သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြတ်ပြီလား


မြန်မာစစ်ခေါင်းဆောင်များနဲ့ မြောက်ကိုရီးယား စစ်ခေါင်းဆောင်များ တွေ့ဆုံ။ (ဇွန် ၂၄၊ ၂၀၀၉)
မြန်မာစစ်ခေါင်းဆောင်များနဲ့ မြောက်ကိုရီးယား စစ်ခေါင်းဆောင်များ တွေ့ဆုံ။ (ဇွန် ၂၄၊ ၂၀၀၉)

မြန်မာနဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်လာပြီဆိုပေမယ့်၊ မြောက်ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား စစ်ဖက်ဆက်ဆံမှုတွေ ကျန်နေသေးနိုင်တဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုဖက်က စိုးရိမ်မကင်းရှိနေတုန်းပါ။ ဒါဟာလည်း အရပ်ဖက်အုပ်ချုပ်ရေးပိုင်းက မြန်မာ စစ်တပ်အပေါ် လွှမ်းမိုးနိုင်ဖို့ အားနည်းနေတာကြောင့်လို့ သုံးသပ်မှုကြပါတယ်။ မြန်မာစစ်ဖက်ကတော့ မြန်မာနဲ့ မြောက်ကိုရီးယားအကြား စစ်ဖက်ဆက်ဆံမှုတွေ မရှိတော့ပါဘူးလို့ မြန်မာတာဝန်ရှိသူတွေဖက်ကတော့ ငြင်းဆန်လျက်ရှိပါတယ်။ ဒီအကြောင်းတွေကိုတော့ ကိုသားညွန့်ဦးက စုစည်းတင်ဆက်ပေးပါမယ်။

မြန်မာနဲ့ မြောက်ကိုရီးယားကြား စစ်ဖက်ဆက်ဆံရေးတွေ ဖြတ်တောက်ဖို့၊ မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်အစီအစဉ်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာဖက်က လေးစားလိုက်နာဖို့ဆိုတာတွေကို အမေရိကန်တာဝန်ရှိသူတွေဖက်က မြန်မာအာဏာပိုင်တွေကိုရော မြန်မာစစ်တပ်ကိုပါ တလျှောက်လုံး သတိပေး ပြောဆိုလာတာပါ။ မြန်မာနိုင်ငံမှာ ရွေးကောာက်ပွဲနဲ့တက်လာတဲ့ အရပ်သားအစိုးရတွေ ပေါ်လာပြီးတဲ့နောက်မှာလည်း၊ မြန်မာနဲ့ မြောက်ကိုရီးယားဆက်ဆံရေးနဲ့ပတ်သက်လို့ အမေရိကန်ဖက်က သတိထား စောင့်ကြည့်နေတုန်းရှိပါသေးတယ်။ မနေ့ ဗုဒဟူးနေ့က အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးဆပ်ကော်မတီ ကြားနာပွဲမှာလည်း လွှတ်တော်အမတ်တွေက မြန်မာနဲ့ မြောက်ကိုရီယား ဆက်ဆံရေးနဲ့ပတ်သက်လို့ ကြားနာစစ်ဆေးခံဖို့ ရောက်ရှိနေတဲု့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ကို မေးမြန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်ဒီစီကို ရောက်နေစဉ်မှာလည်း အမေရိကန်သမတအပါအဝင် အမေရိကန်အစိုးရခေါင်းဆောင်ပိုင်းအနေနဲ့၊ မြန်မာစစ်တပ်တွင်းက မြောက်ကိုရီယားနဲ့ ဆက်ပြီး လုပ်ကိုင်နေသူတွေကို ဖော်ထုတ်တားဆီးဖို့ ပြောဆိုတိုက်တွန်းခဲ့ကြတယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ဖြေဆိုသွားပါတယ်။ အမေရိကန်ဖက်က ဒီ စိုးရိမ်မှုတွေနဲ့ပတ်သက်လို့ မြန်မာတာဝန်ရှိသူတွေဖက်ကလည်း သဘောပေါက်နားလည်ပါတယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel က ပြောခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ မြန်မာစစ်ခေါင်းဆောင်ပိုင်းနဲ့လည်းပဲ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ စကားပြောခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်လည်း မြန်မာနိုင်ငံ ရောက်စဉ်က တပ်ချုပ်နဲ့ ပြောဆိုခဲ့သလို လက်ရှိ သံအမတ်ကြီး Scot Marciel လည်း သူနဲ့တွေ့ဆုံခဲ့ပါတယ်။ ကျနော်တို့အထင်က မြန်မာစစ်တပ်အတွင်းမှာ မြောက်ကိုရီးယားနဲ့ ဆက်လက် လုပ်ကိုင်နေတဲ့သူတွေ ရှိနေသေးတယ် ဆိုတာပါပဲ။ ဒီလူတွေဟာ ဆက်ပြီး မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေကို ပြုလုပ်နေဆဲရှိပြီး၊ ဒါဟာ လွန်ခဲ့တဲ့ ၅ နှစ် စစ်အာဏာရှင်လက်ထက်တုန်းက လက်ကျန်တွေပါ။ ဒါပေမဲ့ လက်ရှိအစိုးရရော၊ စစ်တပ်ကပါ ဒါကို တားမြစ်ရမယ်ဆိုတာကို နားလည်သဘောပေါက်ကြတယ်လို့ ကျနော် မြင်ပါတယ်။”

