စပ်လုံခြုံရေး အတော်လေးကို စိုးရိမ်စရာအနေအထား ဖြစ်လာလို့ ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာသံအမတ်ကို ဆက်တိုက်ဆင့်ခေါ်သတိပေးနေပါတယ်။ စစ်ရေး ဆက်တင်းမာနေဆဲ အနေအထားမှာ မြန်မာနိုင်ငံထဲက ရိုဟင်ဂျာတွေရော၊ နှစ်နိုင်ငံနယ်စပ်မှာ နေထိုင်သူတွေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကြား အသက်အန္တရာယ် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့တွန်းအားပေးနေချိန် ဌာနေပြန်ချင်ကြတဲ့၊ ရိုဟင်ဂျာတွေအတွက် ရေရာတဲ့အနာဂတ် လုံခြုံစိတ်ချမှု ပေးစွမ်းနိုင်တဲ့ အာမခံချက်တွေ ရနိုင်ပါ့မလားဆိုတာ မဆုမွန်က မေးမြန်းစုံစမ်း စုစည်းတင်ပြထားပါတယ်။

လွန်ခဲ့တဲ့ (၅) နှစ်၂၀၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်းတုန်းကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ARSA အစွန်းရောက်အဖွဲ့ရဲ့ နယ်ခြားစောင့်ရဲကင်းတွေကို တိုက်ခိုက်ပြီးနောက်ပိုင်း၊ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်ဘေးက စိုးရိမ်ရလို့ ဒေသခံ ရခိုင်ပြည်သူတွေရော မွတ်စလင်တွေပါ ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ အသက်လုပြေးခဲ့ကြရပြီး၊ ဒီထဲကမှ သိန်းချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားကြရတာပါ။ စိန်ခေါ်မှု ဒုက္ခအခက်ခဲမျိုးစုံနဲ့ ငါးနှစ်ကြာ ဒီဒုက္ခသည်စခန်းတွေထဲ နေရတဲ့ဘဝကနေ နေအိမ်ပြန်ဖို့ မျှော်လင့်နေကြချိန်မှာပဲ ဒီလဆန်းပိုင်းကစလို့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ မြန်မာစစ်တပ်တို့ကြား၊ တကျော့ပြန် စစ်ပြန်ဖြစ်လာပြီး တိုက်ပွဲတွေ ပြင်းထန်လာနေလို့ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးက စိုးရိမ်စရာကောင်းတဲ့ အနေအထား ပြန်ဖြစ်လာတာပါ။ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးမော်တာကျည် ကျရောက်ပေါက်ကွဲလို့ ရိုဟင်ဂျာလူငယ်တဦး အသက်ဆုံးခဲ့ရသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁) ဦး အပါအဝင် အနည်းဆုံး(၆) ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

လက်နက်ကြီးကျည်ကျတဲ့ဒဏ်နဲ့ ပြင်းထန်ဒဏ်ရာရသူတွေဟာ အခုအချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆေးရုံမှာပဲ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် တောင်ပြိုလက်ဝဲမြို့ တောင်ပြိုလက်ကျေးရွာက ဇီးရိုးပွိုင့်ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ ပညာရေးဝန်ထမ်းဟောင်း ဦးဆော်လီမူလ္လာက ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။ လက်နက်ကြီး ကျည်ကျတဲ့ဒဏ် ခံလိုက်ရတဲ့ ဦးဆော်လီမူလ္လာရဲ့ သမီးဖြစ်သူ အသက် (၉) နှစ်အရွယ် မဆာ့ဒီယားနဲ့ ဇနီးဖြစ်သူ အသက် (၄၅) နှစ်အရွယ် ဒေါ်ဆာဘေ့ကုန္နဟာရ်လည်း ဒဏ်ရာအပြင်းအထန်ရလို့ အခုထိ ဆေးရုံမှာ ဆေးကုသမှုခံယူနေရဆဲ နောက်ဆုံးအခြေအနေ ဦးဆော်လီမူလ္လာက အခုလို ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

“သူတို့ ထိခိုက်ဒဏ်ရာရတာက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က မြန်မာနိုင်ငံဘက်ကနေ စစ်တပ်ဘက်က အမြှောက်တွေနဲ့ပစ်လို့ အိမ်ကို လာကျတာ။ အိမ်မှာနေတဲ့ သမီးထိတယ်။ နောက်လေးယောက်ထိတယ်။ တယောက်ဆုံးတယ်။ ကျနော်သမီးလေးက ပါးစပ်အောက်က ထိတယ်။ ပြီးရင် လည်ပင်းအထဲက ထိတယ်။ မေးစေ့ကိုထိတယ်။ လက်ကိုထိတယ် ကျနော်တို့တွေ ဒဏ်ရာတွေရတဲ့သူတွေကိုခေါ်ပြီး MSF ကနေ စစ်တကောင်းဆေးရုံကို လွှတ်တယ်။ အဲ့ဒီ့မှာ ကုနေတယ်။ ဆေးရုံက မဆင်းရသေးပါဘူး။ ကလေးက သက်သာပေမဲ့ အခုထိ မော်တာကျည်အပိုင်းအစတွေ အများကြီးထွက်လာတယ်။ လည်ပင်းအထက်ကနေ ထိတဲ့အထဲက ရှစ်ခုလောက်ကို ထွက်လာတယ်။ မိန်းမကတော့ လက်နှစ်ချောင်းထိတယ်။ တချောင်းကတော့ နည်းနည်း သက်သာလာတယ်။ နောက်တချောင်းကတော့ ခွဲရမယ် အရိုးထိသွားတယ် အဲ့လိုပြောတယ်။ ပြန်ပြီးကောင်းသွားဖို့ပဲ မျှော်လင့်ပါတယ် အခုလို Refugees Camp ကမ့်ထဲကို မော်တာကျည်တွေပစ်တာကို ကန့်ကွက်ပါတယ်။”

အခုလို ဘင်္ဂလား-မြန်မာနယ်စပ်မှာ မြန်မာဘက်က လက်နက်ကြီးကျည်ကျလို့ လူအသက်ဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် ရိုဟင်ဂျာ မူဆလင်တွေကြား သူတို့အသက်အန္တရာယ် လုံခြုံရေးအတွက် စိုးရိမ်စိတ်တွေနဲ့ အထိတ်တလန့်ဖြစ်နေကြဆဲ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ကုတုပလောင်ဒုက္ခသည်စခန်း အမှတ် (၉) မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ရိုဟင်ဂျာတွေရဲ့ စိုးရိမ်ချက်နဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်တလျောက်မှာ AA ရခိုင်တပ့်မတော်နဲ့ မြန်မာ့စစ်တပ်အကြား တိုက်ပွဲတွေက အဆက်မပြတ်ဖြစ်နေတာကို ကျနော်တို့က တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၆) ရက်နေ့ကလည်း တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်က ဇီးရိုးလိုင်း ရိုဟင်ဂျာဒုက္ခသည်စခန်းထဲ လက်နက်ကြီးကျည် ကျရောက်လို့ တစ်ဦးသေဆုံးပြီး၊ အနည်းဆုံး ငါးဦး ပြင်းထန်ဒဏ်ရာ ရခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်တလျောက် မိုင်တိုင် (၄၀) အနီး၊ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို လက်နက်ကြီးကျည်တွေ အဆက်မပြတ် ကျရောက်ခဲ့တာကို တွေ့ရတယ်။ အခုက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျောက်မှာ ဘင်္ဂလားဒေ့ရှ်ဒေသခံတွေ ရွှေ့ပြောင်းထားတာကို တွေ့ရတယ်။ ဒီဘက် (ဘင်္ဂလားဒေ့ရှ်ဘက်) မှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ်။ အခုလို နယ်စပ်တလျောက်မှာ တိုက်ပွဲတွေ ဖြစ်တာကြောင့် ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေက အထိတ်တလန့် ဖြစ်နေတာပေါ့။ အထူးသဖြင့် ကျနော်တို့ ရိုဟင်ဂျာတွေက စိုးရိမ်ပူပင်စိတ် သောကတွေနဲ့ နေထိုင်နေကြရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်လို့ ကျနော်တို့ ရိုဟင်ဂျာလူငယ်ဒုက္ခသည်တဦး သေဆုံးပြီး၊ ကလေးငယ်အပါအဝင် ဒုက္ခသည် ငါးဦး ပြင်းထန်သော ဒဏ်ရာရရှိခဲ့ကြပါတယ်။ အဲ့ဒီ့ကလေးတွေက အခုချိန်အထိ ဘင်္ဂလားဒေ့ရှ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်ပါတယ်။”

အခုလို မြန်မာဘက်ကေန ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု၊ လေကြောင်းပိုင်နက် ခြိုးဖောက်မှုတို့အတွက် ဘင်္ဂလားေ့ဒရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီးကို တစ်လအတွင်း လေးကြိမ်တိုင်တိုင် ဆင့်ခေါ်ပြီး သတိပေးခဲ့ပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကနေလည်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ဆင့်ခေါ်ပြီး၊ ဘင်္ဂလားဒေရှ်နိုင်ငံထဲကို ကျခဲ့တဲ့ လက်နက်ကြီးကျည်တွေဟာ AA နဲ့ ARSA အဖွဲ့တွေ ပစ်ခတ်တဲ့ကျည်တွေဖြစ်ပြီး၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ပဋိပက္ခဖြစ်အောင် ဖန်တီးနေတာလို့ ရှင်းပြခဲ့သလို။ စစ်ကောင်စီ‌ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော်တို့ ဘူးသီးတောင်၊ မောင်တောဘက်အခြမ်းက ဘယ်အချိန်မှာ ပြဿနာဖြစ်နိုင်ခြေ အရှိဆုံးလဲဆိုရင် ကုလသမဂ္ဂအထွေထွေညီလာခံ လုပ်တဲ့အချိန်မှာ အမြဲတမ်းဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်းလည်း ပြန်ကြည့်ပါ။ အဲဒီလုပ်တဲ့အချိန်မှာ ပြဿနာ အမြဲတမ်းဖြစ်တာကို တွေ့ရတယ်။ ဒီနှစ်မှာလည်း AA, ARSA ပူးပေါင်းပြီးတော့ နှစ်နိုင်ငံနယ်ခြားမှာ ပြဿနာဖြစ်အောင် ဖန်တီးလာတာဖြစ်ကြောင်း ကျနော်တို့ ပြောလိုပါတယ်။”

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဘက်ကတော့ သူ့နိုင်ငံမှာ လာခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး ပြဿနာဟာ သူတို့နိုင်ငံလုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဖြစ်လာနေတာမို့၊ ဒီဒုက္ခသည်တွေ နေရပ်ပြန်ပို့နိုင်ရေး ကုလသမဂ္ဂက ကူညီပေးဖို့ ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာစစ်ကောင်စီကို ဖိအားတိုးပေးဖို့လိုကြောင်းလည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က AFP သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

“သေချာတာကတော့ သူတို့အားလုံးကို သူတို့နေရပ်ရင်းနိုင်ငံပြန်ပြီး၊ ပုံမှန်ဘဝမှာ ရပ်တည်နေထိုင်ခွင့်ရတာကို လိုလားပါတယ်။ ဒါကြောင့် သူတို့ကို ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ဖို့နဲ့ အစစတာဝန်ယူဖို့အတွက် မြန်မာအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားတိုးပေးစေချင်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံပြောဆိုသွားပေမဲ့လို့ ရိုဟင်ဂျာတွေအနေနဲ့ကတော့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် အသက်လုပြေးခဲ့ကြရပြီးနောက် အခုလိုထပ်ပြီး ဒုက္ခသည်စခန်းအထိ လက်နက်ကြီးကျ အသက်သေဆုံးတဲ့အထိ လတ်တလောဖြစ်ပျက်နေလို့ နေရပ်ပြန်လိုကြတဲ့ ရိုဟင်ဂျာတို့အရေးကတော့ မျှော်လင့်ချက်ပိုဝေးသွားပြီလို့ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ပြောပါတယ်။

“ကျနော်တို့ နေရပ်ပြန်မယ့်အခြေအနေကလည်း မရေမရာဖြစ်နေတာကို တွေ့ရပါတယ်။ အခုဆိုရင် ငါးနှစ်တောင် ပြည့်ပါတော့မယ်။ ကျနော်တို့ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကနေ မောင်းထုတ်ခံရတာ။ ယနေ့အချိန်အထိ ကျနော်တို့ နေရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ်တရပ် ဖြစ်ပေါ်လာတာ မရှိသေးပါဘူး။ ကျနော်တို့ ပြန်နိုင်တဲ့အခြေအနေတရပ် ဖြစ်လာဖို့ကလည်း နှစ်နိုင်ငံဆက်သွယ်နိုင်ဖို့ဆိုတာ နယ်စပ်တလျောက် တိုက်ပွဲတွေဖြစ်နေတာရော။ ဒီဒုက္ခသည်စခန်းတွေထဲမှာလည်း ရိုဟင်ဂျာတွေအတွက် လုံခြုံရေးအပိုင်းဆိုလည်း အားနည်းတာကို တွေ့ရတယ်။ ကျနော်တို့တွေဟာ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေကြရပါတယ်။ ဥပမာပြောရရင် စက်တင်ဘာလ ၂၉ ရက်နေ့ကဆိုရင်၊ ရိုဟင်ဂျာများ၏ ခေါင်းဆောင် ဆရာမူဟစ်ဘူလာ လုပ်ကြံသတ်ဖြတ်ခံရတာ တနှစ်ပြည့်ပါပြီ။ အောက်မေ့ဘွယ် အခမ်းအနားတွေလည်း ကျနော်တို့ ရိုဟင်ဂျာစခန်းတွေမှာ လုပ်ခဲ့ကြပါတယ်။ ဆရာလို လေးစားစရာ၊ ဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်တယောက်တောင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာမို့ ကျနော်တို့ ရိုဟင်ဂျာတွေအတွက်လည်း အင်မတန်ဆုံးရှုံးမှု ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လုံခြုံရေးအစီအမံတွေနဲ့ လုံခြုံဖို့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရကရော နိုင်ငံတကာ အသိုင်းအဝိုင်းကရော ကုလသမဂ္ဂကရော ဆောင်ရွက်ပေးဖို့ ကျနော်တို့က တောင်းဆိုချင်ပါတယ်။ ကျနော်တို့နေရပ်ပြန်ရေးကလည်း မရေမရာ ဖြစ်နေပါတယ်။ ကျနော်တို့ရဲ့အကျပ်အတည်းကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့အတွက် ကျနော်တို့က အလေးအနက် တောင်းဆိုချင်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် နယ်နမိတ်ကို ကျူးကျော်တဲ့ ချိုးဖေါက်မှုတွေ အဆုံးသတ်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွေ အမြန်ဆုံးဆောင်ရွက်နိုင်အောင် မြန်မာစစ်ကောင်စီကို နားချတိုက်တွန်းမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Li Jiming က ကတိပေးပြောဆိုထားပါတယ်။

အခုလိုဘင်္ဂလားဒေ့ရှ်ဘက်က နိုင်ငံတကာပါ ကူပေးဖို့ ဖိအားပေးတိုက်တွန်းမှုတွေ ရှိနေပေမဲ့လို့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်ခံမထားတဲ့ မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာတွေကို ခိုလှုံခွင့်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်တို့ကြား လတ်တလော မြန်မာဘက်မှာ စစ်ရေးတင်းမာမှုတွေကြောင့် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး တင်းမာလာနေတဲ့အတွက် သိန်းချီတဲ့ ရိုဟင်ဂျာတို့ နေရပ်ပြန်နိုင်ရေး အိမ်ပြန်လမ်းမျှော်လင့်ချက်ကတော့ မရေမရာ ဝေဝါးနေဆဲ ဖြစ်ပါတယ်။

=== Unicode ===
















XS
SM
MD
LG