သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုခရီးစဉ်အတွင်း မြန်မာအသွင်ကူးပြောင်းရေး အမေရိကန်ကူမည်


သမ္မတအိုဘားမား ဒုတိယအကြိမ်မြောက် ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (နိုဝင်ဘာလ ၂၀၁၄)
သမ္မတအိုဘားမား ဒုတိယအကြိမ်မြောက် ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (နိုဝင်ဘာလ ၂၀၁၄)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားချက်နဲ့ နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အဖြစ် စက်တင်ဘာလ (၁၄) ရက်နေ့မှာ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာမှာဖြစ်တယ်လို့ အိမ်ဖြူတော်အရာရှိတွေက မနေ့က ပြောကြား လိုက်ပါတယ်။

ခရီးစဉ်အတွင်း စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျော့ရေး အပါအဝင် နှစ်နိုင်ငံ ကုန်သွယ်စီးပွား တိုးတက် ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ လူ့အခွင့်အရေး စတဲ့ ကိစ္စရပ်တွေကို အဓိက ဆွေးနွေး မှာဖြစ်တယ်လ ို့လည်း အိမ်ဖြူတော် အကြံပေးအရာရှိ Ben Rhodes ကပြောပါတယ်။

နောက်သတင်းပတ်အတွင်း စတင်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ၊ အမေရိကန်နဲ့ ကုလ သမဂ္ဂ ခရီးစဉ်တွေနဲ့ပတ်သက်လို့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တက်ဆက်မှာပါ။

မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တဦးအနေနဲ့ ပထမဆုံးအကြိမ်လာ မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိ ကန် ပြည်ထောင်စုခရီးစဉ်နဲ့ ပတ်သက်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေး လက်ထောက် အကြံပေး အရာရှိ Ben Rhodes က မနေ့က လာအိုနိုင်ငံ ဗီယက်ကျန်းမြို့ တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို အတည်ပြု ပြောသွား ပါတယ်။

“ပထမဦးဆုံးအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဝါရှင်တန်ကိုလာရောက်ပြီးတော့ သမ္မတနဲ့ စက်တင်ဘာလ (၁၄)ရက်နေ့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ NLD အစိုးရ တက်လာပြီးတဲ့နောက် ကျနော်တို့အနေနဲ့ ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတာကို တိတိကျကျ လေ့လာ ခဲ့ပါတယ်။ တိုက်ရိုက်အကူအညီပေးတာမျိုးတွေရှိခဲ့ပြီး USAID ကတဆင့် အထောက်အကူတွေ သိသိသာသာ တိုးပေးခဲ့ပါတယ်။ အများအားဖြင့်တော့ ရင်းနှီးမြှုပ်နှံမှုမှာ စွဲဆောင်နိုင်အောင်၊ အခြေခံလူ့စွမ်းအား အရင်း အမြစ်ေ တွ မြှင့်တင်ပေးနိုင်အောင်၊ စီးပွားရေးဖွံဖြိုးဖို့အတွက် စည်းမျဉ်း ဥပဒေဘောင်တွေ ချမှတ်နိုင်အောင်၊ ပဋိပက္ခဖြေရှင်းရေး၊ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေး တို့မှာလည်း အကူအညီတွေ ပေးခဲ့ပါတယ်။”

မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် အမေရိကန်ရဲ့ ထောက်ခံအားပေးမှုဟာ သမ္မတအိုဘားမားရဲ့ သက်တမ်း နှစ်ဆက် အတွင်း အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ အဓိကအောင်မြင်မှုတရပ်ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မှာ တရားမျှတပြီး၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်မြောက်အောင်မြင်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရ တက်လာဖို့နဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့် အရေး အခြေအနေ တိုးတက်ကောင်းမွန်စေဖို့ အမေရိကန်က တလျောက် လုံးအားပေးထောက် ခံလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ အောင်မြင်စေဖို့ အမေရိကန်က ဘယ်လို ကူညီဆောင်ရွက်ပေးနိုင်မလဲ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်နိုင်ငံခရီးစဉ်အတွင်းမှာ အဓိကထားဆွေးနွေးသွားဖို့ရှိတယ်လို့ Ben Rhodes ကပြောပါတယ်။

“လူ့အခွင့်အရေးတိုးတက်ဖို့ ကျနော်တို့ဘက်က အကောင်းဆုံး လုပ်ဆောင်ပေးနိုင်တာကတော့ အသွင်ကူး ပြောင်းရေး ကာလ မှာ အောင်မြင် မှုရစေဖို့ပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ အခု ဆိုရင် မြန်မာနိုင်ငံမှာ ရွေးကောက်ခံ ခေါင်းဆောင်တွေဖြစ်လာကြပါပြီ။ ဒါကြောင့် မြန်မာလူထု အကျိုး ကို သူတို့ သယ်ပိုးနိုင်ဖို့ ကျနော်တို့ ကူညီရမှာဖြစ်ပါ တယ်။ ဒါကြောင့် စီးပွားရေး ဘယ်လို အားကောင်းအောင် လုပ်ဆောင် နိုင်မလဲ ဆိုတဲ့ နည်းတွေကို ကျနော်တို့က ရှင်းပြရာမှာ ဒဏ်ခတ် ပိတ်ဆို့မှုတွေ လျော့ချေ ပးခြင်းအားဖြင့် ဖြစ်နိုင်မလား၊ အမေရိကန်နဲ့ ကုန်သွယ်ရေးတိုးမြှင့် လုပ်ဆောင်ခြင်း အားဖြင့် ဖြစ်နိုင်မလား ဆို တာတွေ ကို ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဝါရှင်တန်ခရီးစဉ်အတွင်းမှာ အဓိကထား ဆွေးနွေးသွားဖို့ရှိပါတယ်။”

