ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်နဲ့ မြန်မာစစ်အစိုးရအကြား ချုပ်ဆိုထားတဲ့ နားလည်မှု စာချွန်လွှာအရ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ILO က ဖော်ထုတ်နိုင်ခဲ့တာနဲ့ စစ်တပ်အတွင်း ကလေးစစ်သားတွေ အသုံးပြုမှု ပပျောက်ရေး ကိစ္စတချို့ကို ဆောင်ရွက်နိုင်ခဲ့တာတွေဟာ တိုးတက် ကောင်းမွန်တဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှုမြင်တဲ့အကြောင်း ရန်ကုန်မှာ ရုံးထိုင်တဲ့ ILO ရဲ့ မြန်မာနိုင်ငံ ဆက်သွယ် ညှိနှိုင်းရေး တာဝန်ခံ စတိဗ် မာရှဲလ် (Steve Marshall) က ပြောပါတယ်။ မစ္စတာ စတိဗ် မာရှဲလ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဒီတွေ့ဆုံမှုဟာ အပြုသဘောဆောင်ပြီး လက်တွေ့ကျတဲ့အပြင် ILO ရဲ့ လက်ရှိ လုပ်ငန်းစဉ်တွေ ဒေါ်အောင်ဆန်းစုကြည် သိရှိနိုင်အောင် တင်ပြ ဆွေးနွေးနိုင်ခဲ့တဲ့ တွေ့ဆုံမှု ဖြစ်တယ်လို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ရဲ့ ရန်ကုန် ဌာနေကိုယ်စားလှယ် စတိဗ် မာရှဲလ်က ပြောပါတယ်။
အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် အသုံးပြုနေတဲ့ ကိစ္စတွေမှာ သူမ နေအိမ်အကျယ်ချုပ် မကျခင်က အခြေအနေထက် ပိုမို တိုးတက်လာတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်က ကျေနပ်အားရမှု ရှိတယ်လို့ စတိဗ် မာရှဲလ်က ပြောပါတယ်။
“အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် အသုံးချနေတဲ့ကိစ္စ တိုးတက်မှု ရှိလာတဲ့အပေါ် သူမအနေနဲ့ ကျေနပ်အားရမှု ရှိပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ စစ်သားအဖြစ် စုဆောင်းခံရတဲ့ အခါမှာလည်း သူတို့ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာ စစ်အစိုးရ အနေနဲ့ စုံစမ်း ဖော်ထုတ်ပြီး မိဘတွေထံ ပြန်ပို့နိုင်ရေး အတွက်လည်း စစ်အစိုးရဘက်က ဖိဖိစီးစီး လုပ်လာတာကို တွေ့ရပါတယ်။
“ကလေးငယ်တွေကို လက်နက်ကိုင် ပဋိပက္ခတွေမှာ အသုံးပြုနေတဲ့ ကိစ္စဟာ တခြား မြန်မာနိုင်ငံသားတွေ အားလုံးလိုပါပဲ သူမ အလွန်စိုးရိမ် ပူပန်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မကောင်းတဲ့ ကိစ္စပါ။” လို့ ပြောသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နှစ်အတော်ကြာ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတာမို့ အပြင်က အခြေအနေတွေကို အသေးစိတ် အကုန် မသိနိုင်ပေမယ့် ယေဘုယျအားဖြင့်တော့ အခြေအနေတွေကို ခြုံပြီး သိရှိနေပါတယ်လို့ စတိဗ် မာရှဲလ်က ပြောပါတယ်။
“သူမအနေနဲ့ အခြေအနေတွေကို ယေဘုယျအားဖြင့် သိနေတယ်လို့ နားလည်ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့အချက်က မြန်မာစစ်အစိုးရ အနေနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေနဲ့ ပတ်သက်လို့ ILO ကို တိုင်ကြားခွင့် ပြုထားတဲ့ ကိစ္စအပေါ် အများစုက နားလည် သဘောပေါက်နေတဲ့ ကိစ္စပါ။ အဓမ္မ လုပ်အားပေး ခိုင်းစေခံရသူတွေ အနေနဲ့ ILO ထံမှာ တိုင်ကြားနိုင်ပြီး ဥပဒေနဲ့ မှန်ကန်စွာ ဆုံးဖြတ်တာကို ရရှိနိုင်ကြမှာပါ။ ဒါဟာ သိသာတဲ့ တိုးတက်မှုတခု ဖြစ်ပါတယ်။ ဒီအခြေအနေတွေဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းမခံရခင်ကနဲ့ အင်မတန် ခြားနားတဲ့ အခြေအနေတွေပါ။” လို့ ပြောသွားတာပါ။
ဒီတွေ့ဆုံမှုဟာ မြန်မာနိုင်ငံအတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးအတွက် လုပ်ဆောင်နေတဲ့ ILO ရဲ့ လုပ်ထုံးလုပ်နည်း၊ မူဝါဒ ဘောင်အတိုင်း တခြား အဖွဲ့အစည်းတွေ၊ အစိုးရတွေကို တင်ပြဆွေးနွေးတဲ့ ပုံမှန် တွေ့ဆုံ ဆွေးနွေးမှုမျိုး ဖြစ်တယ်လို့ စတိဗ် မာရှဲလ်က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း အကန့်အသတ်နဲ့ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့ခွင့်ပြုဖို့ စစ်အစိုးရဘက်က ပြင်ဆင်နေတာမှာ အခုတော့ အဲဒီ အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေမူကြမ်းကို ရေးဆွဲပြီးနေပြီလို့ ဆိုပါတယ်။
“မြန်မာစစ်အစိုးရ အနေနဲ့ အဲဒီ ဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်တဲ့အတွက် အဲဒါကို သူတို့အနေနဲ့ ပြန်လည် သုံးသပ်နေတယ်လို့ နားလည်ထားပါတယ်။ ဒါကြောင့်လည်း ILO က ကျွမ်းကျင်သူတွေ ရှေ့နှစ် အစောပိုင်းမှာ မြန်မာနိုင်ငံကိုလာပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ အကြံပေးဖို့အတွက် မြန်မာစစ်အစိုးရက ILO ကို ဖိတ်ကြားထားပါတယ်။ ဒီ ဥပဒေမူကြမ်းကို ပါလီမန်အသစ် ခေါ်တဲ့အခါမှာ အဆိုတင်သွင်းဖို့ စစ်အစိုးရဘက်က ပြင်ဆင်ထားတယ်လို့ ကျနော်တို့အနေနဲ့ နားလည်ထားပါတယ်။” လို့ ပြောသွားတာ ဖြစ်ပါတယ်။
ပြည်တွင်း ပြည်ပက ဖိအားပေးမှုတွေ အပါအ၀င် ILO ဌာနချုပ်ရဲ့ ဖိအားပေးမှုတွေကြောင့် မြန်မာစစ်အစိုးရ အနေနဲ့ အကန့်အသတ်နဲ့ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် ပြုဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာတော့ ကြာပါပြီ။
ဒီကိစ္စကို တကယ်လက်တွေ့မှာ ဘယ်တော့ စတင် အကောင်အထည်ဖော်မယ် ဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမဲ့ အခုလို စစ်အစိုးရဘက်က ပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်က ကျေနပ်မှုရှိပုံ ရပါတယ်လို့ စတိဗ် မာရှဲလ်က ပြောပါတယ်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ ၀မ်းသာစရာကောင်းတဲ့ အချက်က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုချိန်မှာ သူမကိုယ်တိုင် ပြောနိုင်တဲ့ အခွင့်အလမ်း ရှိနေပြီ ဆိုတာပါပဲ။ ဒါပေမဲ့ ကျနော်နားလည်တဲ့အတိုင်း ပြောရမယ် ဆိုရင်တော့ အခုလို တိုးတက်တဲ့ လက္ခဏာတွေ တွေ့ရတဲ့အပေါ် သူမအနေနဲ့ ကျေနပ်မှု ရှိပါတယ်။ သေချာတာကတော့ တခြား မြန်မာနိုင်ငံသား အများစုနည်းတူ ဒီဥပဒေမူကြမ်းကို ပါလီမန်မှာ တင်သွင်းရုံတင် မကဘဲ တကယ် လက်တွေ့ ကျင့်သုံးတာမျိုးကို မြင်ချင်နေကြပါတယ်။” လို့ ပြောသွားပါတယ်။
အခုနှစ်အတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ကလေးစစ်သား အသုံးပြုမှုတွေအတွက် ILO ထံ တိုင်ကြားမှု အရေအတွက်ဟာ ကိန်းဂဏန်းအရ များလာတယ်လို့ စတိဗ် မာရှဲလ်က ပြောပါတယ်။ ဒါပေမဲ့ ဒီလို အရေအတွက် များလာတာဟာ မတရားမှုတွေ များလာတယ်လို့ ယတိပြတ် မဆိုနိုင်ဘဲ ပြည်သူလူထုက ILO ထံ တိုင်ကြားခွင့်ရှိတယ် ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာကြတဲ့အတွက် ဖြစ်နိုင်တယ်လို့ စတိဗ် မာရှဲလ်က သုံးသပ်ပါတယ်။
တကယ်လက်တွေ့မှာတော့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ မြန်မာနိုင်ငံအတွင်း အရင် ၃ နှစ်လောက်ထက် စာရင် လျော့ကျလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ အောက်ခြေ အစိုးရ ၀န်ထမ်းတွေအကြား ILO က လက်ရှိ လုပ်ဆောင်နေတဲ့ ပညာပေး လုပ်ငန်းတွေရဲ့ အကျိုးသက်ရောက်မှု ဖြစ်တယ်လို့ စတိဗ် မာရှဲလ်က ပြောပါတယ်။