အမေရိကန်တာဝန်ရှိသူတွေဖက်က ဒီစိုးရိမ်ချက်နဲ့ ပတ်သက်လို့ ပြောတိုင်းလည်း မြန်မာတာဝန်ရှိသူတွေဖက်ကတော့ မြန်မာနိုင်ငံဟာ မြောက်ကိုရီယားနဲ့ စစ်ရေးဆက်ဆံမှုတွေ မရှိတော့ပါဘူးလို့ အမြဲလိုလို ငြင်းဆိုခဲ့ဖူးပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ခေါင်းဆောင်တဦးဖြစ်တဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးဟာ မနှစ်ကအထိ တပ်မတော်အတွင်း တာဝန်ကြီးတွေကို ယူခဲ့ပြီး၊ နိုင်ငံရေးဖက်ကို ပြောင်းလာခဲ့သူပါ။ နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေ တိုက်တွန်းချက်တွေကြောင့် တပ်မတော်အနေနဲ့ မြောက်ကိုရီယားနဲ့ စစ်ရေးဆက်စပ်မှုတွေကို ဖြတ်တောက်ခဲ့ပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဥပမာ - အရင်တုန်းက ဗိုလ်ချုပ်ကြီးရွှေမန်းတို့သွားခဲ့တာရှိတယ် တပ်မတော်အနေနဲ့ပေါ့နော် နောက်ပိုင်းမှာ သူတို့လုပ်တဲ့အနေအထားမှာတော့ တခြားအဲဒီကိုသွားတယ်ဆိုတဲ့အဖွဲ့ ဘယ်အဖွဲ့မှ မရှိတော့ဘူးပေါ့နော်။ နောက်တခုကလည်း စစ်ရေးဆက်ဆံမှုပေါ့ အရင်တုန်းကတော့ မြောက်ကိုရီယားနဲ့ ဆက်ဆံမှုလေးတွေရှိခဲ့တယ်။ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အဲလိုဖိအားပေးမှုတွေရော ၊ နောက်တခုက နိုင်ငံတကာတွေအနေအထားတွေအရကော တပ်မတော်ပိုင်းကတော့ သူတို့နဲ့ လုံးဝအဆက်အဆံမရှိတော့တဲ့အနေအထား ဖြစ်တယ်။ အဲဒီနောက်ပိုင်း ကျနော်တို့တပ်ထဲမှာရှိတုန်းက တချို့မြောက်ကိုရီးယားရှိတဲ့အဖွဲ့တွေတောင်မှ အကုန်လုံးပြန်သွားတဲ့အနေအထားတွေကိုတွေ့ရတာပေါ့နော်။ နောက်ထပ်လည်း ထပ်ပြီးတော့ဆက်ဆံမှုကတော့ မရှိဘူးလို့တော့ထင်တယ်လေ။ တကယ်လည်းပဲ ကျနော်တို့ရှိတုန်းကတော့ အဲဒီဟာတွေက အကုန်လုံး စစ်ရေးအရဆက်ဆံမှုတွေ နောက်တခုက သူတို့နဲ့ ၂ နိုင်ငံဆက်ဆံမှုတွေ တပ်မတော်ပိုင်းအနေနဲ့ကတော့ လုံးဝမရှိသလောက်ပါပဲ။”