ဒါအပြင် အသွင်ကူးပြောင်းရေးကာလမှာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအပြင် ရခိုင်ပြည်နယ်ပြဿနာအဖြေရှာနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကြာသေးမီလများအတွင်း ကြိုးစားမှုတွေကို အမေရိကန်က ချီးကျူးခဲ့ပြီး အခုလက်ရှိခရီးစဉ်အတွင်းမှာ ဒီဖေါ်ဆောင်မှုတွေ အောင်မြင်သွားဖို့ အမေရိကန်က ကူညီဆောင်ရွက်သွားမယ်လို့ Ben Rhodes ကပြောပါတယ်။

“အခြား အကဲစမ်းမှုတွေ ရှိပါတယ်။ တိုင်းရင်းသားအုပ်စုတွေနဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ဒါမှမဟုတ် ရခိုင်ပြည်နယ်က အခြေအနေဖြစ်ပါတယ်။ ဒီကိစ္စနှစ်ခုစလုံးမှာ သူ့အနေနဲ့ မကြာသေးမှီက အစီအစဉ်တွေ လုပ်ဆောင်ခဲ့ ပါတယ်။ တိုင်းရင်းသားအုပ်စုတွေနဲ့ ငြိမ်းချမ်းရေးညီလာ ခံခေါ်ယူခဲ့သလို ရခိုင်ပြည်နယ်မှာ နိုင်ငံသားခံယူခွင့် စိစစ်ရေး၊ ရခိုင်ပြည်နယ် ပြဿနာကို အ ကြံပေးနိုင်ဖို့အတွက် ကော်မရှင်တရပ်ဖွဲ့ စည်းခဲ့တဲ့အပြင် အရေးကြီးတာက ကိုဖီအာနန်ကြီးမှူးတဲ့ နိုင်ငံတကာရဲ့ ပါဝင်မှုကို ဖိတ်ခေါ်ခဲ့ခြင်းပါပဲ။ သူ့အနေနဲ့ နိုင်ငံတွင်းမှာ အရေးကြီးတဲ့ ကိစ္စရပ်တွေကို ကြိုးစား ကိုင် တွယ်ဖြေ ရှင်းနေတာ ဖြစ်ပါတယ်။ သူရဲ့ အခုလို ကြိုးပမ်းမှုတွေ အောင်မြင်စေဖို့ ကျနော်တို့ လိုလားပါတယ်။ သူ့ရဲ့ ဝါရှင်တန်ခရီးစဉ်အတွင်း ဒီကိစ္စ ရပ်တွေ အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့အရေးဟာ ကျနော်တို့ ဦး စားပေး ဆွေးနွေးသွား ရမယ့်အကြောင်း အရာတွေ အနက်တခုဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ သမ္မတ အိုဘားမား အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီရေးကိုထောက်ခံတဲ့အမေရိကန် အဓိက ပါတီကြီးနှစ်ရပ်လုံးနဲ့ ညှိုနှိုင်း ဆောင်ရွက်သွား မှာဖြစ်တယ်လို့ Ben Rhodes ကသတင်းထောက်တွေကို ပြောသွားပါတယ်။

စက်တင်ဘာလ (၁၄)ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတအိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံပြီးနောက် အမေရိကန် လွှတ်တော်ခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံဖို့ရှိသလို စက်တင်ဘာလ (၁၅)ရက်နေ့ ညနေပိုင်းမှာကျင်းပမယ့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ ညစာ စားပွဲကို တက်ရောက် မှာ ဖြစ်ပါတယ်။

အဲဒီနောက် နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပမယ့် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ (၂၁) နေ့မှာ တက်ရောက်မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

ဒီခရီးစဉ်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကနေ စက်တင်ဘာလ (၁၀)ရက်နေ့မှာ စတင်ထွက်ခွာမှာဖြစ်တယ်လို့ သမ္မတ ရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ အမေရိကန်မရောက်ခင် ဗြိတိန်နိုင်ငံကို ခရီးတထောက် ဝင်ဖို့ရှိတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဥပရောပနိုင်ငံအသီးသီး က မြန်မာသံ အမတ်ကြီးတွေနဲ့ လန်ဒန်မြို့ မှာ တွေ့ဆုံဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG