သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု အာဇာနည်နေ့ အခမ်းအနား တက်ရောက်မည်


ဒေါ်စု အာဇာနည်နေ့ အခမ်းအနား တက်ရောက်မည်
ဒေါ်စု အာဇာနည်နေ့ အခမ်းအနား တက်ရောက်မည်

ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့မှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ၉ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် အာဇာနည်ဗိမာန်ကို ၂ ကြိမ် သွားရောက် ဂါဝရပြုဖို့ ရှိပါတယ်။ မြန်မာအာဏာပိုင်တွေဘက်က အာဇာနည်နေ့ တက်ရောက်ဖို့ တရားဝင် ဖိတ်ကြားခဲ့တာပါ။ အာဇာနည်ခေါင်းဆောင် မိသားစုဝင်တွေနဲ့ နိုင်ငံရေး ပါတီဝင်တွေသာ မကဘဲ ဝါရင့် နိုင်ငံရေးသမားကြီးတွေလည်း အာဇာနည်နေ့ အထိမ်းအမှတ် အလေးပြုဖို့ ရှိနေပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

လာမယ့် အင်္ဂါနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၄ ကြိမ်မြောက် အာဇာနည်နေ့ကို အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ဗိမာန်ကို ၉ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် သွားရောက် ဂါရဝပြုဖို့ ရှိပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မနက်ပိုင်းမှာ မြန်မာအာဏာပိုင်တွေ ဖိတ်ကြားမှုအရ အာဇာနည်ခေါင်းဆောင် မိသားစုဝင် အနေနဲ့ အာဇာနည်ဗိမာန်ကို သွားရောက် ဂါရဝပြုမှာဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ ပါတီ အမှုဆောင်တွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေ အပါအဝင် အာဇာနည်ဗိမာန်ကို ဒုတိယအကြိမ် သွားရောက် ဂါရဝပြုမယ်လို့ ပါတီရဲ့ ပြန်ကြားရေးမှူး ဦးအုန်းကြိုင်က ပြောပါတယ်။

“မနက်ပိုင်း သွားပြီးတော့ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ မိသားစုအဖြစ်နဲ့၊ အထွေထွေ အတွင်းရေးမှူးက အမျိုးသား ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး ဖခင်ကြီးရဲ့ သမီးအဖြစ်နဲ့ တက်ရောက်ပြီး ဂါရဝပြုမယ်ဆိုတာ အဲဒါ သက်ဆိုင်ရာက ဖိတ်ကြားတဲ့ အစီအစဉ်ပါ။ အဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ CRPP အဖွဲ့ဝင်များ၊ ဝါရင့် နိုင်ငံရေး ခေါင်းဆောင်များ၊ နောက် အဖွဲ့ချုပ် ဌာနအသီးသီးက လူငယ်၊ လူကြီး စသဖြင့် ဗဟိုဌာန အသီးသီးက ကိုယ်စားလှယ် အားလုံးပေါင်း ၁၀၀ တို့ဟာ ဂါရဝပြုမယ့် အစီအစဉ်ပေါ့။”

ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်တွေကို ရည်စူးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာရော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာပါ ဆွမ်းကျွေးတရားနာ ပြုလုပ်ဖို့ ရှိပါတယ်။ ဒါ့အပြင် ပါတီရုံးချုပ်မှာ အာဇာနည်နေ့ အခမ်းအနား ကျင်းပဖို့ရှိပြီး ပါတီရဲ့ အာဇာနည်နေ့ နိုင်ငံရေး ကြေညာချက်ကိုလည်း ထုတ်ပြန်ဖို့ ရှိပါတယ်။

“အဲဒီနေ့ အခမ်းအနားကို ၁၁ နာရီမှာ စပါမယ်။ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်မယ်။ သဘာပတိ မိန့်ခွန်းပြောမယ်။ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောပါမယ်။ နောက် အဖွဲ့ချုပ်က အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံရေး ကြေညာစာတမ်းကို ဖတ်ပါမယ်။ နောက် လူငယ်တွေက ကဗျာရွတ်ပါမယ်။”

အခုလို အာဇာနည်နေ့ အထိမ်းအမှတ်ကို အာဇာနည်ခေါင်းဆောင် မိသားစုဝင်တွေနဲ့ နိုင်ငံရေး ပါတီတွေသာ မကဘဲ ဝါရင့် နိုင်ငံရေးသမားကြီးတွေကလည်း အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် သခင်သိန်းဖေရဲ့ နေအိမ်မှာ စုဝေးဖို့ ရှိနေပါတယ်။ သခင်သိန်းဖေရဲ့ အိမ်ကို သွားရောက်ဖို့ ရှိနေတဲ့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က အာဇာနည် ခေါင်းဆောင်တွေ လုပ်ကြံခံလိုက်ရတဲ့ အချိန်က သူ့ကိုယ်တွေ့ အဖြစ်အပျက်ကို အခုလို ပြန်ပြောပြပါတယ်။

“ဘဘက အဲဒီအချိန်တုန်းက မန္တလေးမှာရှိတယ်။ ရန်ကုန်မှာ ၁၀ နာရီခွဲမှာ ပစ်ကြ ခတ်ကြတာ ပြီးပြီဆိုတော့ ၁၀ နာရီ ၄၅၊ မိနစ် ၅၀ လောက်မှာ မန္တလေးကို တယ်လီဖုန်း ရောက်လာတာပဲ။ မန္တလေးကို တယ်လီဖုန်း ရောက်လာတော့ သတင်းက တမြို့လုံး ချက်ချင်း ပြန့်သွားတာပေါ့လေ။ အဲဒီမှာ ငိုကြ ယိုကြတာ မန္တလေးမှာ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးတွေရဲ့ အလောင်းကို ၆ လလောက်ထားတယ်၊ ဂျူဗလီဟော၊ ဖျက်ပစ်ပြီ၊ ဟိုတုန်းကတော့ ဂျူဗလီဟော ခေါ်တာပေါ့လေ၊ ရွှေတိဂုံဘုရားလမ်းမှာရှိတယ်၊ အဲဒီမှာထား။ တနိုင်ငံလုံးကနေပြီး လာပြီးတော့ အလေးပြုနေကြတာပဲ။ အဲဒီတုန်းက လူတွေက အကုန် ပူဆွေးသောက ရောက်ပြီးတော့၊ သတင်းကြားတယ်ဆိုရင်ပဲ အကုန်ထိန်းရတာ။

“ဒါတောင်မှ တချို့ ပြည်သူ့ရဲဘော်တွေက၊ အဲဒီတုန်းက ပြည်သူ့ရဲဘော်အဖွဲ့က ရှိသေးတာကိုး၊ သူတို့က လက်နက်ကလေးလည်း ရှိကြတော့ တချို့ သတိလက်လွတ်နဲ့ ပြင်းထန်ပြီး တောခိုတာတွေ ဘာတွေတောင် ရှိတယ်။ ခေါင်းဆောင်ကြီးတွေကို သတ်တဲ့လူတွေအပေါ် ဒေါသ ဖြစ်ခဲ့ကြတာပေါ့။ ကိုယ်တယောက်တည်း မဟုတ်ပါဘူး။ ဒါ အားလုံး ဖြစ်နေကြတာ။”

ဒါပေမယ့် ၆၄ နှစ်တာ ကြာမြင့်လာပြီဖြစ်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်တွေ လုပ်ကြံခံလိုက်ရတဲ့ အာဇာနည်နေ့အပေါ် ပြည်သူလူထု ခံစားမှုကတော့ လျော့ကျလာတယ်လို့ မြင်တဲ့အကြောင်းလည်း အခုလို ပြောပါတယ်။

“ဟိုတုန်းက အခြေအနေနဲ့ ဆိုရင်တော့ ကွာတာပေါ့လေ။ အခုတော့လည်း လူတွေက ကြာလာလို့ မေ့လာတဲ့ သဘောမျိုးပေါ့။ ဟိုတုန်းကတော့ အစိုးရ ဝန်ကြီးချုပ် ကိုယ်တိုင်က အာဇာနည်နေ့ဆိုရင် သူခေါင်းဆောင်ပြီးတော့ ဖဆပလ အဖွဲ့ချုပ်က လူအုပ်ကြီးတွေနဲ့ သွားပြီးတော့ အာဇာနည်ကုန်း တက်ပြီးတော့ အလေးပြုကြတာကိုး။ အာဏာသိမ်းပြီးတဲ့ အခါကျတော့မှ ဒါတွေက တဖြည်းဖြည်း ပပျောက်ကုန်တာ။”

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတာ ဒီနှစ် ၂၀၁၁ ခုနှစ်မှာဆိုရင် ၆၄ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ လာမယ့် အင်္ဂါနေ့မှာ ကျရောက်မယ့် အာဇာနည်နေ့ အတွက်တော့ မြန်မာအစိုးရကိုယ်စား ရန်ကုန်မြို့တော်ဝန် တက်ရောက်ပြီး ဂါရဝပြုမှာ ဖြစ်ပါတယ်။

XS
SM
MD
LG