သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူပိတ်ဆို့မှု ဆက်ထားဖို့ ဒေါ်စုပြော


အီးယူပိတ်ဆို့မှု ဆက်ထားဖို့ ဒေါ်စုပြော
အီးယူပိတ်ဆို့မှု ဆက်ထားဖို့ ဒေါ်စုပြော

မြန်မာနိုင်ငံမှာ တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေ မဖြစ်ပေါ်သေးတဲ့အတွက် ဥရောပသမဂ္ဂက လက်ရှိ စစ်အစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို မရုပ်သိမ်းသင့်သေးဘူးလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ မြန်မာ့အရေး ထောက်ခံအားပေးကြတဲ့ ဆွီဒင် နိုင်ငံရေးသမားတွေ၊ နိုင်ငံသားတွေနဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ မနေ့က စုပေါင်း ကျင်းပခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို တယ်လီဖုန်းကတဆင့် ပါဝင် ဆွေးနွေးရင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မနေ့ကပြုလုပ်တဲ့ ဆွီဒင်နိုင်ငံက လွှတ်တော်အမတ်တွေ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ၊ သတင်းထောက်တွေနဲ့ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေ ပါဝင်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တယ်လီဖုန်းကတဆင့် ပါဝင် ဆွေးနွေးပြီး သူမကိုမေးတဲ့ မေးခွန်းတွေကို ပြန်လည် ဖြေကြားခဲ့တာပါ။

အခုလို ဆွေးနွေးပွဲ ဖြစ်မြောက်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင် ဆွေးနွေးနိုင်ရေးအတွက် ဦးဆောင် ကြိုးပမ်းပေးခဲ့သူကတော့ ဆွီဒင် Social Democratic ပါတီက လွှတ်တော်အမတ်လည်းဖြစ်၊ လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင်လည်းဖြစ်တဲ့ အိုလေး သိုရဲလ် (Olle Thorell) ဖြစ်ပါတယ်။

“ဒီဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်လည်း တယ်လီဖုန်းကတဆင့် တိုက်ရိုက် ပါဝင်ဆွေးနွေးပြီး မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။ EU ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီအရေး တိုက်ပွဲဝင်မှုတွေအတွက် တညီတညွတ်တည်း ရပ်တည် ပြောဆိုတာမျိုးကို လိုလားတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံအပေါ် လတ်တလော ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ပြန်ရုပ်သိမ်းရေးအတွက် ပြောဆိုသံတွေ ထွက်နေတဲ့အပေါ်၊ အထူးသဖြင့် ဂျာမဏီနဲ့ အီတလီနိုင်ငံတို့က ပြောဆိုနေတာတွေအပေါ် သူမအနေနဲ့ စိုးရိမ် ပူပန်တဲ့အကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ မဖြစ်လာသေးတဲ့အပြင် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ပြန်မလွတ်သေးသ၍ ဒီပိတ်ဆို့မှုတွေအကြောင်း ပြောဆို ဆွေးနွေးဖို့ မသင့်သေးဘူး ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။”

မစ္စတာ အိုလေး သိုရဲလ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ပါတီက နိုင်ငံခြားရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ်နဲ့အတူ ရန်ကုန်မှာ သွားရောက် တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီလောက် တွေ့စဉ်မှာလည်း အလားတူ ပိတ်ဆို့အရေးယူမှုနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကိုပဲ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ မနေ့ကပဲ ဆွီဒင်နိုင်ငံ လွှတ်တော်ရဲ့ နိုင်ငံခြားရေး ကော်မတီမှာ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ မစ္စတာ သိုရဲလ်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ အကြောင်းအရာတွေကို ဒီဆွေးနွေးပွဲမှာ ကျနော်နဲ့ ကျနော်တို့ပါတီက နိုင်ငံခြားရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ်တို့က ပြန်လည် တင်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ မဖြစ်ပေါ်မချင်း EU အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဒီအတိုင်း ဆက်ထားတဲ့ EU ဘုံမူဝါဒ ဆက်လက် တည်ရှိနေရေး ကျနော်တို့ရဲ့ တောင်းဆို ပြောပြချက်တွေကို အလေးပေး စဉ်းစားမယ်ဆိုတာ နိုင်ငံခြားရေးဝန်ကြီးက ကျနော်တို့ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။”

ဒါပေမဲ့ ဒီကိစ္စကို ဆွီဒင်အစိုးရ အနေနဲ့ ဘယ်လို အကောင်အထည် ဖော်သွားမယ် ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ မစ္စတာ သိုရဲလ်က ပြောပါတယ်။

တခြားနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ထားတဲ့ သဘောထား ဘယ်လိုပဲ ပြောင်းလဲနေပါစေ၊ ဆွီဒင်အစိုးရနဲ့ ဆွီဒင်နိုင်ငံသားတွေဟာ မြန်မာ့ဒီမိုကရေစီ အရေးကို အရင်လိုပဲ ဆက်လက် ထောက်ခံ အားပေးသွားမှာပါလို့ သူက ဆက်ပြောပါတယ်။

“ဆွီဒင်နဲ့ တခြား စကန်ဒီနေးဗီးယား တိုင်းပြည်တွေက မြန်မာနိုင်ငံအပေါ် ထားတဲ့ သဘောထားကတော့ အစောကြီးကတည်းက ပြတ်သားပြီးသားပါ။ အဲဒါကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေဘက်က အစဉ်အမြဲ ရပ်တည်သွားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရေး၊ စစ်တပ် အပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ဖို့ စတဲ့ တောင်းဆိုချက်တွေကို ထောက်ခံသွားမယ် ဆိုတာပါပဲ။”

မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ အတွင်းက ရွေးကောက်ပွဲ ကျင်းပပြီး အစိုးရသစ်တရပ် ပေါ်ထွက်လာဖို့ တဖြည်းဖြည်း နီးကပ်လာနေတဲ့ အချိန်မှာ EU အဖွဲ့ဝင် နိုင်ငံတချို့က အခုလို မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ပြန်လည်သုံးသပ်ဖို့ လိုမယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်လာတာပါ။

ဒါပေမဲ့ ဆွီဒင် အပါအဝင် တခြား EU အဖွဲ့ဝင် နိုင်ငံကြီး တော်တော်များများနဲ့ အမေရိကန် ပြည်ထောင်စုတို့က မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်မလာမချင်း ဒီပိတ်ဆို့ အရေးယူမှုတွေကို ဆက်လက် ချမှတ်ထားရမယ် ဆိုတဲ့ မူဝါဒကို ဆက်လက် ကိုင်ဆွဲထားဆဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဒီပိတ်ဆို့မှုတွေဟာ လူနည်းစု စစ်တပ်ခေါင်းဆောင်ပိုင်းနဲ့ သူတို့အသိုင်းအဝိုင်းကိုသာ ထိခိုက်ပြီး ပြည်သူလူထုကို ထိခိုက်ခြင်း မရှိဘူးဆိုတဲ့ သဘောထား ကြေညာချက်ကို မကြာသေးခင်ကပဲ ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG