သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ ယင်းလပ် ရှင်နာဝပ် အနိုင်ရမှု ဒေါ်စု ကြိုဆို


ထိုင်းရွေးကောက်ပွဲ ယင်းလပ် ရှင်နာဝပ် အနိုင်ရမှု ဒေါ်စု ကြိုဆို
ထိုင်းရွေးကောက်ပွဲ ယင်းလပ် ရှင်နာဝပ် အနိုင်ရမှု ဒေါ်စု ကြိုဆို

ထိုင်းနိုင်ငံမှာ အတိုက်အခံ အမျိုးသမီးခေါင်းဆောင် ယင်းလပ် ရှင်နာဝပ် (YinLuck Shinawatra) ဦးဆောင်တဲ့ ဖွေထိုင်းပါတီ (Pheu Thai) အနိုင်ရသွားတာဟာ ဒီမိုကရေစီ စနစ်အရ လူထုရဲ့ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်တာမို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကြိုဆိုကြပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမျိုးသမီး ခေါင်းဆောင်တဦး အာဏာရလာတဲ့အတွက် ကြိုဆိုလိုက်ပြီး ထိုင်း၊ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပြည်သူချင်း ဆက်ဆံရေး ကောင်းမွန်ဖို့ မျှော်လင့်တယ်လို့ ပြောဆိုသွားပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အမျိုးသမီး အတိုက်အခံခေါင်းဆောင် ယင်းလပ် ဦးဆောင်တဲ့ ဖွေထိုင်းပါတီဟာ ထိုင်း အောက်ခြေလူတန်းစားတွေ၊ တောနေလူထုနဲ့ လယ်သမားထုရဲ့ ထောက်ခံမှုကို ရတဲ့ပါတီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီ စနစ်အရ လူထုအများစုရဲ့ ရွေးချယ်မှုအမှန် ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက မြင်ကြပါတယ်။

ဒီမိုကရေစီနည်းအရ လူထုက ရွေးချယ် တင်မြှောက်တဲ့ အစိုးရကို ကြိုဆိုရမှာ ဖြစ်သလို အမျိုးသမီး ခေါင်းဆောင်တဦး အခုလို အာဏာရတဲ့ အတွက်လည်း နှစ်သက်မိတယ်လို့ ပုဂံမြို့ကို ဘုရားဖူးရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ထိုင်း၊ မြန်မာ ဆက်ဆံရေး ပိုကောင်းလာဖို့အတွက်လည်း မျှော်လင့်တဲ့အကြောင်း ပြောသွားပါတယ်။

“အန်တီတို့နိုင်ငံနဲ့တော့ ပိုပြီးတော့ ဆက်သွယ်ရေး၊ ဆက်ဆံရေး ကောင်းမယ်လို့ မျှော်လင့်ပါတယ်။”

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးသုဝေကလည်း အတိုက်အခံ အမျိုးသမီးခေါင်းဆောင် ယင်းလပ် အနိုင်ရတာကို ကြည့်မယ်ဆိုရင် လူထုက သူတို့အပေါ် ဖိနှိပ်တယ်ထင်တဲ့ အစိုးရ မှန်သမျှကို လက်ခံမှာ မဟုတ်ဘူးဆိုတာ ပြသနေတာလို့ ပြောပါတယ်။ မြန်မာအစိုးရပိုင်းနဲ့ ဆက်ဆံရေးပိုင်းမှာတော့ သိသာထင်ရှားတဲ့ ပြောင်းလဲမှု မရှိနိုင်ဘူးလို့ သူက ယူဆပါတယ်။

“ထိုင်းက ဘယ်အစိုးရပဲ တက်တက်ပါ၊ မြန်မာနိုင်ငံနဲ့တော့ အကျိုးရှိမယ်လို့ပဲ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယင်းလပ်ကလည်း သူ့အကိုလက်ထက် ကတည်းကလည်း မြန်မာပြည်နဲ့ တော်တော် နီးနီးစပ်စပ် လုပ်ခဲ့တာပဲ။ အဲတော့ ကျနော်ယူဆတာကတော့ ဘယ်အစိုးရပဲတက်တက် ထိုင်းနိုင်ငံက မြန်မာနဲ့ ပတ်သက်လို့ အကျိုးအများကြီးရှိတဲ့ တိုင်းပြည်ပဲ။ အဲဒီတော့ မြန်မာနဲ့ ရင်းနှီးအောင်၊ ပိုပြီးတော့ ကောင်းအောင် လုပ်မှာပဲလို့ ယူဆပါတယ်။”

ထိုင်းနိုင်ငံဟာ ပြည်ပရောက် မြန်မာအတိုက်အခံ လှုပ်ရှားသူတွေ အဓိက ပတ်သက်နေရတဲ့နေရာ ဖြစ်တာမို့လည်း ထိုင်းအစိုးရ အပြောင်းအလဲတိုင်းဟာ ပြည်ပရောက် မြန်မာလှုပ်ရှားသူတွေ အတွက်လည်း အရေးပါနေတယ်လို့ ပြောရမှာပါ။ အနိုင်ရတဲ့ ယင်းလပ်ရဲ့ အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) လက်ထက်အတွင်းမှာ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရအကြား စီးပွားရေး ဆက်ဆံမှုတွေ အတော်လေး ကောင်းခဲ့ပါတယ်။ ပြည်ပရောက် အတိုက်အခံတွေနဲ့ ပိုနီးစပ်တာကလည်း အခု ရှုံးနိမ့်သွားတဲ့ ဒီမိုကရက် အစိုးရ ဖြစ်ပါတယ်။

ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဦးညိုအုန်းမြင့်ကတော့ အခု အတိုက်အခံတွေ အနိုင်ရတာဟာ ထိုင်းစစ်တပ်အပေါ် သင်ခန်းစာတရပ် ဖြစ်စေမယ်လို့ မြင်ပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီမိုကရက်ပါတီက ကျနော်တို့နဲ့ ရင်းနှီးတဲ့ပါတီ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုက နေပြီးတော့ စစ်တပ်ကနေ အတင်းအကျပ် ဖိအားပေးပြီးတော့ နိုင်ငံတော်အာဏာကို ယူထားတဲ့ အပေါ်မှာ ထိုင်းပြည်သူတွေက နေပြီးတော့ စစ်တပ်ကို ပထမဆုံး သင်ခန်းစာ ပေးလိုက်တယ်လို့ ပြောလို့ရပါတယ်။ အဲဒီသင်ခန်းစာကတော့ ဒီမိုကရေစီဆိုတာ ပြည်သူရဲ့ ရွေးချယ်မှုဖြစ်တယ် ဆိုတဲ့ဟာ ဖြစ်ပါတယ်။ အဲဒီအတွက် ဒီမိုကရေစီအရ ဆိုရင်တော့ ကျနော်တို့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲကို ကြိုဆိုရမှာ ဖြစ်ပါတယ်။

“ဒါပေမဲ့ တဘက်မှာလည်း အနီရယ်၊ အဝါရယ်ဆိုပြီး ကွဲပြားမှု အင်မတန် ကြီးနေတဲ့ ထိုင်းနိုင်ငံရေး အနေအထား၊ နောက် ပြည်သူတွေ ကြားထဲမှာကို အယူအဆ ၂ ခု ကွဲပြားနေတာက ထိုင်းနိုင်ငံရဲ့ အနာဂတ်အတွက် အန္တရာယ်ရှိသေးတယ်လို့ ကျနော် ထင်ပါတယ်။”

အခု ယင်းလပ်တို့ပါတီက အရင်ကဆို သက်ဆင် ရှင်နာဝပ်ကို လိုလားတဲ့ အုပ်စုတွေပေါ့၊ သူတို့ ပြန်ပြီး အနိုင်ရသွားတဲ့ အတွက်ကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ အတိုက်အခံတွေနဲ့ ဆက်ဆံရေး အလားအလာရော ဘယ်လိုရှိပါသလဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာအတိုက်အခံတွေနဲ့ ဒီမိုကရက်က ပိုနီးစပ်လေ့ ရှိတာကိုး။

“ဟုတ်ပါတယ်။ ဒါလည်း အင်မတန် စိုးရိမ်စရာကောင်းတဲ့ အချက်တချက် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ရှပ်နီ လှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်တပ်နဲ့ ပတ်သက်ပြီး ဝေဖန်ထားတဲ့ အပေါ်မှာ ရှပ်နီ အတော်များများက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ထောက်ခံမှု ရှိတယ်ဆိုတာ တွေ့ရပါတယ်။ နောက်တခုက ထိုင်းနိုင်ငံမှာ တနိုင်ငံလုံးက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အင်မတန်မှ ကြည်ညိုလေးစားမှု ရှိတဲ့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာ ရှိသ၍ကတော့ ပက်ပက်စက်စက် လုပ်ဖို့ သူတို့မှာ အခက်အခဲ ရှိမယ်လို့ ထင်ပါတယ်။”

ထိုင်းနိုင်ငံတွင်း ပုံစံမျိုးစုံနဲ့ ရောက်ရှိနေကြတဲ့ မြန်မာတွေ၊ မြန်မာအလုပ်သမားတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးဖို့လည်း ထိုင်းအာဏာပိုင်တွေနဲ့ အခု ရွေးကောက်ပွဲ အနိုင်ရ ထိုင်းနိုင်ငံရေး အင်အားစုတွေကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

“ကျမတို့က ဒီအချိန်မှာ ထိုင်းကို မှီခိုနေရတဲ့သူတွေ ဖြစ်ပေမဲ့လည်း တချိန်တခါမှာ ကိုယ့်ဘက်ကနေပြီးတော့ ပြန်ပြီးတော့ ကူညီနိုင်မယ့် လက်တွဲပြီး လုပ်ဆောင်ဖို့ အခွင့်အရေးတွေလည်း ရမယ်လို့ ယုံကြည်လို့ ဒီအချိန်မှာ ကျမတို့ရဲ့ ပြည်သူတွေကို မေတ္တာ ကရုဏာနဲ့ ဆက်ဆံပါလို့ တိုက်တွန်းချင်ပါတယ်။”

အခု အနိုင်ရ အတိုက်အခံခေါင်းဆောင် ယင်းလပ် ရှင်နာဝပ်ဟာ နိုင်ငံရေးလောကထဲကို အချိန်တိုအတွင်း ရောက်ရှိပြီး အခုတော့ ဝန်ကြီးချုပ် ဖြစ်လာမယ့် အခြေအနေ ရှိနေပါပြီ။ ဒါဟာ ထိုင်းနိုင်ငံအတွက်တော့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ပါလိမ့်မယ်။

XS
SM
MD
LG