သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားမည်


(Credit: VOA-Burmese)
(Credit: VOA-Burmese)

အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel R. Russel ဟာ လာမယ့်သီတင်းပတ်ထဲ မြန်မာနိုင်ငံ အပါအဝင် စင်္ကာပူနဲ့ တောင်အမေရိကနိုင်ငံတခုဖြစ်တဲ့ ပီရူးနိုင်ငံတို့ကို သွားရောက်ဖို့ရှိတယ်လို့ နိုဝင်ဘာလ ၉ ရက် ဗုဒ္ဓဟူးနေ့မှာ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ သွားရောက်မယ့် ၆ ရက်ကြာ ဒီခရီးစဉ်အတွင်း စင်္ကာပူနိုင်ငံကို အရင်သွားရောက်မှာဖြစ်ပြီး၊ ၂ ရက်ကြာ စင်္ကာပူခရီးစဉ်အတွင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ အစိုးရအရာရှိတွေအပြင် ပညာရှင်တွေနဲ့လည်း တွေ့ဆုံဖို့သလို၊ စင်္ကာပူအမျိုးသားတက္ကသိုလ်ရဲ့ လူထုရေးရာမူဝါဒ Lee Kuan Yew ကျောင်းမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

အဲဒီနောက် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel R. Russel ဟာ အမေရိကန်ဌာနပေါင်းစုံကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အမေရိကန်-မြန်မာ မိတ်ဘက် ဆက်ဆံရေး ဖွင့်ပွဲအစည်းအဝေးကို တက်ရောက်ဖို့နဲ့ မြန်မာအစိုးရ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံဖို့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံကို ဆက်လက်ထွက်ခွာမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားတာပါ။

အမေရိကန်သမ္မတ ဘရက် အိုဘားမား လက်ထက် မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို ကျင့်သုံးလာခဲ့တာဖြစ်ပြီး၊ မကြာသေးခင် နှစ်တွေက စလို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတဲ့ မြန်မာနိုင်ငံမှာ - အရင် စစ်အစိုးရလက်ထက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တော်တော်များများကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အတွင်း ရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်ပြီးရင်တော့ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (APEC) ဝန်ကြီးများအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့အတူ တက်ရောက်ဖို့ ပီရူးနိုင်ငံကို ဆက်လက် ထွက်ခွာမှာ လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG