သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ဆို့မှု ဆိုင်းငံ့ရေး ဆုံးဖြတ်ချက် ဝန်ကြီးကလင်တန် ဒေါ်စုနဲ့ဆွေးနွေး


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖုံးနဲ့ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေ စိတ်ချရအောင် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်နိုင်တဲ့ လုပ်ပိုင်ခွင့်တွေကို ဆက်ပြီး ထားရှိသွားမယ်ဆိုတာ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရေး စိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့လည်း နှစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဒဏ်ခတ်မှုတွေ လျှော့ပေးလိုက်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖုံးဆက်ပြီး အခြေအနေတွေကို နှစ်ဦးသား သုံးသပ်ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးမှာ အဟန့်အတားဖြစ်စေမယ့် ပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို ပစ်မှတ်ထား အရေးယူမှုတွေ ဆက်လုပ်သွားမှာဖြစ်လို့၊ အဲဒီအတွက် အမည်စာရင်းသစ် ပြုစုနေချိန်မှာပဲ သူတို့နှစ်ဦး အမေရိကန်စံချိန် တနင်္ဂနွေ ညပိုင်းက ဖုံးနဲ့စကားပြောဖြစ်တာပါ။

“နိုင်ငံခြားရေးဝန်ကြီး ဟီလာရင် ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၂၀ ရက်နေ့ညက ဖုံးဆက်ခဲ့တာပါ။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို သုံးသပ်ပြီး မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ မကြာခင်က ဆုံးဖြတ်ချက်တွေအပေါ် ဆွေးနွေးခဲ့ပါတယ်။ တာဝန်သိပြီး ပွင့်လင်းမြင်သာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့၊ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေကို အားပေးဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ပစ်မှတ်ထား အရေးယူဖို့ ဆောင်ရွက်ဖို့ လိုအပ်ချက်တွေအကြောင်း ပြောခဲ့ကြပါတယ်။”

နိုင်ငံခြားရေးဌာန ပြောခွင့်ရ အရာရှိတစ်ဦး ပြောသွားတာပါ။ ပြီးခဲ့တဲ့အပတ်တုန်းက နိုင်ငံခြားရေးဝန်ကြီးကလင်တန်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ကြပြီလို့ ကြေညာသွားချိန်မှာပဲ အဲဒီရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာ လူ့အဖွဲ့အစည်းအတွက် လူမှုတာဝန်တွေပါ တပါတည်း တွဲယူလိုတဲ့ ကျင့်ဝတ်ကောင်းတွေ ထားရှိဖို့ တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်ဘက်က အခု လျှော့ပေးလိုက်တာဟာ မြန်မာနိုင်ငံထဲ ပုဂ္ဂလိကပိုင်း လုပ်ငန်းတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အားကောင်းလာဖို့ ဖြစ်သလို လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေကို အားပေးတဲ့လုပ်ရပ်လည်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်းပြန်မလှည့်သွားရအောင်လို့၊ ဥပဒေအရတော့ မြန်မာအပေါ် ဒဏ်ခတ်မှုတွေ ဆက်ထားသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ပါတယ်။

“မကြာခင်လတွေအတွင်းဖြစ်ခဲ့တဲ့ တိုးတက်ပြောင်းလဲမှုတွေဟာ အတိမ်းအစောင်းမခံတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်ပြီး၊ ဒီ ပြောင်းလဲမှုတွေ နောက်ပြန်လှည့်မသွားအောင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တွန်းအားပေးဆောင်ရွက်သွားဖို့ လိုအပ်ချက်တွေကိုလည်း နှစ်ဦး သဘောတူခဲ့ကြပါတယ်။ ဒီအတွက်လည်း အခြေအနေတွေကို စိတ်ချရအောင် အရေးယူ ဒဏ်ခတ်နိုင်တဲ့ လုပ်ပိုင်ခွင့်တွေကို ဆက်ပြီးထားရှိသွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ပါတယ်။”

နှစ်ဦးသား ပြောဆိုကြတဲ့အထဲမှာ တိုင်းရင်းသား ပဋိပက္ခတွေအရေး ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့်တော့ လူမျိုးစုဒေသတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်နိုင်ရေး အတွက် အရေးတကြီး ဆောင်ရွက်ရမယ့် လိုအပ်ချက်တွေရှိတယ် ဆိုတာကို ဆွေးနွေးခဲ့တာပါ။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေ အစပျိုးခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်အကုန်ပိုင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာဘက်က လုပ်ရပ်တချက်ချင်း အပေါ်မှာ အပြုသဘော တချက်ချင်း တုံ့ပြန်သွားမယ်ဆိုပြီး ဂတိကဝတ်ပြုခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ဝါရှင်တန်ကို အစိုးရ တရားဝင်ခရီးအဖြစ် ပထမအကြိမ် လာရောက်တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံပြီး၊ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအပေါ် အရေးယူမှုတွေကို အစိုးရလုပ်ပိုင်ခွင့်အနေနဲ့ လျှော့ပေါ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ အခြေအနေမှာ စိုးရိမ်စရာ လုပ်ဆောင်စရာတွေ ကျန်နေသေးပြီး ဒီအတွက်လည်း ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်ကောင်းလာဖို့နဲ့ တိုင်းရင်းသားအရေးကိစ္စတွေ ဖြေရှင်းနိုင်ဖို့ အမေရိကန် ပြည်ထောင်စုဘက်က အားပေး ထောက်ခံသွားမယ်လို့ ပြောခဲ့ပါတယ်။

XS
SM
MD
LG