သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဗြိတိန် ပါလီမန်မှာ စကားပြော


ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန် ဝန်ကြီးချုပ် David Cameron တို့ရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ။ (ဇွန် ၂၁၊ ၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန် ဝန်ကြီးချုပ် David Cameron တို့ရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ။ (ဇွန် ၂၁၊ ၂၀၁၂)

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန် ပါလီမန်ထဲမှာ မကြာသေးခင် မိနစ်ပိုင်းလေး အတွင်းမှာပဲ မိန့်ခွန်းပြောလို့ ပြီးသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို စောင့်ကြည့် နားထောင်နေတဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

အသံလွှင့်နေစဉ် မိနစ်ပိုင်းအတွင်းလေးကပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရဲ့ ဟောခန်းမထဲမှာ မိန့်ခွန်း ပြောပြီးသွားတာ ဖြစ်ပါတယ်။ Westminster ဟောခန်းမကြီးထဲမှာ ပရိတ်သတ်တွေဟာ ခန်းလုံးပြည့်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အောက်လွှတ်တော်ဥက္ကဌ ဂျွန် ဘာကိုး (John Bercow) ကိုယ်တိုင်က ထွက်ပြီးတော့ ကြိုဆိုပါတယ်။

အခမ်းအနား အစမှာလည်း မစ္စတာ ဘာကိုးက အာရှနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂိုလ်တယောက်အနေနဲ့ရော၊ တခါ နိုင်ငံခေါင်းဆောင် မဟုတ်တဲ့ ပုဂ္ဂိုလ် တယောက် အနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဦးဆုံး မိန့်ခွန်း ပြောကြားခွင့် ရတာ ဖြစ်ပါတယ်။ နောက်တခါ Elizabeth ဘုရင်မကြီးကလွဲရင် ပထမဦးဆုံး
အမျိုးသမီးတယောက်အနေနဲ့ မိန့်ခွန်း ပြောခွင့်ရတာ ဖြစ်တယ်ဆိုပြီးတော့ ပြောသွားပါတယ်။

မိန့်ခွန်းကို စပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံအကြီးအကဲ၊ နိုင်ငံ့ခေါင်းဆောင် မဟုတ်တဲ့ သူ့ကို အခုလို မိန့်ခွန်း ပြောခွင့်ပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားစရာ ဖြစ်ခဲ့ရတာကို သူသိတယ်၊ ဒီလိုမျိုး အငြင်းပွားတယ်ဆိုတာဟာလည်း ဒီမိုကရေစီပဲ ဆိုပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အခုလို သူ့ကို ပြောခွင့်ပြုတဲ့အတွက်လည်း ဂုဏ်ယူတယ်ဆိုပြီးတော့ မိန့်ခွန်းရဲ့ အစပိုင်းမှာ ပြောသွားပါတယ်။

ဒီမိန့်ခွန်း အစပိုင်းမှာတော့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း မြန်မာ့လွှတ်လပ်ရေး ကြိုးပမ်းမှုမှာ ဗြိတိသျှအစိုးရနဲ့ ဆက်ဆံခဲ့တဲ့ အကြောင်းတွေကို အခုလို စပြီးတော့ ပြောပါတယ် -

ဒေါ်အောင်ဆန်းစုကြည်အသံ။ "ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဲဒီတုန်းက ဝန်ကြီးချုပ် Clement Atlee ၊ ဗိုလ်ချုပ်ကြီး William Slim တို့နဲ့ ထိတွေ့ ဆက်ဆံ ခဲ့ကြပုံတွေကို စပြီးတော့ ပြောကြားသွားခဲ့ပါတယ်။ မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲမှာ သူ့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်နိုင်ခဲ့တဲ့ အကြောင်းတွေကိုလည်း မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။"

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်နေတဲ့အပေါ်မှာ သူယုံကြည်တဲ့အကြောင်း တွေကိုလည်း ဒီမိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

နောက်တခါ ဗြိတိန် ပါလီမန်က ပြုပြင် ပြောင်းလဲရေးတွေ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေမှာ ကူညီဖို့ အတွက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အသံ။ "အခြေခိုင်တဲ့ ဗြိတိန်ပါလီမန်ရဲ့ အတွေ့အကြုံကို မြန်မာနိုင်ငံက ပါလီမန်မှာလည်း ဒီအတွေ့အကြုံကို မျှဝေပေးဖို့" ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

