သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီအရေး ပိုလုပ်နိုင်သူကို အားပေးဖို့ ဒေါ်စုပြော


ဒီမိုကရေစီအရေး ပိုလုပ်နိုင်သူကို အားပေးဖို့ ဒေါ်စုပြော
ဒီမိုကရေစီအရေး ပိုလုပ်နိုင်သူကို အားပေးဖို့ ဒေါ်စုပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ တိုင်းပြည်အာဏာရရေးအတွက်မဟုတ်ဘဲ ဒီမိုကရေစီ တည်ဆောက်ပေးရေးအတွက် ကြိုးစားနေတဲ့ ပါတီသာဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် NLD ပါတီထက်ပိုပြီးလုပ်နိုင်တဲ့ အဖွဲ့အစည်းပေါ်လာရင် ဒီအဖွဲ့ကို ဝိုင်းရံကြရမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီကနေ့ NLD ရုံးချုပ်ရှိရာ ရွေဂုံတိုင်မှာ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ မန္တလေးတိုင်း NLD စည်းရုံးရေးမှူးတွေ တွေ့ဆုံစဉ်မှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

NLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမဲ့ ခုချိန်ထိ အဲဒီရလဒ်အပေါ် အသိအမှတ် မပြုခံရတာကြောင့် အာဏာကိုအရင်ရယူပြီးမှ ဒီမိုကရေစီစနစ် ဖော်ဆောင်မလား၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကိုပဲ ရည်ရွယ်ချက်အတိုင်း အောင်မြင်အောင်လုပ်ဆောင်မှာလားဆိုတဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီဟာ အာဏာရရေးမဟုတ်ဘဲ ဒီမိုကရေစီရေးအတွက်သာ ဖြစ်တယ်လို့ဖြေကြားလိုက်တာပါ။

တိုင်းပြည်မှာအာဏာရဖို့က အရေးကြီးသလား ဆိုတဲ့ အယူအဆတခုဟာ အာဏာသာလျင်အဓိကလို့ဆိုတဲ့ နိုင်ငံရေးဝါဒတခုကနေ ဆင်းသက်လာတာဖြစ်သလို NLD ပါတီဟာ အာဏာအတွက် အဓိကမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒီကနေ့ ဗဟန်းမြို့က NLD ရုံးချုပ်မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ မန္တလေးတိုင်း မြို့နယ် ၃၀ က ကိုယ်စားပြုတက်လာကြတဲ့ NLD စည်းရုံးရေးမှူးတွေနဲ့တွေ့ဆုံစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို NLD ပါတီရဲ့ ရပ်တည်ချက်နဲ့ ရည်ရွယ်ချက်ကို ပြောပြခဲ့တာလို့ NLD ပါတီပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“NLD ရွေးကောက်ပွဲဝင်ခဲ့တာ ဆိုတာကလဲ ဒီမိုကရေစီရဖို့၊ အာဏာကိုယူပြီးတော့ ဒီမိုကရေစီ တည်ဆောက်ပေးဖို့အတွက် အဓိကသာလျင်ဖြစ်တယ်တဲ့။ ဒီမိုကရေစီတည်ဆောက်ခွင့်ရရေးအတွက် ဆောင်ရွက်ခဲ့တာဖြစ်တယ်တဲ့။ ဒါဟာ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားပဲတဲ့။ ဒါကို သေသေချာချာ နားမလည်ဘဲနဲ့ အဖွဲ့ချုပ်ထဲမှာရော၊ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းထားတာ ရှိသလား၊ ဖြစ်ပါသလားလို့ မေးတာတွေကတော့ အဓိပ္ပါယ်မရှိဘူးတဲ့။ အာဏာရရင်ပြီးရော လုပ်ခဲ့တဲ့အဖွဲ့တွေ မြန်မာပြည်သမိုင်းမှာ အများကြီးရှိတယ်တဲ့။ အာဏာရပြီးတော့မှ ပြည်သူလုထုအပေါ် ကတိမတည်တဲ့အဖွဲ့တွေလည်း အများကြီးပဲတဲ့။ ကျမတို့က အဲဒီအဖွဲ့တွေထဲမှာ ဘယ်တော့မှပါမှာမဟုတ်ဘူးတဲ့။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒီမိုကရေစီရဖို့အတွက် ပိုပြီးတော့ထိရောက်တဲ့ ပြည်သူကိုအကျိုးပြုနိုင်တဲ့ အဖွဲ့ကြီးဖြစ်ဖို့ လုပ်မယ်တဲ့။ တကယ်လို့ အခြားနိုင်ငံရေးပါတီတခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထက် ပိုပြီးတော့ ထိရောက်စွာ ဒီမိုကရေစီရရေးအတွက် လုပ်နိုင်တဲ့အဖွဲ့ဆိုတာ ပေါ်လာရင် အဲဒီအဖွဲ့ကို ကျမတို့က ဝိုင်းရံရမှာ ပဲတဲ့။”

NLD ပါတီနဲ့ လူထုဟာ ဘယ်လောက် ထိတွေ့နီးစပ်မှုရှိနေသလဲ၊ ပြည်သူလုထုရဲ့ နိုင်ငံရေး၊ လူမှုရေး အခက်အခဲတွေအပေါ်ကို NLD ပါတီကရော ဘယ်လိုကူညီ ဖြေရှင်းနေသလဲဆိုတာတွေနဲ့အတူ အဖွဲ့ချုပ် ကလည်း ဒီအပေါ်မှာ ဘယ်လိုကူညီနိုင်မလဲ ဆိုတာတွေအပြင် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုသိဖို့အတွက် အခုလို တိုင်းနဲ့ပြည်နယ်တွေက NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံနေတာဖြစ်တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် မန္တလေးတိုင်းတွင်း တွေ့ကြုံနေရတဲ့ နိုင်ငံရေးအခြေအနေ၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေနဲ့အတူ သဘာဝပတ်ဝန်းကျင် ကိစ္စတွေကိုပါ မန္တလေးအဖွဲ့တွေက တင်ပြခဲ့ကြတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

“တင်ပြချက်တွေကတော့ ဥပမာ လူတွေဟာ တဖြည်းဖြည်း စားဝတ်နေရေး ကျပ်တည်းလာတဲ့အတွက်ကြောင့် မစားသောက်ရမယ့် ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူစားသောက်နေကြတယ်။ စားသုံးဆီ မသန့်မှုကြောင့်လည်း သွေးတိုးဆီးချိုရောဂါရှင်တွေဟာ မြို့နယ်တွေမှာ တနေ့တနေ့များပြားလာတယ်။ ဒီကြားထဲမှာ ကျန်းမာရေးဆေးကုသစရိတ် မတတ်နိုင်တဲ့အတွက်ကြောင့် လူတွေမှာပိုပြီးတော့ ဒုက္ခရောက်လာတယ်။ အထူးသဖြင့် မတ္တရာမြို့နယ်လို မြို့မှာ အဆိပ်ရှိတဲ့မြွေတွေ အလွန်ပေါလာတဲ့ အတွက်ကြောင့် တောင်သူလယ်သမားတွေမှာ မြွေကိုက်ပြီးတော့ အသက်အန္တရာယ် ဆုံးရှုံးရမှုတွေ ရှိနေတယ်။ အဲဒါကြောင့်လည်း အဖွဲ့ချုပ်က မြွေဆေးရှားပါးတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အပြည့်ဝကူညီနိုင်ခြင်း မရှိသေးဘူးဆိုတဲ့အကြောင်း။ ပြီးတော့ နေပြည်တော်တိုင်းမှာ ဓါတ်ငွေ့ပိုက်လိုင်းနဲ့ တခြားစီမံကိန်းတွေ အသီးသီးလုပ်တဲ့အတွက်ကြောင့် မြေယာသိမ်းမှုတွေဟာ ဘာလျော်ကြေးမှမရဘဲနဲ့ လယ်သမားတွေ အရမ်းဆုံးရှုံးနေရတဲ့အကြောင်းတွေကို တင်ပြပါတယ်။”

ဧရာဝတီမြစ်ဆုံရေကာတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နေမှုအပေါ် NLD ပါတီက ဘယ်လိုကူညီနိုင်မလဲ ဆိုတဲ့ စဉ်းစားချက်တွေအပြင် စီးပွာရေးအခက်အခဲတွေကိုလည်း ပြောပြခဲ့ကြပါတယ်။

“ဧရာဝတီမြစ်ဖျားမှာ မြစ်ဆုံရေကာတာ တည်ဆောက်တဲ့အတွက်ကြောင့် အခုဆိုရင် စဉ့်ကူးလိုမြို့နယ်မျိုး မှာပင်လျင် ရေကြောင်းပြောင်းလဲမှုတွေ ဖြစ်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေဖြစ်နေတယ်။ ဒီဆိုးကျိုးတွေက ဘာတွေဖြစ်မယ်ဆိုတာတောင်မှ အတော်စဉ်းစားရ ခက်နေတဲ့အကြောင်း စသဖြင့် အဲဒါမျိုးတွေ တင်ပြပါတယ်။ နောက်ပြီးတော့ မန္တလေးမြို့ပေါ်မှာ လူထုကွန်ယက်ဖွဲ့ပြီးတော့ လူထုအကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ကိစ္စ၊ လူငယ်တွေဖွဲ့စည်းနေတဲ့ ကိစ္စတွေ၊ အဖွဲ့ချုပ်တွင်း စည်းရုံးရေးလုပ်ငန်း တွေ လုပ်နေတဲ့ကိစ္စတွေ စသဖြင့် အဲဒါတွေကို တင်ပြပါတယ်။”

ဒါကတော့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က ဒီကနေ့ NLD ဗဟိုအဖွဲ့နဲ့ မန္တလေး စည်းရုံးရေးမှူးတွေ အပြန်အလှန် ဆွေးနွေးခဲ့ကြတဲ့အခြေအနေတွေကို ပြောပြခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ၂၀၁၀ နိုဝင်ဘာလထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာခဲ့အပြီး အခုလို NLD ပါတီရဲ့ စည်းရုံးရေးမှူးတွေနဲ့ စုံစုံညီညီ အဖွဲ့လိုက်တွေ့တာဟာ ဒါ ပထမဦးဆုံးဖြစ်သလို လာမယ့်မတ်လ ၁၈ ရက်နေ့အထိ နောက်ထပ် ကျန်နေသေးတဲ့ တိုင်းနဲ့ပြည်နယ်အဖွဲ့တွေနဲ့လည်း NLD ရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

XS
SM
MD
LG