သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD တိုင်းနဲ့ပြည်နယ် အမျိုးသမီးအဖွဲ့နဲ့ ဒေါ်စု တွေ့ဆုံ


NLD တိုင်းနဲ့ပြည်နယ် အမျိုးသမီးအဖွဲ့နဲ့ ဒေါ်စု တွေ့ဆုံ
NLD တိုင်းနဲ့ပြည်နယ် အမျိုးသမီးအဖွဲ့နဲ့ ဒေါ်စု တွေ့ဆုံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တိုင်းနဲ့ပြည်နယ်က အမျိုးသမီးအဖွဲ့ ကိုယ်စားလှယ်တွေဟာ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ဒုတိယ ပင်လုံညီလာခံ ဖြစ်မြောက်ရေးနဲ့ မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး၊ လူမှုရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံညီလာခံ ဖြစ်ပေါ်ရေးထက် ပြည်ထောင်စုစိတ်ဓာတ်လို့ ခေါ်ဆိုရမယ့် ပင်လုံစိတ်ဓာတ် ရှိဖို့နဲ့ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ဖို့ ပိုအရေးကြီးကြောင်း တုံ့ပြန် ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲအကြောင်းကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီးတဲ့နောက်မှာ တိုင်းနဲ့ပြည်နယ်က အမျိုးသမီးအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အခုလို ပြန်လည်ဆုံတွေ့တာ ဒါဟာ ပထမဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို တိုင်းနဲ့ပြည်နယ်က အမျိုးသမီး ကိုယ်စားလှယ် ၂၀၀ ကျော်လောက် တက်ရောက်ခဲ့ပြီး ကယားပြည်နယ်ကတော့ မတက်ရောက်နိုင်ဘူးလို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲမှာ အလေးထား ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာကိုတော့ ပါဝင်တက်ရောက်ခဲ့တဲ့ ဗဟို အမျိုးသမီး လုပ်ငန်းအဖွဲ့ဝင် ဒေါ်လဲ့လဲ့က အခုလို ပြောပါတယ်။

“အမျိုးသမီးတွေက များသောအားဖြင့် တင်ပြတာက ပင်လုံညီလာခံကြီး ဖြစ်ပေါ်ဖို့ကို ပြည်နယ်၊ တိုင်း အမျိုးသမီးတွေက ပြောကြပါတယ်။ ဒါကို တင်ပြတဲ့အခါမှာ သူက ပင်လုံစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ဟာဆိုရင် ပြည်ထောင်စုစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ဆိုတဲ့ နေရာမှာလည်း ပြည်ထောင်စုသား၊ ဗမာတွေလည်း ပါတယ်ပေါ့၊ တိုင်းရင်းသား အားလုံးဟာ လုံခြုံမှုတွေ၊ ညီတူညီမျှမှုတွေ အားလုံး စိတ်ဝမ်းမကွဲဘဲနဲ့ လုပ်ဆောင်ကြရမယ့် စိတ်ဓာတ်ကို သူက ပင်လုံစိတ်ဓာတ်လို့ ပြောပါတယ်။”

နောက် မြန်မာပြည် လူဦးရေရဲ့ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ အရေးကြီးကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးတွေက နိုင်ငံရေးမှာပါဖို့ အရေးကြီးတယ်။ ကျမတို့ နိုင်ငံရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေ ဖြစ်တဲ့အခါကျတော့ အမျိုးသမီးတွေဟာ နိုင်ငံရေးမှာ မဝင်လို့ မဖြစ်ဘူး ဆိုတာကိုလည်း ပြောပါတယ်။ အဲဒီတော့ အမျိုးသမီးတွေ မှန်မှန်ကန်ကန်နဲ့ ကိုယ်လုပ်ဆောင်နိုင်တာကို ဘယ်နေရာကပဲ စလုပ်နိုင် လုပ်နိုင်၊ ဥပမာပေါ့ ကိုယ့်သားသမီးကို ကိုယ်သွန်သင်တာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတာတွေကို လုပ်နိုင်တဲ့ဘက်က စပြီး လုပ်ပေးဖို့၊ ဒါမျိုးတွေကို လမ်းညွှန်သွားပါတယ်။”

ရခိုင်ပြည်နယ်က တက်ရောက်လာတဲ့ အမျိုးသမီး ကိုယ်စားလှယ် ဒေါ်ညိုအေးကတော့ ဒီဆွေးနွေးပွဲမှာ ဂီရိမုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းနဲ့ မြောက်ဦးက ရထားလမ်းကိစ္စတွေကို တင်ပြခဲ့တယ်လို့ ပြောပါတယ်။

“ဂီရိလေဘေးကိစ္စကို ကျမ ဒေါ်စုကို တင်ပြတယ်။ ပြီးတော့လည်း ရထားလမ်းဖောက်တဲ့ ကိစ္စမှာ နန်းတော်ရာပေါ့၊ ဖြတ်ပြီးတော့ ပါသွားမယ့် အနေအထား၊ ရှေးဟောင်းဘုရားတွေ ပါသွားမယ့် အနေအထားရှိတယ်။ အဲဒါတွေကို တင်ပြတယ်။ ဒီတခေါက် ကျမပြန်မှာပါ။ လေဘေးကယ်ဆယ်ရေး ကိစ္စလေ၊ ပြန်လို့ရှိရင် ကျမတို့ ရထားလမ်းနဲ့ ပါသွားမယ့် အနေအထားတွေကို ဘယ်လောက် အတိုင်းအတာအထိ ပါနိုင်တယ်ဆိုတာ မြေပုံဆွဲပြီးတော့ တင်ပြမယ်ပေါ့၊ အဲလို လုပ်ထားပါတယ်။”

တိုင်းနဲ့ပြည်နယ် အသီးသီးက အမျိုးသမီး ကိုယ်စားလှယ်တွေဟာ သက်ဆိုင်ရာ ဒေသက နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး အခြေအနေတွေကို ဒီဆွေးနွေးပွဲမှာ တင်ပြခဲ့ကြပါတယ်။

တနင်္သာရီတိုင်း ကိုယ်စားလှယ် ဒေါ်ခင်အေးမူကတော့ ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးကြတဲ့ အပေါ်မှာ အခုလို သုံးသပ်ပါတယ်။

“အခုမှ အန်တီစုက အမျိုးသမီးတွေနဲ့ တွေ့ပြီးတော့ အခက်အခဲတွေကို သူမေးတယ်။ ပြည်သူ အမျိုးသမီးတွေရဲ့ အသံကို သူနားထောင်တယ်။ အဲဒီအပေါ်မှာ သူက ဆက်လက်ပြီးတော့ အလုပ် လုပ်သွားပါလိမ့်မယ်။ ကျမတို့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေးတွေနဲ့ အမျိုးသမီးတွေရဲ့ အခက်အခဲတွေကို သူက ဖြေရှင်းပေးဖို့အတွက် အစပြုတဲ့ လုပ်ငန်းကြီး တခုပေါ့ရှင်။ ပြောဆိုဆွေးနွေးမှုက နိုင်ငံရေးနိုးကြားပြီး အင်အားတခုလို ဖြစ်လာစေပါတယ်။ ကိုယ့်ရပ် ကိုယ့်ဒေသရောက်ရင် ကိုယ့်အရပ်ဒေသ တိုးတက်ရာ တိုးတက်ကြောင်းနဲ့ အမျိုးသမီးတွေရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဆက်လက် ဖော်ဆောင်သွားရမှာပေါ့။”

ဒီဆွေးနွေးပွဲမှာ အမျိုးသမီးတွေ အများစု တင်ပြခဲ့တဲ့ နောက်တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကိစ္စ ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလို ဆုံးရှုံးရမှာ စိုးရိမ်ကြောင်းကို တက်ရောက်လာသူ ကိုယ်စားလှယ်တွေက တင်ပြခဲ့ကြပါတယ်။

XS
SM
MD
LG