သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာဘ်စားမှုကင်းတဲ့ နယ်စပ် လုံခြုံရေး လိုအပ်


မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိသရွှေ့ အုပ်စုလိုက်ဖြစ်တဲ့ အထိကရုန်းတွေ ဆက်ဖြစ်နေမှာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ်ဖက်မှာ လာဘ်စားမှုကင်းတဲ့ နယ်စပ်လုံခြုံရေးရှိဖို့ အရေးကြီးတယ် ဆိုတာကိုလဲ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသား ဖြစ်သင့် မသင့်၊ အရင် စစ်ခေါင်းဆောင်ဟောင်းတွေ အပေါ် အရေးယူ သင့် မသင့် စတဲ့ သတင်းထောက်တွေရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြားတာကို မစုမြတ်မွန်က စုစည်း တင်ပြပေးထားပါတယ်။

ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ အလုပ်သမားညီလာခံမှာ မိန့်ခွန်း ပြောကြားပြီးတဲ့နောက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကြောင့် တရားဥပဒေ စိုးမိုးမှု ရှိဖို့ ဘယ်လောက် အရေး ကြီးသလဲဆိုတာ ပြသနေတယ် ဆိုတာကို အလေးထားပြီး ဖြေဆိုသွားတာကို တွေ့ရပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပါတ်သက်လို့ စိုးရိမ်သလားဆိုတဲ့ သတင်းထောက် တယောက်က မေးပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာက -

“ရခိုင်ပြည်ဖက်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေ အပေါ်မှာ မြန်မာ တနိုင်ငံလုံးလိုပဲ ကျွန်မစိုးရိမ်တာပေါ့၊ တရားဥပဒေစိုးမိုးမှု ဘယ်လောက် လိုအပ်နေသလဲဆိုတာ ကျွန်မတို့ သင်ခန်းစာယူသင့်တဲ့ ကိစ္စကြီးပါ။ နိုင်ငံထဲမှာဖြစ်နေတဲ့ ပဋိပက္ခတွေ အားလုံး အဆုံးသပ်ရေးအတွက် တရားဥပဒေ စိုးမိုးမှု လိုအပ်တယ်ဆိုတာကို ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထပ်ခါ ထပ်ခါပြောနေတာပါ။ လူတိုင်း လူတိုင်း ဥပဒေရဲ့ အကာအကွယ် ရရပါမယ်။ သူတို့အနေနဲ့လဲ နိုင်ငံရဲ့ ဥပဒေတွေကို လေးစား လိုက်နာဖို့လိုအပ်ပါတယ်။ တရားဥပဒေစိုးမိုးမှု မရှိရင် အုပ်စုလိုက်ဖြစ်ပွားတဲ့ အထိကရုန်းတွေ ဆက်ပြီးဖြစ်နေမှာပါဘဲ။ အခု ဖြစ်နေတဲ့ ပြဿနာကို ပါးပါးနပ်နပ် သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဖို့ လိုပါတယ်။ ကျွန်မတို့နိုင်ငံမှာလိုလားနေတဲ့ ငြိမ်းချမ်းမှု ပြန်ရဖို့ သက်ဆိုင်သူတွေအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုလဲ လိုအပ်ပါတယ်။”

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအဖြစ် လက်ခံသလားဆိုတဲ့ မေးခွန်းမျိုးကိုလဲ သတင်းထောက်တွေ မေးကြပါတယ်။

“နိုင်ငံသားဖြစ်ရေးနဲ့ ပါတ်သက်လို့ အင်မတန် ရှင်းလင်းတိကျတဲ့ ဥပဒေလိုအပ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြေရှင်းဖို့လိုတဲ့ လက်တွေ့ ပြဿနာကို ကျွန်မပြောပါရစေ။ နယ်စပ် တဖက်တချက်မှာ ရှိနေတဲ့ မြန်မာနိုင်ငံဖက်ကရော ဘင်္ဂလားဒေ့ရှ် ဖက်ကပါ ၂ ဖက်လုံး မှာ စိုးရိမ်မှုတွေကြောင့် ခုလို ကြီးမားတဲ့ ပြဿနာကြီးတခု ဖြစ်နေရတယ်လို့ ကျွန်မထင်ပါတယ်။ အဆင်းရဲဆုံး နယ်စပ်ဒေသ ဖြစ်တဲ့အတွက် တရားမဝင် နယ်စပ် ဖြတ်ကျော်မှုတွေ တချိန်လုံး ဖြစ်နေမှာပါ။ ဒီထက် တာဝန်သိပြီး လာဘ်စားမှုကင်းတဲ့ နယ်စပ်လုံခြုံရေး ရှိဖို့ လိုအပ်တယ်လို့ ကျွန်မထင်ပါတယ်။”

ဘယ်လိုလူမျိုးတွေက နိုင်ငံသား ဖြစ်နိုင်သလဲဆိုတာကို ရှင်းရှင်း လင်းလင်းရှိဖို့ လိုအပ်သလို နိုင်ငံသားဖြစ်ခွင့်ရှိသူတွေ အနေနဲ့ နိုင်ငံသားတယောက် ရသင့်တဲ့ အခွင့်အရေးတွေကို အပြည့်အဝ ရရှိဖို့လိုအပ်တယ် ဆိုတာကိုလဲ နောက်ထပ် ရိုဟင်ဂျာတွေ နိုင်ငံသား ဖြစ်သင့်သလားဆိုတဲ့ အမေးမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းပွဲမှာ ဖြေသွားခဲ့ပါတယ်။

မေးခွန်းတွေ အတော်စုံစုံမေးကြတဲ့ သတင်းစာရှင်းပွဲမှာ အရင် စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဘယ်လို ကိုင်တွယ်သင့်သလဲ ဆိုတာကိုလဲ သတင်းထောက်
တယောက်က မေးပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးကော်မရှင် မြန်မာနိုင်ငံမှာ ဖွဲ့လာမယ် ထင်သလား ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာက -

“လောလောဆယ်မှာတော့ အမှန်တရား ဖော်ထုတ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေး ကော်မတီဖြစ်ဖို့ အစီအစဉ်ရှိပုံ မရသေးပါဘူး။ အတိတ်မှာ ဖြစ်ခဲ့တာတွေကို ဘုန်းတော်ကြီး Desmond Tu Tu ပြောသလိုပဲ လက်တုံ့ပြန်မှုကို အခြေခံတဲ့ တရားမျှတမှုမျိုး မဟုတ်ဘဲ အမှားကို ပြန်ပြင်ချင်တဲ့ တရားမျှတမှုမျိုးသာ ဖြစ်သင့်ပါတယ်။ အခုအချိန်မှာတော့ ကျွန်မ အလိုလားဆုံးက ပြန်လည်သင့်မြတ်ရေးပါ။ လက်စားခြေရေး မဟုတ်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာ သူ့ကို လှိုက်လှိုက် လှဲလှဲ ကြိုဆိုကြလို့ အစိုးရ အကြီး အကဲတွေ စိတ်အနှောင်အယှက် ဖြစ်နိုင်သလားဆိုတာနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးနေတာတွေဟာ သိပ်စောလွန်းသေးတယ်လို့ ထင်သလားလို့ ဗွီအိုအေ သတင်းထောက်ရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာက -

“ပထမမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ကျွန်မ ဘယ်လောက် စိတ်လှုပ်ရှားသလဲဆိုတာကို ကျွန်မနိုင်ငံက ခေါင်းဆောင်တွေသိရင် ကျွန်မကို စိတ်အညိုအညင် ဖြစ်မှာ မဟုတ်ပါဘူး။
သနားတောင် သနားမှာပါ။ ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ ပါတ်သက်တဲ့ ဒုတိယမေးခွန်းကို ဖြေရမယ်ဆိုရင် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေ အသေအချာ ရှေ့ဆက်ဖို့က မြန်မာနိုင်ငံသားတွေရဲ့ တာဝန်လို့ ကျွန်မယူဆပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားမှုကြောင့် ဒီလုပ်ငန်းစဉ်တွေ အနှောင့်အယှက် မဖြစ်စေသင့်ပါဘူး။ ဒါကြောင့် ကျွန်မက ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြပါလို့ ကျွန်မပြောနေတာပါ။ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ရုပ်သွားလို့၊ ယာယီ ဖယ်ရှားပေးလို့၊ အသစ်ဝင်လာမဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဒီမိုကရေစီရေးအတွက် အထောက်အကူပဲ ဖြစ်သင့်ပါတယ်။ အနှောင့် အယှက် မဖြစ်သင့်ပါဘူး။”

ဂျနီဗာမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာပဲ ကချင်ပြည်နယ်ဖက်က အခြေအနေနဲ့ ပါတ်သက်ပြီး အပြစ်အခတ် ရပ်ဆဲရုံနဲ့ မလုံလောက်ဘဲ၊ ရေရှည် အဓိပ္ပါယ်ရှိတဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ အဖြေရှာဖို့ လိုအပ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

XS
SM
MD
LG