နောက် အခြေခံဥပဒေကို အလေးထားတဲ့ ဗြိတိန်နိုင်ငံလိုပဲ မြန်မာနိုင်ငံမှာလည်း အများပြည်သူ လေးစား ယုံကြည်တဲ့ အခြေခံ ဥပဒေဖြစ်ဖို့၊ ရှိဖို့ လိုအပ်တယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အခြေခိုင်တဲ့ ဗြိတိန်ပါလီမာန်ရဲ့ အတွေ့အကြုံတွေကို မြန်မာနိုင်ငံကိုလဲ မျှဝေစေချင်တယ်လို့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်၊ တခါ အခြေခံဥပဒေကို အလေးထားကြတဲ့ ဗြိတိန်နိုင်ငံလိုပဲ မြန်မာနိုင်ငံမှာလဲ အများပြည်သူ လေးစားယုံကြည်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ဖို့၊ ရှိဖို့ လိုအပ်တယ် ဆိုတာကိုလဲ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အဲဒါကြောင့်မို့လို့ သူ့ရဲ့ ပါတီ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလဲ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတယ် ဆိုတဲ့အကြောင်းကို ပြောတာမှာလဲ -

ဒေါ်အောင်ဆန်းစုကြည်အသံ။ "၂၀၀၈ ခုနှစ် စစ်အစိုးရ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကို ပြင်ဆင်ရမယ်၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုင်းရင်းသား လူမျိုးတွေ အားလုံးအတွက် ကိုယ်စားပြုတဲ့ အခြေခံဥပဒေအဖြစ် ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

မိနစ် ၂၀ ကျော်ကြာတဲ့ မိန့်ခွန်းထဲမှာပဲ ဗြိတိန်နိုင်ငံကနေ မြန်မာနိုင်ငံကို အကူအညီတွေ ပေးနေတဲ့အကြောင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး အထောက်အပံ့ တွေကို အဓိက ပေးနေတာတွေကိုလဲ အသိ အမှတ်ပြုပြီး ပြောသွားပါတယ်။

မြန်မာနိုင်ငံက လူငယ်တွေ အလုပ်လက်မဲ့ပြဿကို ပြောတာမှာလဲ အဓိကကျတဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေ မြန်မာနိုင်ငံမှာ လိုအပ်နေရုံမက အောက်ခြေကစပြီး ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အလွန်အမင်းကို လိုအပ်နေတယ် ဆိုတာကိုလဲ အခုတခါ မိန့်ခွန်းမှာ ထပ်ပြီး ပြောသွားပါတယ်။

ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ ဗြိတိန်နိုင်ငံက စီးပွားရေး လုပ်ငန်းတွေကလဲ တဖက်တလမ်းနဲ့ ကူညီနိုင်တယ်၊ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပြီးတော့ ဖွံ့ဖြိုးတိုးတက်ဖို့ ကူညီနိုင်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်ပါလီမာန် Westminster ဟောခန်းမကြီးထဲမှာ ဗြိတိန် အထက်လွှတ်တော်က Lord မင်းကြီးတွေ၊ အောက်လွှတ်တော် အမတ်တွေအပြင် ဗြိတိန်ဝန်ကြီးချုပ်နဲ့ အထူး ဧည့်သည်တော်တွေ ခန်းလုံးပြည့် နားထောင်နေကြတဲ့ မိန့်ခွန်းမှာ ထပ်ပြီး ပြောသွားပါတယ်။

မှတ်ချက်။ (မြန်မာဘာသာနှင့် မိန့်ခွန်းအပြည့်အစုံကို မကြာခင် တင်ပြပေးသွားမှာ ဖြစ်သလို ဗီအိုအေ မြန်မာပိုင်းက မနက် ၇ နာရီမှာ ထုတ်လွှင်တဲ့ တီဗွီ အစီအစဉ်ထဲမှာလည်း တင်ပြပေးမှာ ဖြစ်ပါတယ်။)

XS
SM
MD
LG