ဒါပေမယ့်လည်း မြန်မာနဲ့ အမေရိကန်ဆက်ဆံရေး ပြန်ကောင်းလာတဲ့ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာပဲ အမေရိကန်ဖက်က မြောက်ကိုရီယားနဲ့ပတ်သက်လို့ မြန်မာစစ်တပ်အပေါ် အရေးယူမှုအချို့ လုပ်ခဲ့တာရှိပါတယ်။ မြောက်ကိုရီယားထံကနေ စစ်လက်နက်ပစ္စည်းဝယ်ယူမှုနဲ့ပတ်သက်လို့ ၂၀၁၃ ဇူလှိုင်လအတွင်းမှာပဲ ကာကွယ်ရေးဌာန ပစ္စည်းထုတ်လုပ်ရေးရုံးရဲ့ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးကို မြောက်ကိုရီယားထ့က စစ်သုံးပစ္စည်းတွေ မဝယ်ဖို့ ကန့်သတ်ထားတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ချိုးဖောက်တယ်ဆိုပြီး အမေရိကန်ဘဏ္ဍာရေးဌာနက အရေးယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရင်ရှိပြီးသား ကန်ထရိုက်အချို့နဲ့ ဝယ်ပြီးသား စစ်လက်နက်ပစ္စည်းထိမ်းသိမ်းရေးအတွက် မြောက်ကိုရီးယားနဲ့ ဆက်ဆံခဲ့တာပဲရှိတယ်လို့ မြန်မာတာဝန်ရှိသူအချို့က ပြောဖူးပါတယ်။ အခု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel ပြောသွားတဲ့အထဲ တပ်တွင်းမှာ မြောက်ကိုရီးယားနဲ့ ဆက်လက်လုပ်ကိုင်နေသူတွေလို့ ဆိုတဲ့ကိစ္စမှာတော့ အသေးစိတ် ကန် နိုင်ငံခြားရေးဌာနက ပြောဆိုထုတ်ပြန်တာမရှိသေးပါဘူး။

မြန်မာ့အရေးလေ့လာသူ ဦးစည်သူအောင်မြင့်ကတော့ NLD အစိုးရအနေနဲ့ကတော့ တပ်မတော်နဲ့ပတ်သက်လို့ ကိစ္စရပ်တွေမှာ ကြီးကြပ်နိုင်တဲ့အနေအထားမရှိသေးတာကြောင့် မြောက်ကိုရီးယားနဲ့ မြန်မာတပ်အကြား ဆက်ဆံရေးတွေ ပြတ်ပြီလားဆိုတာ ယတိပြတ်မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရတက်လာတယ်ဆိုပေမယ့် တပ်မတော်နဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော် တပ်တွင်းဆိုင်ရာကိစ္စတွေ ၊ နောက်တပ်ရဲ့ စီးပွားရေးဆိုင်ရာ ကိစ္စတွေ နောက်တပ်က သီးသန့်ဆက်ဆံနေတဲ့ နိုင်ငံတကာရေးရာ ကိစ္စတွေကို ကြီးကြပ်နိုင်မယ့်အနေအထားကတော့ ကျနော်မတွေ့သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက နှစ်ပေါင်းများစွာ သီးသန့်တပ်မတော်ဘက်က လုပ်ခဲ့တာတွေဖြစ်တဲ့အခါကျတော့ အဲလိုမျိုးပွင့်ပွင့်လင်းလင်းနဲ့ မြင်ခွင့်တွေရခဲ့မယ်မဟုတ်ဘူးလို့ ကျနော်မြင်ပါတယ်။”

မြန်မာနိုင်ငံဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမတိုင်ခင် နိုင်ငံတကာရဲ့အထီးကျန်ပိတ်ဆို့မှုခံနေရချိန်အတွင်းမှာ အိမ်နီးချင်းတရုတ်နဲ့ ဆက်ဆံရေးနီးစပ်သလို၊ မြောက်ကိုရီးယားနဲ့လည်း စစ်ဖက်ဆက်ဆံမှုတွေ လုပ်ခဲ့ပါတယ်။ မြောက်ကိုရီယားရဲ့ နူကလီယားနဲ့ ဒုံးလက်နက် နည်းပညာ အကူအညီတွေ ရယူဖို့ ကြိုးစားခဲ့တယ်လို့ နိုင်ငံတကာက မြန်မာကို သံသယ ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း မြန်မာဖက်က အပြောင်းအလဲတွေ စတင်လုပ်လာချိန်မှာတော့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုဖြတ်တောက်ဖို့၊ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာဖို့ အနောက်နိုင်ငံ့တွေ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက မြန်မာကို ဖိအားတွေ ပေးခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG