သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို ကနေဒါတက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်


ဒေါ်စုကို ကနေဒါတက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်
ဒေါ်စုကို ကနေဒါတက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်

ကနေဒါနိုင်ငံ အော်တဝါမြို့မှာရှိတဲ့ ကာလီတန် (Carleton) တက္ကသိုလ်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ဖို့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်ချက် တခုအတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေတဲ့သူ၊ တကယ့်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့အတွက် အခုလို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ဂုဏ်ပြုတာ ဖြစ်တယ်လို့ ကာလီတန် တက္ကသိုလ်ရဲ့ အဓိပတိ Dr. Roseann O’Reilly Runte က ပြောပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက် ကနေဒါ စံတော်ချိန် နေ့လယ် ၁၂ နာရီမှာ ကာလီတန် တက္ကသိုလ်ရဲ့ Kailash Mital ခန်းမမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မှာ ဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ဖို့ တက္ကသိုလ် တခုလုံးက ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့တော့ ကာလီတန် တက္ကသိုလ်ရဲ့ အဓိပတိ Dr. Roseann O.Reilly Runte က အခုလို ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ယုံကြည်ချက်အတွက်၊ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့သူပါ။ စိတ်ထဲပေါ်လာမှ သတ္တိမွေးပြီး လုပ်တဲ့သူမျိုး မဟုတ်ပါဘူး။ အရာရာကို သေချာစဉ်းစား သုံးသပ်ပြီးမှ စိတ်ရှည်သည်းခံမှု အပြည့်နဲ့ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာချပြီး လုပ်သင့်တာကို လုပ်နေသူပါ။ သူ့ရဲ့ ယုံကြည်ချက်ကြောင့်ပဲ မိသားစု၊ မိတ်ဆွေသင်္ဂဟတွေနဲ့ နေရတဲ့အချိန် မရှိဘဲ နှစ်ပေါင်းများစွာ တယောက်တည်း အကျယ်ချုပ် ချခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူ့ဘဝရဲ့ အရာရာကို ပေးဆပ်ထားသူပါ။

“ဒါကြောင့် ကျမတို့ ရှင်သန်နေတဲ့ ဒီရာစုနှစ် အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်သူနဲ့မှမတူ ထူးခြားလှတဲ့ ပုဂ္ဂိုလ်တယောက်ပါ။ ဆုံးဖြတ်ချက် ခိုင်မာပြီး ရဲစွမ်းသတ္တိရှိတဲ့ အမျိုးသမီးတဦးပါ။ အကြမ်းမဖက်တဲ့ နည်းလမ်းတွေနဲ့ ဂုဏ်သိက္ခာရှိရှိ တိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။ ကျမတို့ အားလုံးအတွက် သတ္တိ ခွန်အားတွေနဲ့ ငြိမ်းချမ်းခြင်းရဲ့ အလှတရားတွေကို ဦးဆောင်လမ်းပြနေသူလို့ ဆိုရမှာပါ။”

ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် လုပ်ရပ်တွေကြောင့် အခုလို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ရတာ ဖြစ်သလို ဒီလို ချီးမြှင့်ဂုဏ်ပြုခွင့် ရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူရတယ်လို့ ကာလီတန် တက္ကသိုလ် အဓိပတိက ပြောခဲ့ပါသေးတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာတဝန်းမှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ တက္ကသိုလ်ဝန်ထမ်းတွေ အားလုံးအတွက် အားကျဂုဏ်ယူစရာ ပုဂ္ဂိိုလ်တဦးပါ။ သူ့ရဲ့ ရဲစွမ်းသတ္တိ၊ ငြိမ်းချမ်းတဲ့ စိတ်ခွန်အားတွေနဲ့အတူ ဆက်လက်ပြီး အောင်အောင်မြင်မြင် တိုက်ပွဲဝင်သွားနိုင်ဖို့လည်း ကျမ မျှော်လင့်ပါတယ်။”

ကာလီတန် တက္ကသိုလ်ရဲ့ အဓိပတိ Dr. Roseann O.Reilly Runte ပြောသွားခဲ့တာပါ။

ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်တဲ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိတဲ့အတွက် သူမကိုယ်စား နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေမှာ နှစ်မြှုပ်လုပ်ကိုင်နေတဲ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကိုယ်တိုင်တွေ့ဆုံ စကားပြောခဲ့ဖူးတဲ့ ကွန်ဆာဗေးတစ်ပါတီက လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်း ဖြစ်တဲ့ ဖလော်ရာ မက်ဒေါ်နယ် (Flora MacDonald) က ဂုဏ်ပြုမိန့်ခွန်းနဲ့အတူ ဆုကို လက်ခံပေးမှာ ဖြစ်တယ်လို့လည်း သူက ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကြောင့် ၁၉၉၃ ခုနှစ်မှာ ကနေဒါနိုင်ငံ တိုရွန်တို (Toronto) တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့၊ ၁၉၉၅ ခုနှစ်မှာ ကွင်းစ် (Queens) တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ၁၉၉၅ ခုနှစ်မှာပဲ ဆိုင်မွန် ဖရာစာ (Simon Fraser) တက္ကသိုလ်က ချီးမြှင့်တဲ့ ဂန္ဒီဆုတွေ အပါအဝင် ကနေဒါနိုင်ငံက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ များစွာကို ရရှိထားသူပါ။ ၂၀၀၇ ခုနှစ်ကတော့ ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၉၁ ခုနှစ်က နိုဘဲလ် ငြိမ်းချမ်းရေးဆု အပါအဝင် လွတ်လပ်စွာ တွေးခေါ်မှုဆိုင်ရာ Sakharov ဆု၊ Rafto လူ့အခွင့်အရေးဆု၊ အမေရိကန် ပြည်ထောင်စုမှာ အရပ်သူ အရပ်သားတွေကို ပေးအပ်တဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ လွတ်မြောက်ရေးဆု၊ Jawaharlal Nehru ဆု စတဲ့ နိုင်ငံတကာက ချီးမြှင့်တဲ့ ဆုပေါင်းများစွာ ရရှိထားသူ ဖြစ်ပါတယ်။

XS
SM
MD
LG